Gain on Aid
Nargis Relief
နှင်းပွင့်၊ ဉာဏ်ကျယ်၊ နားကားလေး၊ ညိုလုံးတို့ရဲ့ နာဂစ်ကယ်ဆယ်ရေး
http://feeds.feedburner.com/~r/blogspot/fvgd/~3/278691381/burma.html
http://feeds.feedburner.com/~r/blogspot/fvgd/~3/278464274/x_27.html
အဆိုးဆုံးအတွက် ပြင်ဆင်
X
http://feeds.feedburner.com/~r/blogspot/fvgd/~3/278405506/x.html
PREPARE for the WORSE.
X
A Scene
၈၈ မတ်လ ကိုဖုန်းမော် သေပြီးနောက်ပိုင်းမှာ သတင်းတွေထွက်လာတာက ကျောင်းသားနဲ့ အရပ်သား ရန်ဖြစ်ကြလို့ လုံထိန်းတွေက ကျောင်းသားတွေကို သေနတ်နဲ့ ပစ်လို့ သေကုန်ကြပြီ စသဖြင့် ပြောဆို နေကြတယ်။ အဲဒီတုန်းက လုံထိမ်းဆိုတာ ဘာလည်းဆိုတာ သိပ်နားမရှင်းခဲ့။ နောက် ရန်ဖြစ်တာနဲ့ ပစ်တယ်။ နောက် သိပ်မကြာပါ။ ကျနော်တို့ ရပ်ကွက် တဖက်ကားလမ်းမှာ ရှိတဲ့ မိန်းထဲမှာ (ရန်ကုန်တက္ကသိုလ် - ပင်မ) ထဲမှာ ဆန္ဒပြကြပါပြီ။ ကျောင်းသားတွေ ကျောင်းဝင်းထဲမှာ တရားဟော၊ ဆန္ဒပြကြတယ်။ အဲသည့်ထဲမှာ စီးကရက် သွားရောင်းတဲ့ သူငယ်ချင်းတွေ ပထမပိုင်းရက်တွေဆို အတော်ကို မြိုးမြိုးမြတ်မြတ်ရကြတယ်။ သူတို့ သွားရောင်းရမှာကို ပျော်နေတယ်။ ၁၆ ရက်နေ့ကျတော့ ကျောင်းသားတွေ အပြင်ကို ချီတက်ကြတာ အင်းလျားကန်ပေါင်မှာ အရိုက်ခံကြရတယ်။ အဲဒီအထဲ သူတို့ပါ ပါသွားတယ်။
သူတို့ အဲသည့်နေ့က အိမ်ကို ပြန်ရောက်တာတောင်း ကံကောင်းလို့ ဆိုရမယ်။ တယောက်၊ နှစ်ယောက်တော့ လုံထိန်းကားပေါ် ပစ်တင်တာခံရပြီး နောက် တရက်နှစ်ရက်ကြာမှ ပြန်လွှတ်တယ်။ အသက် ၁၂ နှစ် ၁၃ နှစ် သာသာရှိပေမယ့် အားလုံး အထုအထောင်း အကန်အကျောက် ခံရတယ်၊ ရောင်းလို့ရသမျှငွေနဲ့ ပစ္စည်းတွေလည်း အသိမ်းခံရတယ်။ အဲဒီမှာ ကျောင်းသား တော်တော်များများ သေတယ်လို့ သူတို့ ပြန်ပြောပြတယ်။
ကျနော် ထင်တာ ၁၆ ရက်နေ့ တံတားနီအရေးအခင်း ဖြစ်ပြီး နောက်တရက်လို့ ထင်တယ်။ အဲဒီနေ့က ကျောင်းသားတွေက ပင်မ၀င်းတံခါးကြီးကို ပိတ်၊ ခုံတွေ ချထားပြီး အဲသည့် တံခါးနားမှာ စုနေတယ်။ နောက် ပိတ်စအဖြူပေါ်မှာ ကျောင်းသားများ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည် လို့ ရေးပြီး အဲဒီအ၀င်ဝရဲ့ ဟိုဖက် ဒီဖက်မှာ ချီပြီးချိတ်ဆွဲထားတယ်။ ကျနော်တို့ ညနေ (၂) နာရီလောက်ကနေ စပြီး ကျနော်တို့ စာတိုက်ရှေ့မှာ ရှိတဲ့ ကားဂိတ်ကနေ သွားကြည့်နေခဲ့တယ်။
တဖြေးဖြေးနဲ့ လုံထိမ်းကား တီအီးကားတွေ အပြည့်နဲ့ တက္ကသိုလ် ဓမ္မာရုံထဲ ထိုးထားပြီး၊ တဖြေးဖြေးနေရာ ယူတယ်။ နောက်ထပ် ဒိုင်နာလို ကားအဖြူ အသစ်စက်စက် အမိုးပွင့်တွေမှာ အနီရောင် ဆေးခြယ်ထားတဲ့ ကြိမ်ဒိုင်းတွေကာပြီး လုံထိမ်းတွေက တက္ကသိုလ်စာတိုက် ရှေ့က ကားဂိတ်ရှေ့မှာ လာထိုးပြီး၊ အားလုံးဆင်းလာတယ်။ နေရာယူတယ်။ နောက် ကျနော်တို့ လူအုပ်စုကို လာမောင်းထုတ်တယ်။ အဲသည်လို နေရာယူတဲ့ အချိန်မှာ ကျောင်းထဲက ကျောင်းသားတွေက လူသတ်ကောင်တွေ၊ ခွေးတွေလို့ လှမ်းအော်တယ်။
အဲသည်အချိန် နိုင်းတူးနိုင်း စလွန်းကာ အနက်တစ်စီးကို ရှေ့နောက် လုံခြုံရေးယူထားတဲ့ ကားနှစ်စီး ညှပ်ပြီးရောက်လာတယ်။ အဲဒီကားတွေက စာတိုက်ရှေ့က နဂိုအ၀ိုင်းနေရာဟောင်းမှာ ရပ်လိုက်တယ်။ ပြီးတော့ အဲဒီကားထဲက လူကြီးတစ်ယောက် ဆင်းလာတယ်။ ကျနော်ဘေးက လူကြီးတစ်ယောက်က အဲဒါ ပြည်ထဲရေးဝန်ကြီး မင်းခေါင်ဆိုတာပေါ့လို့ ပြောပြတယ်။ သူရောက်ပြီး သိပ်မကြာလိုက်ဘူး ကျောင်းသားနှစ်ယောက်က လှည်းတန်းဖက်ကနေ အထုတ်တွေဆွဲပြီး လာနေတာ တွေ့တော့ သူက အဲဒီနှစ်ယောက်ကို သွားခေါ်ခိုင်းတယ်။ အဲသည့်နှစ်ယောက်ကို လုံထိမ်းအုပ်စုက ၀ိုင်းပြီး ဂုတ်က ဆွဲပြီး သူ့အနားကို ခေါ်လာတယ်။
သူက အဲသည်လို ဂုတ်ကမဆွဲနဲ့လို့ လှမ်းပြောပြီး၊ သူတို့ အိတ်တွေထဲက ပစ္စည်းတွေ အထုတ်ခိုင်းတယ်။ သူတို့ဆွဲထုတ်လိုက်တော့ ဆေးလိပ် အစည်းကြီးတွေရယ်၊ ငွေအချို့နဲ့ စာအုပ်တွေ ထွက်လာတယ်။ အဲဒါတွေ အားလုံးသိမ်းခိုင်းလိုက်ပြီး ခုနက ကျောင်းသားနှစ်ယောက်ကို ဓမ္မာရုံဝင်းဖက်ကို ဆွဲခေါ်သွားတယ်။
အဲဒီအချိန်မှာ အထဲကနေ ကျောင်းသားတွေ ဟေ့ငါတို့ လူတွေပါသွားပြီး၊ မင်းတို့ မတရားမလုပ်နဲ့လို့ လှမ်းအော်တယ်။ သူတို့ ဒေါသတွေ အတော့်ကို ထွက်နေတယ်။ သိပ်မကြာပါဘူး ကျနော်တို့ ရပ်ကြည့်နေတဲ့ လူအုပ်ကို လုံထိမ်းတပ်ဖွဲ့တွေက ထပ်ပြီး ခြောက်ထုတ်တော့ ကျနော်တို့ ရပ်ကွက်နဲ့ ကပ်နေတဲ့ မူလတန်းကျောင်းလေးနားကို ထပ်ဆုတ်ရတယ်။ အဲဒါကို တစ်ခါ လိုက်မောင်းထုတ်တော့ ရပ်ကွက်ထဲအထိ ၀င်ပြေးရတယ်။ သိပ်မကြာပါဘူး လူစုခွဲဖို့၊ ကျောင်းတံခါးကို ဖွင့်ဖို့ လောစပီကာကနေ လှမ်းပြောတယ်။ နောက် မျက်ရည်ယိုဗုံး ပစ်သံတွေကြားရတယ်။ ကျနော်တို့ ဖက်ကိုပါ လှမ်းပစ်တော့ ကျနော်တို့ပါ ထပ်ပြေးရတယ်။ အဲဒီမှာတင် သူတို့ ကျောင်းထဲကို လေးဖက်လေးတန်ကနေ ၀င်စီးတော့တာပါဘဲ။
တချို့ ကျနော့်တို့ ရပ်ကွက်ဖက်ကို ဖောက်ပြီးပြေးလာနိုင်တဲ့ ကျောင်းသားတွေရှိတယ်။ မျက်ရည်ယိုဗုံး ဒဏ်ကြောင့် မျက်လုံးတွေယောင်နေပြီး မျက်ရည်တွေကြနေတယ်။ သူတို့ ဒေါသတွေ ထွက်နေကြတယ်။ ကျနော်တို့ ကျောင်းသားတွေကို ဖမ်းကုန်ပြီ၊ ရိုက်ကုန်ပြီ၊ သတ်ကုန်ပြီလို့ သူတို့ ငိုယိုပြီး ပြောကြတယ်။ ကျနော်တို့ အရပ်ထဲက လူတွေကတော့ လက်ကိုင်ပုဝါတွေ၊ ရေစွတ်ပေး၊ တချို့ပြေးလို့ ဒဏ်ရာရသူတွေကို ဆေးထည့်ပေးနဲ့ လုပ်ပေးနေကြပါတယ်။ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရဲ့ မျက်လုံးတွေမှာ ဒေါသအငွေ့တွေ တွေ့ရပေမယ်၊ သူတို့လည်း ဘာမှမတက်နိုင်ကြောင်း မျက်နှာပေးတွေနဲ့ စကားမပြန်ဘဲ ပြန်ကြည့်နေကြတယ်။ အချို့မိန်းမကြီးတွေဆို ငိုပြီး အေး သူတို့က ဒီလိုဘဲ မိုက်ရိုင်းတယ် သားတို့၊ အမေတို့ ငယ်ငယ်ကလည်း သည်လိုအကြိမ်ကြိမ် ကြုံခဲ့ရဘူးတယ်လို့ ပြောကြပါတယ်။
ညနေစောင်း အခြေအနေအေးလောက်မှ အချို့သူတွေလည်း ထွက်ကြည့်ကြတော့ ကျနော်ပါ ထပ်လိုက်သွားခဲ့တယ်။ အဲသည့်နားမှာ ကပ်ပြီးခိုးကြည့်နေသူတွေက ဒေါသကထထွက်၊ မျက်ရည်တွေက ကျပြီး အချုပ်ကားတွေပေါ် တင်သွားတာ အတော်များတယ်။ သူတို့ ကားတွေပေါ်က အော်သွားကြတယ်တဲ့။
ကျနော်တို့ကို ခုနကျောင်းလေးနားကနေ လုံထိမ်းတွေက ဆက်မသွားခိုင်းပါဘူး။ လူအုပ်နဲ့ သူတို့နဲ့ မျက်နှာချင်းဆိုင်ထားတယ်။ တယောက်နဲ့ တယောက် အပြန်အလှန် ဒေါသတွေနဲ့ ကြည့်နေကြတယ်။ အဲဒီမှာ ကျနော်တို့ ရပ်ကွက်သားတွေက အများစုနဲ့ ကျောင်းသားအချို့ ပါပါတယ်။ အဲဒီအချိန်မှာ ခုနက ကျောင်းသားတွေ ပိတ်ထားတဲ့ တံခါးကြီးလည်း ပွင့်နေပါတယ်။ ချထားတဲ့ ခုံတွေလည်း ကျိုးကြေ ပျက်စီးနေပြီး၊ ဖိနပ်တွေ ပြန့်ကျဲနေတာကိုဘဲ တွေ့ရတော့တယ်။ လုံထိမ်းတွေ၊ စစ်သားတွေ ကျောင်းထဲကနေ တယောက်ချင်း တန်းစီပြန်ထွက်လာတာ တွေ့ရပါတယ်။ သူတို့လက်ထဲမှာ ၀ါးရင်းတုတ်တွေ၊ ဒိုင်းတွေကိုင်ထားပါတယ်။ သူတို့ ပြန်ထွက်လာတဲ့ အရေအတွက်က အဲဒီအပေါက်ဝကနေ ထွက်လာတာ ရာဂဏန်းမက ရှိပါတယ်။ ကျောင်းသားတွေ အထဲမှာ ဘယ်လောက် အဖမ်းခံရလို့ သူတို့လူ ဘယ်နှစ်ရာ ၀င်စီးဖို့သုံးခဲ့သလည်း မခန့်မှန်းနိုင်ပါဘူး။
နောက်ဆုံး သူတို့ လမ်းတွေ ပိတ်လိုက်ပါတယ်။ အဲဒီညက နေ၀င်မီးငြိမ်းအမိန့် ထုတ်တယ် ထင်တာပါဘဲ။
ကျနော် အဲဒီတုန်းက (၇) တန်းကျောင်းသား အရွယ်ဘဲ ရှိပါသေးတယ်။ ကျနော်ရဲ့ နိုင်ငံရေးအသိအမြင်တွေ၊ နိုင်ငံအတွက် တခုခုလုပ်ဖို့ လိုအပ်တယ်ဆိုတာကို အစပျိုးစေခဲ့တာ အဲဒီအချိန်တုန်းက အဖြစ်အပျက်တွေပါလို့ ပြောရမှာပါ။ အဲဒီနေ့က မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်ပါ။ ကျနော် မျက်လုံးထဲမှာ ရုပ်ရှင်ကား တစ်ကားလို ပြန်မြင်ယောင် နေနိုင်တုန်းပါပဲ။ ဘာဖြစ်လို့ သူတို့တွေ ဆန္ဒပြကြတာလည်း၊ ဘာဖြစ်လို့ သူတို့ကို ရက်ရက်စက်စက် လုပ်ကြတာလည်း၊ သူတိုတွေက ရန်သူတွေလား စသဖြင့် အဲဒီတုန်းက ကျနော် စဉ်းစားခဲ့မိတယ်၊ မေးခွန်းတွေ မေးကြည့်ခဲ့ဘူးတယ်။ ဘာကြောင့်ဆိုတာ အခု ကျနော် သည်နေ့ သိပါသည်။ ဘယ်သူ့ကြောင့်ဆိုတာ သိပါသည်။
The Place of Diamond of Jubilee
တက္ကသိုလ်စိန်ရတုအဆောက်အအုံ နေရာသည် . . .
တနေ့က အွန်လိုင်းပေါ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံရင်းနဲ့ သူနဲ့ကျနော်တို့ နေထိုင်ခဲ့ကြတဲ့ ရပ်ကွက်ထဲက တချို့ သူငယ်ချင်းတွေ အကြောင်း မေးမိတယ်။ ဒါနဲ့ ကျနော် သည်အကြောင်းအရာလေး ခေါင်းထဲမှာ ပေါ်လာတာနဲ့ ချရေး ဖြစ်ခဲ့မိတယ်။ အဲဒီရပ်ကွက်ကလေးက အခုတော့ အဲဒီနေရာမှာ မရှိတော့ပါ။ အခြားတနေရာကို ရွှေ့သွားခဲ့ပြီ။ သူငယ်ချင်းတွေလည်း ဘယ်တွေ ရောက်ကုန်လို့ ဘာတွေ လုပ်ကိုင်စားကြတယ်။ မသိတော့။ အဲသည့်နေရာက နာမည်မကောင်းပါ။ သို့ပေမယ့် လွမ်းမိပါသည်။ သူငယ်ချင်းကတော့ အဲဒါတွေ ချန်ထားခဲ့တော့တဲ့။
ကျနော်အဖေက ကျောင်းဆရာ တစ်ယောက်ပါ။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် (ပင်မ) အ၀င်ပေါက်နှင့် မျက်နှာချင်းဆိုင်မှာ ရှိသည့် တက္ကသိုလ်အမှုထမ်းများရိပ်သာ (လူအများသိသည်က လိုင်းပေါက်) မှာ အဖေက အိမ်ခန်းတစ်ခန်းရသည့် အတွက် ကျနော် (၄) တန်းနှစ်က စတင်၍ နေထိုင်ခဲ့ရသည်။ တက္ကသိုလ်ဝင်း၊ ဘောလုံးကွင်း၊ ယူတီစီ စစ်တပ်၊ ဘီအိုစီ၊ အင်လျားကန်တို့က ကျနော်တို့ ကျင်လည် ကျက်စားခဲ့ကြရသည့် နေရာများ။ တစ်ခါခါ အဲဒီမှာနေခဲ့တဲ့ သူငယ်ချင်းတွေ အချင်းချင်း နောက်ပြောင်တဲ့ အခါမှာ ဟေ့ ငါတို့က ဆယ်တန်း အောင်စရာမလို၊ တက္ကသိုလ်ကို သွားစရာတောင် မလိုဘူး၊ ရောက်နှင့်ပြီးသား စသဖြင့် နောက်ပြောင်လေ့ ရှိသည်။
တက္ကသိုလ်အမှုထမ်းရိပ်သာဆိုလို့ သိပ်အထင် မကြီးလိုက်ပါနဲ့ ကျနော်တို့ ရပ်ကွက်မှာ (ဆေး၊ ဘိန်းဖြူ၊ ဖဲ၊ ဖာ၊ အရက်ပုန်း) အစုံရသည်။ လူမိုက် ပေါသည်။ တက္ကသိုလ်အမှုထမ်းရပ်ကွက် ဆိုပေမယ့် ပညာရေးဝန်ထမ်း ဆိုသည်မှာက ၀န်ထမ်းများထဲတွင် အမွဲတက အမွဲဆုံး၊ ဒီတော့ အခန်း ငှားစားကြသည်။ လူစုံ၊ နယ်စုံ ပါလာသည်။ ၀င်ငွေ မကောင်းတော့ အဆင့်သင့်ရာ လုပ်ကိုင်စားကြသည်။ သည်တော့ လူဆိုး၊ လူမိုက်၊ ပစ္စည်းစုံ ရသည်မှာ မဆန်းပါ။ နောက် တစ်ခုက ကျနော်တို့ ရပ်ကွက် အပြင်ဖက်က အုတ်တံတိုင်း ကာထားပြီး ညနေစောင်းဆို လူပြတ်သည်။ သည်တော့ တချို့ ခါးပိုက်နှိုက်တို့၊ လုယက်မှုတို့ လုပ်ပြီး၊ ကျနော်တို့ ရပ်ကွက်က ဖြတ်ပြေးတက်သည်။ သည်တော့လည်း နာမည်ကြီးသည်မှာ မဆန်းပါ။
ပညာရေးဝန်ထမ်း သားသမီးများဆိုပေမယ့် တက္ကသိုလ် မတက်နိုင်သူများသည်။ နောက်ဆုံး ဆယ်တန်းအောင် ရင်တောင် ရန်ကုန်တက္ကသိုလ်မှာဘဲ ရရာ ရုံးအကူ၊ စာရေး အလုပ်ကလေး ၀င်လုပ်။ တဖက်က လုပ်သားကောလိပ် (သို့မဟုတ်) စာပေးစာယူတက်ကြရသည်။ နေ့ကျောင်းတက်နိုင်သည့်သူ ရှားသည်။ တက္ကသိုလ်ကြီး အနားမှာ ကြီးခဲ့ကြပေမယ့် အဲသည့်တက္ကသိုလ်ကြီးက ကိုယ့်အတွက် မဟုတ်သလိုလို။ အချို့ကတော့ အဲဒီကျောင်းကြီးမှာ အလုပ်တစ်ခုခု ၀င်လုပ်ကာ သားစဉ်မြေးဆက် အမှုထမ်း အရိုးထုတ်ကြသည်။ အိမ်ခန်းက သည်မှာက အစိုးရစားရိတ်ဆို သက်သာသည်။ မိသားစုနည်းလျှင် အခန်းကန့် ငှားစားပါက ၀င်ငွေတမျိုးရပြန်သည်။ သည်တော့ အဖေတုန်းကလည်း သည်အခန်း၊ သားကြတော့လည်း ထပ်ယူကာ လက်ဆင့်ကမ်းနဲ့ နေလာခဲ့ကြသည်။ ၀န်းထမ်းပြီးရင် ၀န်ထမ်းဆိုတော့ လူမွေးလူတောင်တော့ ဘယ်ပြောင်ရောင် ကြမလည်း။
ကျနော့်တို့ နေရသည့်အခန်းတွေက ဆယ်ပေပတ်လည် ထက်အနည်းငယ်သာ ကျယ်သည့် တဖက်ပိတ် အုတ်တိုက် အိပ်ခန်း။ ရှေ့မှာ ပစ္စည်းထားရန်နှင့် ဟင်းချက်ရန် နေရာအဖြစ် အနံ (၈) ပေလောက်သာ ကျယ်သည့် အခန်းပို တစ်ခုပါသည်။ ရှေ့မှာ ပေ (၂၀) လောက် ရှိသည့် မြေကွက်တစ်ခုပါသည်။ အိမ်သာမပါ။ ရေဘုံဘိုင် မရှိ။ အိမ်သာက အများသုံး ဘုံအိမ်သာများကို လိုင်း အလိုက် ဆောက်လုပ် ပေးထားသည်။ ရေချိုးရန် ရေကန်များ လိုင်းအလိုက် သီးခြားဆောက် ပေးထားသည်။ အိမ်သုံးရန် ရေလှောင်ထားရန်နှင့် သောက်ရေအတွက်တော့ အဲဒီရေကန်တွေက သွားခပ်ထားရသည်။ ရေက မနက်တစ်ခါ၊ ညတစ်ခါ ဖွင့်ပေးသည်။ အိမ်တွေက အင်္ဂလိပ် ခေတ်တည်းက ဟုပြောသည်။ နောက်အကျဆုံး ဖဆပလခေတ်က တည်ဆောက်ခဲ့ပုံရသည်။ ထုတည်ကြီး၍ ခိုင်ခန့်သည်။ နေပူခံ အုတ်ပြားများ မိုးထား၍ အပူသက်သာသည်။ တန်းလျားတွေက စဆောက်စဉ်တုန်းက အတော်ကောင်းမည့် ပုံရသည်။ ပြန်ပြင်တာတောင် နဂို စံနှုန်းခိုင်ခန့်မှုကို မမီတော့။ အိမ်များကို ရာထူး အကြီး၊ အငယ်အလိုက် တစ်ခန်း၊ နှစ်ခန်းတွဲ၊ သုံးခန်းတွဲ အထိရှိသည်။ လိုင်းတွေကိုလည်း အပေါ်လိုင်း၊ အလယ်လိုင်း၊ အောက်လိုင်း၊ အရာရှိလိုင်း ဟူ၍ လိုင်းလေးလိုင်း ခွဲခြားထားသည်။ ဟိုအပေါ်ကနေ အောက်ကို သွားလေ ပိုညစ်ပတ်လေ မသတီစရာ ကောင်းလေဖြစ်သည်။
ကျနော့် သူငယ်ချင်းတွေရဲ့ မိဘတွေက ရာထူးမျိုးစုံ။ ကျောင်းဆရာ၊ ရုံးအုပ်၊ စာရေးကနေ အောက်ခြေ တံမြတ်စည်းသိမ်း၊ သန့်ရှင်းရေး အထိရှိသည်။ အချို့ သူငယ်ချင်း မိဘတွေက ကျောင်းဝင်းအတွင်း၌ သန့်ရှင်းရေး၊ မာလီ၊ ထမင်းချက်၊ ညစောင့် လုပ်ကြရတယ်။ သူတို့တွေက မိဘတွေက အလုပ်သွားလုပ်ရင် သူတို့လည်း လိုက်သွားပြီး ဆေးပေါ့လိပ်၊ စီးကရက်၊ ကွမ်းယာ၊ ချိုချဉ် စသည့်တို့ကို လွယ်အိတ်ထဲ ထည့် ဈေးလည် ရောင်းကြသည်။ ကျောင်း စောစောစီးစီး ထွက်ကုန်သည်က များသည်။ သူတို့က အများစုမှာ ကုလားသူငယ်ချင်းများ ဖြစ်သည်။ အနိမ့်ဆုံး ၀န်ထမ်းများ ဖြစ်သည့်အတွက် လစာကနည်း၊ မိသားစုကများ၊ ဆွေမျိုးသားချင်း တပြုံတမနှင့် အသက်အရွယ်စုံ ပုစုခရုကနေ ၆၀ ကျော် အဖိုးအို၊ အဖွားအို အထိ အဲဒီ တခန်းတွဲ အခန်းကျဉ်းကျဉ်းလေးထဲ ထပ်ခိုးထည့်၊ လွတ်နေတဲ့ မြေမှာ အဖီထုတ် နေထိုင်ကြရသည်။
တခါက ကုလားအဖွားကြီး တစ်ယောက် ကြွက်မြီးတန်းကိုက်လို့ ဆုံးသည်တဲ့။ အဲသည်တုန်းကတော့ ယုံခဲ့သည်။ သူတို့က မြေကသန့်နေအောင် လုပ်ပြီး ဖျာကလေး တစ်ချပ်ခင်းကာ အိပ်တက်ကြသည်။ ကျနော် အခုမှ စဉ်းစားကြည့်တာ အအေးပတ်ကာ ဆုံးတာလည်း ဖြစ်နိုင်သည်။
ပုစုခရုများတဲ့ လိုင်းတွေဆိုရင် ညအမှောင်နဲ့ မနက်စောစော လမ်းလျှောက်တဲ့ အခါ မိုင်းရှောင်ရသည်။ မိုင်းဆိုတာက အဲသည် ပတ်ဝန်းကျင်တွေမှာ ကလေးတွေများတဲ့ အခါကြတော့ အိမ်သာမပို့နိုင်ကြ။ နီးစပ်ရာ အိမ်ဘေးမှာ ရှိတဲ့ မြောင်းဘောင် (သို့မဟုတ်) မြေကြီး အပေါ်မှာ သည်အတိုင်း အီးပါချခိုင်း လိုက်သည်။ သည်ဟာကို နင်းမိရင် ဘယ်ပြေးရမှန်း မသိ။ ရေရှိရာနဲ့ ဝေးနေလျှင်တော့ သွားပြီ။ ကျနော်တို့ ရပ်ကွက် စည်ပင်သာယာက ရပ်ကွက်ထဲမှာ ရှိတဲ့ ခွေးအုပ်စုတွေပေါ့။ သူတို့လည်း တခါတခါ သိပ်များတဲ့အခါ မသိမ်းနိုင်တော့ အစအနတွေ ကျန်ရစ်ခဲ့တာပေါ့။ ကျနော့်တို့က အဲသည့်နေရာတွေကို မိုင်းကွင်းတွေလို သတ်မှတ်တယ်။ မှတ်မှတ်ရရ မိုင်းကွင်းတစ်ခုက ကျနော်တို့ ဘောလုံးကန်တဲ့ မြေကွက်ကလေးရဲ့ နဘေးမှာ။ ဘောလုံးကန်ချင်လျင် မိုင်းအရင် ရှင်းရသည်။
အဲဒီရပ်ကွက်ရဲ့ မနက်ခင်းက သိပ်လှပတယ်။ တကယ့် သုခမြို့တော်ပဲ။ မနက်ထလိုက်တာနဲ့ အများသုံး အိမ်သာမှာ တန်းစီနေကြရတာ။ ကလေး ပုစုခရုတွေက မြောင်းပေါင်တွေ ပေါ်မှာ အခန့်သား အစီအရီ ထိုင်ပြီး မိုင်းစွန့်ကြရတယ်။ အပေါ့သွားချင်တဲ့ ယောက်ျားတွေက အိမ်သာဘေး နံရံအလွတ်တွေကို တွယ်ကြတာပေါ့။ အဲဒါက ကြည့်ချင်ကြည့် မကြည့်ချင်နေဘဲ။ တဖက် (၁၀) ကိုက် လောက်မှာ ရေကန်။ ရေတွင်းတာဆို ပြသနာ ရှိတယ်။ အဲသည်မှာက ရေအလုအယက်ငင် သူနဲ့ ရုံးတက်အမီ ရေလုချိုးနေကြတာ မြင်ရပါလိမ့်မယ်။ အချို့ အိမ်သာတွေက ဆာဗစ်ကျင်း (အိမ်သာကျင်း) က နှစ်ကာလကြာမြင့်မှု၊ ပြုပြင်ထိန်းသိမ်းမှုမရှိတာနဲ့၊ လူအင်အားက နဂိုစဆောက်စဉ်က ဦးရေထက် အဆမတန်များတော့ မနိုင်တော့ပါ။ ဒီတော့ အလွယ်တကူဘဲ ဘေးက ကပ်လျက် ရေဆိုးမြောင်းထဲကို မြောင်းသွယ်ထားလိုက်တယ်။ ဌာနက တာဝန်ယူ ပြုပြင်ထိမ်းသိမ်းမှု မရှိတာ၊ အများသုံးဆိုတော့ ငါပြီးသူလုပ်မယ်ဆိုတော့ ဘယ်သူမှ တာဝန် မယူကြတော့ဘူး။ အဖုံးအကာက မရှိ၊ တံခါးတွေက ပျက်ဆိုတော့၊ အောက်က အိမ်သာအပေါက်ထဲ ကျအောင် မပါချတာက တမျိုးဆိုတော့ ဘေးမှာ အဖိတ်အစဉ်နဲ့ ယင်ကောင် တလောင်းလောင်း၊ လောက်တွေက တဖွားဖွားပေါ့။ အချို့အချို့ဆိုတဲ့ အိမ်သာတွေဘဲ အဲဒီပတ်ဝန်းကျင်က နေထိုင်သူများရဲ့ ကမကထလုပ်မှုကြောင့် အီးအီးပါရင် အနံ့အသက် ရှင်းရှင်းနဲ့ ကြည်ကြည်လင်လင် တက်နိုင်တယ်။ အဲဒီမြောင်းပေါင် သည်ဖက်မှာတော့ မနက်စောစော လက်သုပ်သယ်တို့၊ အကြော်သယ်တို့၊ မုန့်ဟင်းခါးဆိုင်တို့ အပြိုင်အဆိုင် ရောင်းချပြီး ၀ယ်သူဝယ်၊ ရောင်းသူရောင်းနဲ့ မနက်ဆို ကျိတ်ကျိတ်တိုးပေါ့။ ယင်ကောင်လည်း ဂရုမစိုက်နိုင်ကြ။
တခါတခါ ၀မ်းလျှော ၀မ်းပြတ်ဖြစ်ပြီး သေတဲ့ ကလေးတွေရှိတယ်။ အဲဒီမှာ ကိုသန်းဆိုတာ ရှိတယ်။ သူက ကျောင်းမှာ မာလီလုပ်တယ်။ သူ့က ချို့သာချို့တဲ့ ကလေးကတော့ တစ်ဒါဇင်ဘဲ။ သူ့မိန်းမက ဟော့တစ်ယောက် သေရင် နောက်တစ်ယောက်က ဗိုက်ထဲမှာ မပြတ်ဘူး။ သူကလေး တစ်ယောက်ဆို အာဟာရချို့တဲ့တာရော၊ ၀မ်းရောဂါကြောင့်ရော့ နောက်ဆုံး သေတာပါဘဲ။ အဲဒီကလေးဆို မသေခင်ဝမ်းဗိုက်ကြီးက ဖောင်းပြီး၊ သူ့ခြေထောက်တွေ လင်တွေက ဖောယောင်နေတယ်။ ကျနော်တို့က လက်နဲ့ထိုးလိုက်ရင် ပိန်ပိန်သွားလို့ သွားထိုးကြည့်ကြ သေးတယ်။
အဲဒီမှာ ကောင်းတဲ့အလေ့ တစ်ခုကတော့ ၀ါတွင်း တနင်္ဂနွေနေ့တိုင်း အာရုံဆွမ်းလောင်းဖို့ စနေနေ့တိုင်း ဆွမ်းခံထွက်ရတာပါ။ အင်္ကျီဖြူ၊ ပုဆိုးဖြူလေးတွေ ၀တ်၊ ငွေရောင် ခမောက်တွေ ဆောင်းပြီး (၉) ရပ်ကွက်နဲ့ (၁၀) ရပ်ကွက်ကြား ဆွမ်းခံထွက်တာ။ နေပူပူမိုးရွာရွာ ထွက်ကြတယ်။ ကျနော်တို့ ရပ်ကွက်မှာ ပိုက်ဆံရှိတဲ့ အပိုင်းနဲ့ ပိုက်ဆံမရှိတဲ့ အပိုင်းနှစ်ပိုင်း ရှိတယ်။ အရာရှိလိုင်းတွေက ပိုက်ဆံရှိကြတယ်။ ပါမောက္ခတွေ၊ ကထိကတွေ နေတဲ့နေရာ။ တက္ကသိုလ်ကျောင်းဝင်း၊ ဆရာများရိပ်သာ၊ အင်လျားကန်စောင်းမှာ ရှိတဲ့ လူငယ်အင်းလျားလေး၊ ခေမရဋ္ဌ်၊ စိမ်းလဲ့ကန်သာ၊ နိုင်ငံတော်ဧည့်ဂေဟာ၊ နောက်သည် ဖက်မှာဆို ယူတီစီစစ်တပ်၊ ဘီအိုစီလိုင်းခန်း၊ သည်ဖက်ထိပ်ဆို တက္ကသိုလ်ကောင်စီဝင်း လမ်းကြောအတော် ရှည်တယ်။ ပိုက်ဆံတွေ အများကြီးထည့်တဲ့ အိမ်နဲ့တိုးရင် အချင်းချင်းကြွားတာပေါ့။ နောက် ပိုက်ဆံသိပ်ရှိတဲ့ အိမ်ဆို ခွေးက ကြောက်ရသေးတယ်။
နေ့လည် (၁၂) နာရီက ထွက်ရင် ညနေ (၇) နာရီလောက်မှ ပြန်ရောက်ကြတယ်။ အဲဒါ ပစ္စည်းတွေစု၊ ပိုက်ဆံတွေအပ် စာရင်းလုပ်ပြီး ပြန်ရင် ည (၈) ကျော် (၉) နာရီမှ အိမ်ပြန်ရောက်တယ်။ ကျနော်တို့ကတော့ ငယ်တော့ တာဝန်သိပ်မရှိဘူး။ အဲဒီမှာ မှတ်မှတ်ရရရှိတဲ့ လူသုံးယောက်ရှိတယ်။ တစ်ယောက်က ဘကြီးဦးဘပေါ်၊ နောက်တစ်ယောက်က အကိုလို ဆရာလို ဖြစ်နေတဲ့ ကိုအောင်ကျော်၊ နောက် ဘကြီး ဦးသောင်း။ ဘကြီးဦးဘပေါ်ဆိုတာ တကသ (ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ စာရေးလုပ်ခဲ့ဖူးတာ နောက်ပိုင်း အဲသည့်ဓါတ်ပုံတွေ ကြည့်ဖြစ်မှ သူပါလားဆိုတာ သိရတယ်။) သူက စကားနည်းတယ်၊ အလုပ်အများကြီးလုပ်တဲ့သူ။ ကျနော်တွေ့ဖူးချိန်တုန်းက ၆၀ နီးနီးရှိမယ် ထင်တယ်။ ဒါပေမယ့် သူကနောက်ပိုင်းမှာ စားဖိုမှူးလုပ်တယ် ထင်တယ်။ သူတို့က အလုပ်ကြမ်းလုပ်တော့ အသက်မခန့်မှန်းတက်ဘူး။ သူကအဲဒီမှာ လူကြီး။
နောက် ကိုအောင်ကျော်က အဲသည် ဆွမ်းလောင်းအသင်းမှာဘဲနေပြီး ကျောင်းတက်တယ်။ ဆယ်တန်းအောင်တယ်။ ဘွဲ့ရတယ်။ ကိုအောင်ကျော်က နောက်ပိုင်းကျနော်တို့ကို အင်္ဂလိပ်စာ သင်ပေးခဲ့ဘူးတယ်။ အရေးခင်းထဲမှာ သူပါတယ်လို့ပြောတယ်။ နောက်ပိုင်း သူပျောက်သွားတယ်။ သေပြီလို့လဲ ပြောကြတယ်။ သူက အရပ်ထဲက လူငယ်တွေကို ဦးဆောင်ပြီး ကောင်းတာလုပ်ဖို့ အမြဲညွှန်ပြပေးပြီး သူ့ဆို အချို့လူမိုက်တွေက အစ တလေးတစားဆက်ဆံတယ်။ ရပ်ကွက် စာကြည့်တိုက် ဖြစ်အောင်လည်း သူဦးဆောင် လုပ်ပေးခဲ့တယ်။ သူတို့နှစ်ယောက်က ဘယ်သူပျက်ပျက် သူတို့မပျက်ဘူး။ နောက် ဦးသောင်း ခေါင်းက ဆံပင်တွေက တခေါင်းလုံးဖွေးနေပြီ၊ ကွမ်းတမြုပ်မြုပ်နဲ့ ဟင်းချက်ရာမှာ အလွန်လက်ရာကောင်းတယ်။ သူကတော့ စကားပြောတာ နည်းနည်းကြမ်းတော့ အနားမကပ်ရဲကြဘူး။ ဒါက မှန်တာကိုဘဲ ဘွင်းဘွင်း ပြောတက်တဲ့ သူ့ပုံစံကြောင့်ပါ။ သူနဲ့ ဦးဘပေါ်ကတော့ အမြဲတမ်း မိုက်ကရိုဖုန်း ကိုင်ပြီး နိဗ္ဗာန်ဆော် လုပ်ကြရတယ်။
မိုးတွင်းရောက်လာပြီဆိုရင်တော့ ကျနော်တို့ သိပ်ပျော်ကြသည်။ ရေတက်ဦး ငါးစဉ်ရိုင်းတွေ လိုပေါ့။ မိုးရွာရင် ဘောလုံး ကောက်ကိုင်တယ်။ မိုးမရှိရင် ဘောလုံးလည်း မရှိတော့ဘူး။ ကျနော်တို့ ရပ်ကွက် အနောက်ဖက်မှာ တက္ကသိုလ်ဘောလုံးကွင်းနှင့် လေ့ကျင့်ရေးကွင်းတွေ ရှိသည်။ ကျနော်တို့ ရပ်ကွက်ထဲမှ လူငယ်များ ဘောလုံးနှင့်တော့ မပတ်သက်ရင် မနေနိုင်ကြ။ အဲသည့် လေ့ကျင့်ရေး ကွင်းတွေက ကျနော်တို့ အတွက် လေ့ကျင့်စရာ နေရာတွေ ဖြစ်ခဲ့သည်။ ကျောင်းပြန်လာတာနဲ့ ပုဆိုးကို ပုံချွတ် ဘောင်းဘီပြောင်းဝတ်၊ တခါတလေ ကျောင်းပုဆိုးနဲ့ သည်အတိုင်းသွား သူငယ်ချင်းတွေ နောက် အပြေးလိုက်ရသည်။ မိုးတွင်းဆို နေ့တာရှည်တော့ တခါတလေ မှောင်လို့ မှောင်မှန်းမသိ၊ နောက်ဆုံး ရေချိုး အိမ်ပေါ်တက်တော့ ည (၈) နာရီထိုးပြီ။
နံမည်ကြီး အသင်းတွေ လာကစားသည့်အတွက် လေ့လာအတုယူနိုင်ကြသည်။ ကမာရွက်မြို့နယ် ပွဲဆိုလျှင်လည်း ကျနော်တို့ ရပ်ကွက်က အမြဲတမ်းဗိုလ်။ သို့သော် ဖြစ်ဖြစ်မြောက်မြောက် လောက်လောက်လားလား ဖြစ်ခဲ့သည့် ဘောလုံးသမား မရှိခဲ့ပါ။ ကျနော် သိသလောက် အမြင့်ဆုံး တိုင်းလက်ရွေးစဉ်၊ ၀န်ကြီးဌာန လက်ရွေးစဉ်တွေ အထိဘဲရှိခဲ့သည်။ အများစုက ပိုက်ဆံနောက် လိုက်ကြရင်း ကြေးစားအဖြစ် လိုက်ကန်ကြသည်။ လောင်းကြေးထပ်ကစားသည့် ပွဲများမှာပင် အဆုံးသတ်ကြသည်။
လောင်းကစား လုပ်ကြတာက အငယ်ကနေ၊ အကြီးအထိ ပုံစံမျိုးစုံ။ ကျနော်တို့က ငယ်တော့ ကျောက်ဒိုးရိုက်၊ ဂေါ်လီပစ်၊ ပိုက်ဆံလှည့်၊ အန်စာခေါက် ကစားကြသည်။ လူကြီးတွေကတော့ ဖဲရိုက်၊ ကြက်တိုက်နှင့် တအိမ်အိမ်၊ တချောင်ချောင်မှာ လုပ်လေ့ရှိသည်။ နောက် အမှတ်ရမိတဲ့ ရပ်ကွက်ကောင်စီ လူကြီးက ဦးကျော်ခင်။ သူက ရပ်ကွက်သားတွေ အပေါ် အလွန်ကျင်နာတက်သည့်သူ။ အဲသည်တုန်းက ရဲက သတင်းရလို့ လိုက်လာပြီး ဖဲဝိုင်း၊ ကြက်ဝိုင်း ဖမ်းတဲ့အခါ သူကိုခေါ်ရင် သူက အဲသည့်လူအုပ် ပြေးနိုင်လောက်တဲ့ နေရာကနေ ဟေ့ကောင်တွေ မပြေးနဲ့ဆို အော်ပြောတယ်။ သည်တော့ အားလုံးပြေးကြပြီ။ သူကိုယ်တိုင်တွေ့ရင်လည်း မင်းတို့နော် မင်းတို့နော်ဆိုတာ လောက်နဲ့ ခေါ်ပြီး ဆုံးမတယ်။ နောက်သူပြောတာက ငါ့ရပ်ကွက်သား မနာစေချင်ဘူး၊ မနာစေချင်အောင်လည်း နေကြလို့ ပြောလေ့ရှိတယ်။ သည်တော့ ရဲက အဲသည်လို ကိစ္စမျိုးအတွက် လာရင် သူ့ကို မခေါ်တော့ဘူး အကြောင်းအမျိုးမျိုးပြ ထားခဲ့တယ်။ သူက ရပ်ကွက်ကောင်စီ ဥက္ကဌအဖြစ် သက်တမ်း အတော်ရှည်သည်။ သူ့လက်ထက်မှာ တခုခု လုပ်လို့ ဒဏ်ပေးရင်ပဲဖြစ်ဖြစ်၊ အမှုရှိရင်ဘဲ ဖြစ်ဖြစ် သာမန်ကိစ္စဆို အရပ်ထဲမှာဘဲ ရအောင်ရှင်းသည်။ ပေါင်းသင် မြတ်နုတ် အလုပ်လောက်သာ ခိုင်းပြီး ပြန်လွှတ်တက်သည်။ လူငယ်တွေက သူ့ကို ချစ်တယ်၊ လူမိုက်တွေက သူ့ကိုတွေ့ရင် ခေါင်းမဖော်ရဲဘူး။ နောက် သူ့လက်ထက်မှာ သန့်ရှင်းရေးက အစ တနိုင်တပိုင် စိတ်ပါလက်ပါ အားလုံးကူညီ လုပ်ကိုင်ကြတယ်။
သူ့နောက်တက်လာတဲ့ လူတွေကတော့ နေရာလည်း ကြာကြာမမြဲသလို၊ ကြီးတဲ့အမှုပိုကြီးအောင်၊ သေးတဲ့အမှု ရုံးရောက်အောင်ဆိုတဲ့ လူစားမျိုးတွေ ဖြစ်တယ်။ အဲသည်ထဲက တစ်ယောက်က နံမည်က ဦးစိန်သောင်း။ သူလူကြီးဖြစ်လာတော့ အရပ်ထဲက လူတွေပါးစပ်မှာ စွဲကျန်ခဲ့တာက အဒီအချိန်က ခေတ်စားတဲ့ ပြတ်လုံးဖြစ်တဲ့ မှားပါတယ် ကိုစိန်သောင်းရယ်တဲ့ ။
အခုတော့ အဲသည့်ရပ်ကွက်ကြီးလည်း မရှိတော့။ အဲသည့်နေရာကနေ အဆင့်မြင့် အိမ်ယာဆိုပြီး လေးထပ်တိုက် အတွဲများ သမိုင်းကျောင်းဝင်းထဲမှာ နေရာ ပြန်ချပေးခဲ့ပါသည်။ အဲဒီရပ်ကွက် နေရာမှာ တက္ကသိုလ် စိန်ရတုအဆောက်အအုံကြီး အစားထိုးခဲ့သည်။ အရေးအခင်း ကာလပြီးကတည်းက ဖယ်ချင်ခဲ့တာ။ ဒါပေမယ့် တခြား အပြင်မှာ ရှိတဲ့ရပ်ကွက်တွေ ဖယ်နေရတော့၊ နောက်ဆုံးကျန်နေတဲ့ အဲသည့် ရပ်ကွက်ကို ၁၉၉၄ လောက်မှ စတင်ဖယ်ဖြစ်ခဲ့သည်။ တခုအကြောင်းပြတာ မြို့တော် အင်္ဂါရပ်နဲ့ မညီညွတ်ဘူး၊ နောက်တခုကတော့ တိုးတက်လာတဲ့ ၀န်ထမ်းအရေအတွက်နဲ့ လုံလောက်အောင် အထပ်မြင့် အဆင့်မြင့် အဆောက်အအုံတွေ ဆောက်ဖို့ လိုအပ်တယ်ဆိုပြီး နေရာရွေ့ခဲ့တာပါ။ စိန်ရတုဆိုတာလည်း ကျောင်းသားတွေကို ပျားရည်နဲ့ ၀မ်းချဖို့ ဖန်တီးတာပါ။ တချက်ခုတ် သုံးလေးချက်ပြတ် သဘောနဲ့ လုပ်တာပေါ့။
ဘယ်သူတွေ ခံရလည်းဆိုတော့ ဆင်းရဲပြီး၊ မိသားစုများတဲ့ သူတွေ ခံရတော့ပေါ့။ အစိုးရ အမှုထမ်းဆိုတော့လည်း သူတို့ရွှေ့ဆိုတော့လည်း ဘာအာခံနိုင်မှာတုန်း။ သမိုင်းကျောင်းဆောင် ၀င်းထဲက ကုန်းခေါင်ခေါင် ချောင်ထဲမှာ အထပ်မြင့်မြင့် တွေတင်ပြီး ဆွဲရွှေ့လိုက်တာပါ။ ရွှေ့တဲ့အချိန်မှာ တိုက်အားလုံးက မပြီးသေးတဲ့ အတွက် နောက်ဆုံးပြောင်းတဲ့ အဆင့်နိမ့် ၀န်ထမ်းတွေ ပိုခံရတာပေါ့။ သူတို့ကို ကုန်းခေါင်ခေါင်မှာ အရိပ်အကာ မရှိဘဲ သွပ်ပြားမိုးတွေနဲ့ ယာယီနေထိုင်စေခဲ့တယ်။ တိုက်မှာ နေသူတွေက ရေမတက်တဲ့ ပြသနာ၊ အခန်းကျဉ်းတဲ့ ပြသနာ၊ အလုပ်ဆင်းတဲ့ နေရာက ပိုဝေးလာတဲ့ ပြသနာတွေ ရင်ဆိုင်ရတာပါပဲ။ နောက် ကျောင်းတွေမှာ သပိတ်မှောက် ဆန္ဒပြလို့ လမ်းတွေပိတ်ရင် သူတို့လည်း ခံရတာပါပဲ။ နောက် သမိုင်းကျောင်းဝင်းကို အရင်က ကျောင်းဖွင့်ရင် ပြေးနေကြ လိုင်းအချို့က ကျောင်းပိတ်ရင် အဲသည့်ထဲ မ၀င်တော့ဘူး။ သည်တော့ သူတို့နေရာကနေ ကားဂိတ်ရောက်ဖို့ အတော်လမ်းလျှောက် ရတာပေါ့။
ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းကြီးကလည်း ၈၈ ကစလို့ တဖြေးဖြေး ကျောင်းသားအုပ်စုတွေ ခွဲထုတ်လာရာမှာ ၉၆ နောက်ပိုင်းမှာ အဆောင်ထားတဲ့ စနစ်လုံးလုံး မရှိတော့ဘူး။ ၉၈ နောက်ပိုင်းမှာ သမိုင်းကျောင်းဆောင်ဝင်းမှာ ရှိတဲ့ အဆောင်တွေမှာ ကျောင်းသား လုံးလုံး လက်မခံတော့ဘူး။ ကျောင်းဆောင်မှာ ထမင်းချက်တဲ့ သူက အနည်းဆုံး ထမင်းကျန်၊ ဟင်းကျန် အိမ်ပြန်သယ်နိုင်တယ် ဆိုရင်ပဲ တဖက်က ကာမိတယ်။ အခုတော့ အဲဒါတွေလည်း မရှိတော့ဘူး။ နောက် အရင်က ကျောင်းသား ရှိတဲ့အတွက် ကျောင်းကင်တင်းန်မှာ ဆိုင်ဖွင့်ဖွင့်၊ သာမန် လွယ်အိတ်ကလေး လွယ်ပြီးရောင်းရင် ဖြစ်ဖြစ် နေတွက်ကတော့ စီတယ်။
ကျနော် စဉ်းစားကြည့်မိတာက တက္ကသိုလ်တွေက ပိုပိုဝေးဝေးသွားတယ်။ အချို့လည်း အဲသည့်နေရာတွေ အထိ ပါသွားမယ် ထင်တာပါဘဲ။ သူတို့လည်း ပိုပိုဝေးဝေး သွားကြမှာ ပေါ့လေ။ ပိုပိုနစ်ကြရမှာပေါ့။ အရင်ကလို အဖေပြီးတော့ သား၊ သားပြီးတော့ မြေး အစဉ်အဆက် အခြေတကျ နေထိုင် လက်ဆင့်ကမ်း လုပ်ဆောင်တာတွေ ပျက်သွားပြီးလို့ ထင်ရတာပါဘဲ။ လူဆိုတာတော့ အသက်ရှင် ရပ်တည်ရေး အတွက် လှုပ်ရှားရုန်းကန် နေကြရမှာ အမှန်ပါ။ ဒါဟာ ဘ၀လို့ အဆုံးသတ်ရမလို ဖြစ်နေတယ်။ သူတို့ထက် ဆိုးတဲ့ အခြေအနေတွေ အများကြီး အများကြီး ရှိပါသေးတယ် ဆိုတဲ့ ဖြေတွေး တွေးမိပါသေးတယ်။ ဒါပေမယ့် တချိန်က ဖြတ်သန်းကြီးပြင်း ခဲ့ရတဲ့နေရာတစ်ခုကိုတော့ အမှတ်ရနေဆဲပါ။ အခုအချိန်မှာ အဲဒီ တက္ကသိုလ်စိန်ရတုဝင်း ဆိုတဲ့ နေရာကို ပြန်ကြည့်ရင် ကျနော် မြင်မိတာ ပန်းခြံတစ်ခုလောက်တောင် အသုံးမ၀င်၊ အနှစ်မရှိ ဘလာသက်သက်နဲ့ နေရာတစ်ခုအဖြစ် လက်ရှိတည်ရှိနေပါတယ်။
The Burmese Way to Democracy
ဒီလမ်းပြမြေပုံက ...ဒီလိုနဲ့ ပွဲသိမ်းကြရမှာလား။ မဟုတ်ပါ။ ဒါဆို ...
အမြင်သစ် သတင်းစာ (၂၀၀၃၊ စက်တင်ဘာ)
The Cloud
တိမ်
Rendering from Jackson Pollock
ဂျက်ဆင်ပူးလော့ကို ထပ်မံခံစားခြင်း
Snapshot
ကျနော် ဓါတ်ပုံဆရာ တစ်ယောက် မဟုတ်ပါ။ ကျနော် ဓါတ်ပုံရိုက်ရတာကို ၀ါသနာပါတယ်။ နောက် ပြင်ဆင်ပြီး ရိုက်ရတာထက် စာရင် ဖြတ်ခနဲ ခေါင်းထဲကို ၀င်လာတဲ့ အရာကို၊ မျက်လုံးထဲကို ၀င်လာတဲ့အကြောင်းအရာကို ချက်ချင်း ရိုက်ယူလိုက်တယ်။ ပြီးရင် ပြန်ကြည့်တိုင်း ပြန်ကြည့်တိုင်း၊ အနည်းဆုံး စိတ်အပမ်းပြေတယ်၊ အတွေးအခေါ်သစ်တွေ ရတယ်။ အခု ကျနော် ရိုက်ထားတဲ့ ပုံက သာမန် ဒစ်ဂျစ်တယ် ကင်မရာတစ်လုံးနဲ့ ရိုက်ထားတဲ့ ပုံတွေပါ။
I am not a photographer. But I love to take the photo. I just want to record anything catch in my mind or eyes. I don't like to prepare to shoot or prepare to think what subject. When I look my snapshots, there I get back enjoyment and new inspiration every time. Photos I show here was took by a simple digital camera.
Evening Shadow (အရိပ်-ညနေခင်း)
The 81st Anniversary of University of Rangoon (2001)
ရန်ကုန်တက္ကသိုလ် နှစ် (၈၁) ပြည့်အထိမ်းအမှတ် တီရှပ်အတွက် ဆွဲပေးခဲ့တာ။ မူလရေးဆွဲသူက ပြည်တွင်းက ဖြစ်ပြီး သူ့ရဲ့စဉ်းစားချက်ဖြစ်ပါတယ်။ ကျနော်က ပြန်ကူးဆွဲရုံဆွဲတာပါ။ ဘွဲ့နှင်းသဘင် ခန်းမကြီး မိုးထဲလေထဲ ဖြတ်သန်းနေတယ်။
This painting was originally drawn by an unknown artist from Burma. The idea and concept is his/her own. I was just drawn for reproduction in 2001. It is print on T-shirt. The Convocation Hall (one of the landmark in Rangoon University Campus) is under the heavy storm and flood.
My Creation - Banner
ကျနော်လုပ်ခဲ့တဲ့ နဖူးစည်းများ
၂၀၀၇
၂၀၀၄
Wednesday
ထူးခြားတဲ့ ဗုဒ္ဓဟူး
ဗမာတွေလိုဘဲ ဗုဒ္ဓဟူးနေ့ကို နှစ်ပိုင်းပိုင်းထားတယ်။ သပိတ်ကို လက်နှစ်ဖက်နဲ့ ပိုက်ထားတဲ့ မတ်ရပ်တော် ဗုဒ္ဓရုပ်ပွားက မနက်ပိုင်းကို ကိုယ်စားပြုပြီး၊ ညနေပိုင်း ဗုဒ္ဓရုပ်ပွားက မျောက်တစ်ကောင်ဆီက ပျားသလပ်နဲ့ ဆင်တစ်ကောင်ဆီက ရေအလှူကို လက်ခံနေတဲ့ ဟန်ကို ကိုယ်စားပြုပါတယ်။ ဗမာမှာတော့ ဗုဒ္ဓဟူးနဲ့ ရာဟုကို ဂြိုဟ်တိုင် အဖြစ် ဆင်နှစ်ကောင်နဲ့ ခွဲခြား သက်မှတ်ပါတယ်။
အခု အဲဒီထူးခြားတဲ့ ဗုဒ္ဓဟူးနေ့ကို အနုပညာတင်ပြမှု တစ်ခုအဖြစ် ပြုလုပ်ပါမယ်။ မည်သူမဆို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ အခုလာမဲ့ ဗုဒ္ဓဟူးနေ့က စပြီး ဗုဒ္ဓဟူးနေ့တိုင်း လာမဲ့ မတ်လ (၂၆) ရက်နေ့အထိ ဓါတ်ပုံတွေရိုက်ပြီး အောက်မှာ ပါတဲ့ လိပ်စာကို ပို့ပေးနိုင်ပါတယ်။ လူအများပါဝင်နိုင်တဲ့ ထူးခြားတဲ့ ဗုဒ္ဓဟူးနေ့တင်ဆက်မှုအတွက် ပို့လာတဲ့ ဓါတ်ပုံတွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မီနီမယ် ဂယ်လယ်ရီမှာ မတ်လ ၂၆ ရက်က၊ ၃၀ ရက်အထိ ပြသမှာ ဖြစ်ပါတယ်။
ဓါတ်ပုံတွေ ပို့လိုတယ်ဆိုရင် အဲဒီဓါတ်ပုံတွေကို ဘယ်အချိန်မှာ ရိုက်ကူးခဲ့တာလည်း ဆိုတာကို ဖော်ပြပေးရပါမယ်။ ကိုယ့်ရဲ့ အမည်၊ ဆက်သွယ်ရမယ့် လိပ်စာတွေကတော့ မိမိဆန္ဒအရ ပေးနိုင်ပါတယ်။
ဓါတ်ပုံများကို မတ်လ ၂၆ ရက် နောက်ဆုံးထားပြီး ယခုလိပ်စာသို့
wednesdayproject@gmail.com ပေးပို့နိုင်ပါသည်။
အခုပေးထားတဲ့ အင်တာနက်စာမျက်နှာ http://www.reart.net/ မှာလည်း အသေးစိပ် အချက်အလက်တွေကို သွားကြည့်နိုင်ပါတယ်။
ကဲဒါဆို လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ပြန်ဆုံကြရအောင်။
"WEDNESDAY PROJECT" Designed by Jun'ichiro ISHII.
http://www.reart.net/ +66 (0)87 789 6923
Supported by ComPeung Village of Creativity, http://www.compeung.org /
+66 (0)87 694 8483
Exhibition 26 – 30 March 2008 @ Minimal Gallery,
Closing Party @ 29 March 2008, 8 pm - midnight
http://minimalgallery.org
Minimal Gallery, Nimmanhemin 13,
Chiang Mai
ComPeung
www.compeung.org
compeung@yahoo.com
Tel: +66 (0) 87 694 8483
PO Box 27 Doi Saket Post Office,
Chiang Mai, Thailand 50220
A Great Loss for the Country
တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခု
ဖထီးမန်းရှာ ဒီနေ့ အလုပ်ကြံခံရလို့ ကွယ်လွန်သွားတယ်။ ဘယ်သူလက်ချက် ဆိုတာ အတိအကျ မသိရသေးပေမယ့် ဖထီး ကျဆုံးမှုဟာ ကျနော်တို့ တိုင်းပြည်အတွက်၊ ကရင့်တမျိုးသားလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ရပ် ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်သူ တစ်ယောက်၊ သူ့ဘ၀တစ်လျှောက်လုံး ကရင့်တော်လှန်ရေး၊ ဒီမိုကရေစီအရေးအတွက် မြုပ်နှံလုပ်ဆောင်ခဲ့သူ တစ်ယောက် ဆုံးရှုံးရတာပါ။
ဖထီး ခင်ဗျား ... ...
စစ်အစိုးရအောက်မှ အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူအားလုံး အမြန်ဆုံး လွတ်မြောက်စေဖို့၊
စစ်အာဏာရှင်စနစ် ကျနော်တို့နိုင်ငံမှာ လုံးဝချုပ်ငြိမ်း ပပျောက်သွားစေဖို့၊
ပြည်တွင်းစစ် ကင်းဝေးစေဖို့အတွက် ကျနော် အလေးအနက် သံန္နိဋ္ဌာန်ပြုအပ်ပါတယ်။
ကျော်ဝင်း
To Ko Nay Phone Latt
ကိုနေဘုန်းလတ်သို့
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆ
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
for Year 2008
for Union Day and Bogyoke Birthday
သည့်နေ့က (၆၁) နှစ်ပြည့် ပြည်ထောင်စု နေ့၊ သမိုင်းတွင်တဲ့ နေ့တနေ့။ ဒါပေမဲ့ ပြည်ထောင်စု ဆိုတဲ့ အရသာ ကောင်း မကောင်း မသိရ၊ အဆိုးတွေ နှင့်သာ ရင်ဆိုင် ရသည်။ မနက်ဖြန် မြန်မာနိုင်ငံ ကလေးများနေ့၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ (၉၃) နှစ်မြောက် မွေးနေ့။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ ကျောင်းသား ခေါင်းဆောင် ဘ၀က ပြောခဲ့တဲ့ စကားတချို့ အမှတ်တရ ဖြစ်အောင် ကောက်နုတ် ဖော်ပြ လိုက်ပါတယ်။+++++
ခေတ်ကလည်း ပြောင်းလာ၏၊ ပြဿနာကလည်း ပြောင်းလာ၏။ ငါတို့ကား မပြောင်းသေးပေ။ အမြင်အားဖြင့် လျှပ်စစ်ဓါတ်၊ မီးရထား၊ လေယာဉ်ပျံ၊ မော်တော်ကားတို့ဖြင့် တိုးတက်သော ခေတ်သစ်ဖြစ်ပေ၏။ သို့ရာတွင် ငါတို့ကား လှေ၊ လှည်း၊ ဗုံ၊ မောင်း တို့ဖြင့် ဆွေးနေသော ရှေးခေတ်ဟောင်းကို မပစ်လိုကြသေးပေ။ ဤအချင်းအရာက ကမ္ဘာနှင့်အ၀ှမ်းတွင်လည်း ရှိသေး၏။ ဗမာပြည်တွင်ကား အ၀ှမ်းများစွာရှိ၏။ ရှေးဟောင်းအသံ၊ ရှေးဟောင်းဝါဒတို့ကား ယခုတိုင်ရှိသေး၏။ အင်မတန် တိမ်သော အမျိုးဘာသာသာသနာ ဟူသော စကားတို့ကို ယခုတိုင်ငါတို့ သုံးလျက် ရှိသေး၏။ ကျောင်းသားဆိုလျှင် စာဖတ်ပြီးလျှင် စာမေးပွဲအောင်ရုံသာ ထင်လျက် ရှိကြသေး၏။ ဤထက်မှားအပ်သော အယူဝါဒက မရှိတော့မည်။
+++++
သပိတ်မှောက်သည် ဆိုသည်မှာ ကလေးကစားစရာ မဟုတ်၊ ကျွန်ုပ်သဘောတူ၏။ သို့သော် မိမိကိုယ်ကို ကာကွယ်ရန် လူသတ်မှုပင် လွတ်နိုင်သည်ဟု ဥပဒေက ဆိုထားပါလျက် ငါတို့၏ လိုလားချက် နစ်နာချက်များအား တရားနည်းလမ်းရှိသမျှ လိုက်၍ မရလျှင် သပိတ်အဘယ်ကြောင့် မမှောက်ထိုက်အံ့နည်း။ မှောက်ထိုက်သည်သာ။
+++++
ယခင်အခါများထက် ငါတို့ အမျိုးသမီးများသည် ပိုမို၍ ဖျတ်ဖျတ်လပ်လပ် အမြင်ကျယ်ကျယ် အမျိုးသားလုပ်ငန်းကို လုပ်သင့်လှပြီ။ ကျွန်ုပ်ကား ရှေးအယူသန်သူ မဟုတ်၊ မိန်းမဆိုလျှင် လင်ယောက်ျား၏ ကျွန်ပမာထင်သော စိတ်ယုတ်၊ စိတ်ညံ့ကို မတိုက်တွန်း မကြိုက်နှစ်သက်။
(တတိယအကြိမ် ဗကသ ပုသိမ်ကွန်ဖရင့်တွင် ဥက္ကဋ္ဌ ကိုအောင်ဆန်း ပြောကြားသော အဖွင့်မိန့်ခွန်းမှ၊ ကိုအောင်ထွန်း - မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း - စာ-၁၂၈-၁၃၈)
Future Burmese Coin 1
တိုင်းပြည်ရဲ့ မဝေးတော့တဲ့ အနာဂတ်အတွက် ရည်စူးပြီး လုပ်ထားတဲ့ အကြွေစေ့လေးပါ။ အနည်းဆုံး ပိုက်ဆံ (၅) ပြားကနေ စလုပ်ထားတာ တန်ဖိုးနည်းအောင်လို့ မဟုတ်ပါ။ တိုင်းပြည်သူ ပြည်သားများ ငွေကြေး တည်တည် ငြိမ်ငြိမ်နဲ့ အဖိုး (၅) ပြား ကတောင် အသုံးဝင်တယ် ဆိုတဲ့ သဘောပါ။ ဒီမိုကရက်တစ် တိုင်းရင်းသားများ ဆိုတာကလည်း ရှေ့မှာ တိုင်းပြည်ကို ဘယ်ပုံ အမည်ပေးကြမယ် ဆိုတာ မသိသေးတဲ့ အတွက်၊ ပညာရှင်များနဲ့ အများပြည်သူအားလုံး သဘောသာ ဖြစ်တာကြောင့် အခုလို အမည်ပေးကြည့်တာပါ။ နောက်ထပ် အကြွေစေ့များ လုပ်လိုရင် ကျနော့် ဆီကို ပြောနိုင်သလို မူရင်းဖိုင်ကို တောင်းခံ နိုင်ကြောင်းပါ။ အောက်မှာပါတဲ့ လိပ်စာတွေကနေ ဘယ်လို လုပ်သလဲဆိုတာ ကိုယ်ဖာသာ စမ်းသပ်ကြည့်နိုင်ပါတယ်။http://tutorials20.com/graphics/image-on-a-coin/
http://www.rnel.net/tutorial/Photoshop/2759
The Beautiful Evening of T4T
သီးလေးသီးရဲ့ ဆေးရောင်စုံည
ပထမတော့ ကျနော် အဲဒီညနေ အလုပ်တစ်ခုကြောင့် မကြည့်နိုင်တော့ဘူးလို့ ဖြစ်နေတာ နောက် အလုပ်ချိန်ကို နည်းနည်းနောက် ရွေ့နိုင်လို့ ကြည့်ဖြစ်သွားတယ်။ သွားမယ်ဆိုတော့ မြေပုံကို ကြည့်လိုက်တာ အင်းဒီမြေပုံအတိုင်း ရောက်ပါ့မလားလို့ စိတ်ကထင်မိတယ်။ ကဲဒါနဲ့ အိမ်ကနေထွက်တော့ ၄း၃၀။ မြေပုံထဲက အ၀ိုင်းကို ရောက်တော့ ၄း၄၅ ဖြစ်နေပြီ။ အဲဒီမှာလည်း ပွဲသွားကြမယ့် လူတွေ စုရုံးစုရုံးနဲ့ လမ်းရှာမတွေ့ ဖြစ်နေတယ်။ ဟာငါတို့ နောက်ကျနေပြီ။ ဒါနဲ့ လမ်းပြမယ့်လူနဲ့တွေ့လို့ ခမ်းမကို ရောက်တော့ ၅း၀၀ စွန်းစွန်းဖြစ်သွားတယ်။ အင်း မြေပုံဆိုတာလည်း ပညာပါတာဘဲ။ မြေပုံအညွန်းက ထိုင်းလို ရေးထားတာဖြစ်ပြီး လာသူအများစုက ဗမာ၊ နေရာက အသစ်၊ အရပ်မျက်နှာ အညွန်းမပါ။ ၀င်ပေါက်ကြီး နှစ်ပေါက်ရှိတာ တစ်ပေါက်ဘဲ ဖော်ပြ။ နောက်ထင်ရှားတဲ့ အဆောက်အအုံ အမှတ်အသားဆိုလို့ နာရီစင် တစ်ခုသာပါ။ အဲဒီနာရီစင် ကယ်ပေလို့သာ။ နောက် လမ်းမှာ သွားဖို့ ညွန်းထားတဲ့ စာရွက်က ခပ်သေးသေး။ အော် ဒါကြောင့် နောက်ကျ ကျတာကိုး။
အထဲရောက်တော့ ပွဲက မစဖြစ်သေး။ လူစောင့်နေရလို့ ထင်ပါ့။ ဒါပေမယ့် အထဲမှာလည်း လူတော့ အတော်စုံနေပါပြီ။ ၅း၅၀ လောက်မှာ ပွဲစဖြစ်ပါတယ်။ ကျနော်တို့ ထုံးစံ မြန်မာစံတော်ချိန်အတိုင်း နောက်ကျမှ စဖြစ်ပါတယ်။ ပွဲဦးထွက် ဆိုသလို အခြေအနေအရပ်ရပ်ကြောင့် နောက်ကျရတဲ့ အကြောင်း တောင်းပန်စကားဆိုပါတယ်။ ဒါလည်း ကျနော်တို့ လုပ်နေကျ အလုပ်တစ်ခုလို ဖြစ်နေတယ်။ ကျနော်ကိုယ်တိုင်လည်း အမြဲနောက်ကျတဲ့ အတွက် စာရေးရင်းဘဲ ဖြစ်ဖြစ်၊ စကားပြောရင်ဘဲ ဖြစ်ဖြစ် အမြဲလိုလို ပြောရတာက "I am really sorry for my late." "I am sorry for my late response." စသဖြင့် စသဖြင့် အမြဲတောင်းပန် ရတယ်။ အင်း အဲဒီနေ့ကတော့ ငါပြင်ရမယ်၊ ငါပြင်ရမယ်၊ ငါတို့ ပြင်ရမယ်။
အဖွင့်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို ဂုဏ်ပြုသီချင်း ဆိုတော့ ကြက်သီးမွေးညင်းတွေပါ ထောင်ထလာတယ်။ ကိုယ်ကိုယ်တိုင်ပါ ပါးစပ်က လိုက်ရွက်နေမိတယ်။ နောက်ထပ် ခွန်အားတွေ ထပ်ပြည့်၊ ဇာတိမာန်ကို တက်စေတာက ကိုဂေါ်ဇီလာ အားနဲ့မာန်နဲ့ သီဆိုသွားတဲ့ "တို့နဂါးနီ"ပါ။ ငှားထားတဲ့ ခမ်းမက သာမန်အစည်းအဝေး ခမ်းမမျိုးဖြစ်လေတော့ ဇာတ်စင်က ကျဉ်း၊ အသံထိမ်းချုပ်မှု မကောင်းမွန်တာကြောင့် အတော့်ကို ဆူပါတယ်။ စိန်ကက်ဆက် (ကွန်ပျူတာကို လူရွှင်တော်တွေက အမည်ပေးထားတာပါ။) ကလည်း အခွေကြောင့် ခဏခဏကြောင်ဆိုတော့ ခဏခဏရပ်ကာ ပရိသတ်ကို ခဏခဏ ပွဲဆက်မပျက်အောင် ထိန်းကြပါတယ်။ ဒါပေမဲ့ ပရိသတ်ကတော့ မငြီးငြူကြပါဘူး၊ လက်ခုပ်လက်ဝါး တစ်ဖြောင်းဖြောင်းတီး အားပေးကြပါတယ်။
နောက်ထပ် မှတ်မှတ်ရရ ဖြစ်ရတာက ဦးရွှေရိုးနဲ့ ဒေါ်မိုးအကပါ။ အမြဲတမ်း မရိုးတဲ့၊ ဟာသနှောပြီး ကိုယ့်ယဉ်ကျေးမှုကို ပြောပြနိုင်တဲ့ ကကွက်တစ်ခုပါ။ မြန်မာ ချာလီချက်ပလင် အကလို့ဘဲ ဆိုရမလား မပြောတက်ပါ။ ကိုကြယ်သီးနဲ့ မချောစုမျိုးတို့ ကျကျနန ကပြသွားတာပါ။
သင်္ကြန်ဆို မပါမဖြစ်တဲ့ သံချပ်အလှည့်ကို ရောက်တော့ စိတ်ထဲ ဘ၀င်မကျမိတာ တစ်ခုရှိပါတယ်။ သံချပ်တွေမှာ အမြဲဆိုသလို အမျိုးကိုထိမ်းဖို့ စောင့်ရှောက်ဖို့ ဆိုတာကိုပါ။ ဒါပေမယ့် အမျိုးသမီးတွေကိုဘဲ အဓိကထားပြောဆိုတာ တွေ့ရပြီး၊ အမျိုးသားကို ဝေဖန်ချက်မပါတာကိုပါ။ အတွေးပွါးမိတာက ငါတို့ အမျိုးသားတွေကြတော့ကော။ နောက် ငွေတစ်ခုတည်းကို မကြည့်ဖို့၊ စာရိတ္တကောင်းဖို့၊ အမျိုးကို သိဖို့ ဆိုတာ သိပ်မှန်ပါတယ်။ သို့သော် ယခုလို အစဉ်မပြေသည့် ကာလမျိုးမှာ အစစအရာရာ စုတ်ပြတ်နေသည့် ကာလမျိုးမှာ ဒါတွေကို ထိန်းသိမ်းဖို့ဆိုတာ အတော့်ကို ပြောရခတ်ပါသည်။ ငါ့ဝမ်းပူဆာ မနေသာသည့် ကိစ္စမျိုးဖြစ်နေသည့်အတွက် ၄င်းအချက်ကို ဝေဖန်ရာတွင် ဘယ်လို ဝေဖန်ထောက်ပြမလည်း ဆိုတာကိုသာ အကြံပြုလိုပါသည်။
ပွဲကို အဆုံးအထိ ကြည့်ချင်သော်လည်း မကြည့်နိုင်ပါ။ အလုပ်ကို ပြန်ပြေးရသည်။
သူတို့ရဲ့ ရဲရဲဝင့်ဝင့် ပြတ်လုံးများ၊ ပြည်သူ့များအတွက် ကိုယ်တက်သည့် ပညာဖြင့် အပြည့်အ၀ ထမ်းရွက်မှုများကိုတော့ မလေးစား မချီးကျူး မဂုဏ်ပြုဘဲ မနေနိုင်ပါ။ သူ့တို့ တက်နိုင်သည့် အခန်းကဏ္ဍမှ တိုင်းပြည်ကောင်းစားဖို့ စေတနာ အထင်းအရှား တွေ့မြင်ရသည်က အလွန်ပင် အဖိုးမဖျက်နိုင်သော စေတနာတစ်ခု ပင်ဖြစ်ပါသည်။
တိုင်းတပါး ရေခြားမြေခြားမှာ ဖုံးတချို့ ကွယ်တ၀ှက်နှင့် လုပ်ရသည့်ပွဲ(ထိုင်းနိုင်ငံတွင် မြန်မာပြည်နှင့် ပတ်သက်၍ ပွဲများလုပ်ရာတွင် အခက်အခဲ အမျိုးမျိုးရှိသောကြောင့် ၄င်းသည် လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်ပါသည်။) ၊ ရှိစုမဲ့စု လူနှင့် လုပ်ရခြင်း၊ ကိုယ့်ကိုယ်ပိုင် အလုပ်များတစ်ဖက်နှင့် အားစိုက်ရခြင်း၊ အချိန်လုကာ လုပ်ကြရခြင်း၊ လူစိုက်ငွေစိုက် အားလုံးစိုက် လုပ်ကြရခြင်း စသည့် စသည့် အခက်အခဲမျိုးစုံကို ကျော်လွှားကာ ပွဲတစ်ခု ဖြစ်အောင်လုပ်ခဲ့ကြသည်။ သာမန် အလုပ်သမားများ အတွက်တော့ ဈေးအနည်းငယ်ကြီးသည်။ ဒါပေမဲ့ လူဦးရေ ၄၆၀ ဆန့်သည့် ခမ်းမမှာ ၃၀၀ ကျော် ၄၀၀ နီးနီးရှိမည်ကို ခန့်မှန်းမိသည်။ ဘယ်လို အခက်အခဲနှင့် အစဉ်မပြေမှုတွေ ရှိခဲ့ပေမယ့် ကျနော်တို့ မကြည့်ရတာ ကြာခဲ့သည့် ကြည့်ချင်ပွဲတစ်ခု လာရောက် ကပြကြသည့် သီးလေးသီးအဖွဲ့နှင့် ပွဲဖြစ်မြောက်အောင် လုပ်ခဲ့ကြသူများကို အသိအမှတ်ပြုရပါမည်။ ထိုနေ့ သီးလေးသီးရဲ့ ညနေခင်းက လှပခဲ့ပါသည်။ ထိုနေ့ ဇင်းမယ်ရဲ့ သီးလေးသီးပွဲ အောင်မြင်ပါသည်။ မျှော်စင်ကျွန်းမှာ သီးလေးသီးရဲ့ အားပါးတရ ဖျော်ဖြေမှု ကိုယ်တိုင်ကိုယ်ကျ ထပ်မံကြည့်ချင်ပါသေးသည်။
My Memories of Saya Jyan
အခုဒီနေ့ဆို ဆရာဆုံးတာ ၁ နှစ်ပြည့်ပြီ။ ဒါကြောင့် ကိုယ်ရေးတဲ့စာ ကိုယ့်ဘလော့မှာတင်ပြီး ဆရာ့ကို ဂါရ၀ပြုလိုက်ပါတယ်။ ဆရာ့မိသားစုက ထုတ်ဝေတဲ့ ဆရာ့အမှတ်တရမှာ ဒီစာစုလေးပါပြီးသားပါ။
၂၃ ရက်နေ့ အိပ်ယာကထ ကွန်ပျူတာ စားပွဲထိုင်လိုက်တော့ အီးမေးလ် စာတိုက်ပုံးမှာ ဆရာတင်မိုး ကွယ်လွန်ကြောင်း တွေ့လိုက်ရတယ်။ ကျနော် ခေါင်းထဲချက်ချင်း ၀င်လာတာက ဆရာ့ရဲ့စကား "ချစ်သောသူတို့ သက်တမ်း တိုရ၏။" နောက် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ရေကိုယ့်မြေကို သံယောဇဉ်ကြီးသူ တစ်ယောက် အိမ်တောင် ပြန်မရောက်နိုင်တော့ ဆိုတာကို သိတော့ ကျနော်အတော် ၀မ်းနည်းမိပါတယ်။
ဆရာအကြောင်း ရေးချင်လာတယ်။ သို့သော် ကျနော်က စာရေးဆရာ တစ်ယောက်မဟုတ်။ ကဗျာကော ဆိုတော့ ကဗျာ တစ်ပုဒ်၊ စာတစ်ပုဒ် ဆုံးအောင် အလွတ်ရသူ မဟုတ်။ ကဗျာတွေတော့ တွေ့ကရာ အကုန်ဖတ်သည်။ ခံစားကြည့်သည်။ အလွတ်တော့ ဘယ်တော့မှ မရ။ ဒါကြောင့် ဆရာက ကဗျာသမား၊ စာသမား ဆိုတော့ ငါရေးရင် ဖြစ်ပါ့မလား။ သို့သော် ဘာပဲဖြစ်ဖြစ် ဆရာနဲ့ အမှတ်ရစရာ တိုက်ဆိုင်မှုများ ချရေးမယ်ဆိုပြီး သည်စာကို ချရေးဖြစ်ခဲ့ပါတယ်။
ဆရာနဲ့ လေးငါးကြိမ် ဆုံတာထက် ကြုံဖူးတယ်ဆိုရင် ပိုမှန်ပါတယ်။ ဆရာနဲ့ တဆင့်ခံသာ ကြုံခဲ့ရတာပါ။ အဖေနဲ့ ပတ်သက်လို့၊ အစ်မနဲ့ပတ်သက်လို့၊ အခြားအကြောင်းအရာနဲ့ တိုက်ဆိုင်လို့ ကြုံခဲ့ရာတာတွေကြီးပါ။ သို့သော် ကျနော့်ဆီမှာ အမှတ်ရစရာများ ကျန်ရစ်ခဲ့ပါသည်။
ပထမဆုံး ဆရာ့တို့အိမ်ကို ၁၉၉၆ ခုနှစ်လောက်က အဖေနဲ့ ရောက်ခဲ့ဖူးခဲ့တယ်။ သွားခဲ့တဲ့အကြောင်းအရာ မမှတ်မိတော့ပါ။ ဒါပေမဲ့ ကျနော့် ရင်ထဲ ကျန်ခဲ့တာ ဆရာတို့ရဲ့ အိမ်ပါ။ အင်းစိန် မင်းကြီးလမ်းက မြောင်းဘောင်ပေါ် မေးတင်ဆောက် ထားတဲ့ တထပ်အိပ်ကလေးပါ။ အိမ်အ၀င် မြောင်းဘောင်ပေါ် ကျော်ပြီး သပ်သပ်ရပ်ရပ် ဆောက်ထားတဲ့ သစ်သားတံတားလေးနဲ့ အိမ်ကလေး။ တွေ့သူတိုင်း ချစ်ချင်တဲ့ ကဗျာဆရာရဲ့အိမ်။
၉၈ အစောပိုင်းကာလ ဆရာမြ (ဆရာမြသန်းတင့်) ဆုံးပြီးတော့ တညနေ (နောက်တစ်နေ့ ညနေလို့ထင်ပါတယ်) ကျနော်တို့ အုပ်စုတွေ လှည်းတန်းက မွန်သစ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတော့ ဆရာဂျမ်းတို့တတွေ ရောက်နေနှင့်ပါတယ်။ အဲ့ဒီဝိုင်းက သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ ဆရာဂျမ်းလို့ သိရတော့ ကျနော်တို့ အုပ်စုတွေ အဲဒီဝိုင်းနဲ့ အနီးဆုံးမှာ ထိုင်လိုက်ကြပါတယ်။ သူတို့ဝိုင်းမှာ မော်ဒန် လူငယ် ကဗျာဆရာအချို့နဲ့ ဆရာဂျမ်း တစ်ယောက် လေပေးဖြောင့်နေတာပါ။ ကိုမြသန်း တစ်ယောက်ကွာ ဓါတ်ဗူးလေး တစ်လုံးရဲ့အသက်ကို ကယ်ရင်း သူ့အသက်ကို ပေးသွားရတယ်လို့ ဆရာက အရွန်းဖောက် ပြောပေးမယ့် သူမျက်နှာကတော့ အုံ့အုံ့မှိုင်းမှိုင်း။ ဆရာမြက ဘာမှမဟုတ်တဲ့ မတော်တဆမှုကလေးကနေ ဆရာမြအသက်ကို နုတ်ယူသွားတယ်။ သူရှိရင်ကွာ အများကြီး ဆက်ရေးနိုင် အလုပ်လုပ်နိုင်သေးတယ်၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုပါကွာလို့ ဆရာက ဆိုခဲ့တယ်။ ဆရာလည်း ဆရာမြလို အများကြီး ဆက်လုပ်နိုင်ပါသေးတယ်လို့သာ အခုဆိုရပါတော့မယ်။ (ဆရာမြသန်းတင့် ဆုံးတာ ဓါတ်ဗူးရေနွေးထည့်ဖို့ အိမ်အောက် ထပ်ကိုအဆင်း လှေကားပေါ်က ခြေချော်ကျပြီး ဦးခေါင်းမှာရတဲ့ ဒဏ်ရာကြောင့်ပါ။)
နောက် ၂၀၀၃ မှာ ဘန်ကောက်မှာ ဆုံဖြစ်ကြပါတယ်။ သည်တကြိမ်လည်း ဆရာမိတ်ဆွေ တစ်ယောက်က တွေ့ချင်တယ်ဆိုလို့ ဆရာနဲ့တွေ့ရန် ကြားကချိန်းပေးလို့ ကြုံဖြစ်ပါတယ်။ မာဘွန်ခရောင်းက အမ်ကေမှာ ဆူကီယာကီနဲ့၊ ဘဲကင်စားကြတယ်။ အဲဒီမှာ တစ်ယောက်က ဆရာ ဘာသားမစားဘူးလဲလို့ မေးတော့ "အားလုံးစားတယ်။ မစားတာနှစ်မျိုးဘဲရှိတယ်။" အားလုံးက ဆရာဘာဆက်ပြောမလည်းဆိုတာ အာရုံစိုက်နားထောင်နေကြတယ်။ "ငါစစ်သားနဲ့ သစ်သားနှစ်မျိုးဘဲ မစားဘူး။ စစ်သားက ရွံလို့၊ သစ်သားကတော့ မာလို့" ဆိုပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ခပ်လေးလေးကြီး ပြောပါတယ်။ အားလုံး ၀ါးလုံးကွဲ ရယ်ကျတာ ဘေးက၀ိုင်းတွေကတောင် ကြည့်ကြတဲ့အထိ။
နောက် ၂၀၀၄ နှစ်ဦးမှာ ဆရာ့ဓါတ်ပုံနှစ်ပုံ (တယောထိုးနေတဲ့ပုံ နှစ်ပုံ) ကျနော်လက်ထဲ ရောက်လာပါသည်။ ပိုင်ရှင်ထံခွင့်တောင်းပြီး ဓါတ်ပုံအကြာင်းနှင့် ကူးယူလိုကြောင်း အခွင့်တောင်းပါသည်။ သည်ဓါတ်ပုံကို ဆရာမိတ်ဆွေ ကိုအေးဝင်း (လမင်းတရာ) ဆီက တဆင့်ရတာပါ။ (ကိုအေးဝင်းရိုက်တာ ဖြစ်ချင်ဖြစ်မှာပါ။ မသေချာပါ။) အဲ့ဒီမှာ မှတ်မှတ်ရရ သူ့မြန်မာပြည်ကို လွမ်းကြောင်း၊ ပြန်ချင်ကြောင်း ပြောတယ်။ ထိုသို့ ပြောပြီး ဆရာမျက်ရည်ကျကြောင်း၊ ပြောပြောဆိုဆို တယောထိုးပြီး သီချင်းဆိုကြောင်းပါ။
အခု နောက်ဆုံး ၂၀၀၆ မှာတော့ ဆရာရဲ့ ဧရာဝတီအင်တာနက် စာမျက်နှာက ဘ၀ရုပ်ပုံလွှာကဏ္ဍအတွက် ကိုဘကောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေပေးခဲ့ပါတယ်။ သည်တုန်းကလည် ဧရာဝတီ မြန်မာပိုင်းအယ်ဒီတာက တောင်းခံလာတာပါ။ နောက်ထပ်လည်း ကျနော် ပြင်ဆင်ပေးနေရသော ကိုအောင်ထွန်း ကျောင်းသားသမိုင်း စာအုပ်အတွက် အချို့အချက်အလက်များ ဆရာကို ပြန်မေးခဲ့ပါသေးတယ်။ သည်တကြိမ်လည်း ဆရာ့သမီး မမိုးချိုကတဆင့် အီးမေးလ်မှ ဆက်သွယ်ခဲ့ပါတယ်။ ဆရာဆီက "တို့ဗမာ" နဲ့ "ဒို့ဗမာ" မူကွဲမှာ "တို့ဗမာ" သာ အနက်စွဲဖြစ်ကြောင်းနဲ့ ရေးထုံးအမှန်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ ဆရာရေ ဆရာဆီက မေးစရာတွေ ကျန်နေပါသေးတယ်။ ဆရာ့ရဲ့ ဘ၀ရုပ်ပုံလွှာကဏ္ဍက ကိုဘကောင်းအကြောင်းတောင် မမီလိုက်တော့ပါ။
ကျနော်မှာ မေးစရာတွေ ကျန်နေသေးတယ်။ ဆရာရောက်ရင် ဆရာက ကျောင်းသားသီချင်းတွေ အတော်များများအလွတ်ရကြောင်း ထောင်ထဲအတူနေဖူး သူတွေပြောလို့ သိထားရတော့ ဆရာ သည်တစ်ခေါက်လာရင် အသေအချာမေးမယ်၊ ပြင်ဆင်စရာတွေ ပြင်ဆင်ထားမယ်လို့ ရည်စူးထားတာပါ။ ဒါပေမဲ့ဆရာ့ကို ကျနော်တို့ မတွေ့နိုင်တော့ပါ။ ဆရာအလာကို မကြိုနိုင်တော့ပါ။
ဆရာလွမ်းသလို ကျနော်တို့လည်း အိမ်ကိုလွမ်းပါသည်၊ ကိုယ့်မြေကိုယ့်ရေမှာပဲ ပျော်ချင်ပါသည်။ ဧည့်သည်ကြီး တစ်ယောက် အိမ်ပြန် မရောက်နိုင်တော့ပါ။ ဧည့်သည်လေးများလည်း အိမ်မပြန်နိုင်သေးပါဘူး ဆရာ။ ကလေးများကို ချစ်တဲ့၊ ကိုယ့်မြေကိုယ်ရေကို ချစ်တဲ့ ဆရာကို အိမ်ရဲ့ အဝေးကနေပဲ ဂါရ၀ပြုပါရစေ။
(ဆရာရဲ့အိမ်က နှစ်ထပ်အိမ်ပါ။ တထပ်က အောက်မှာ နိမ့်ပြီး တံတားက အပေါ်ထပ်ကို ထိုးထားတော့ မသိသာပါဘူး။)
ကျော်ဝင်း
(ဇန်န၀ါရီလ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်)
Whether ASEAN on Burma!
အာစီယမ် ဘယ်လဲ၊ ဘာလဲနှင့် ထူးမခြားနား
Go Ahead Our Roadmap!
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု
၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုနှင့် ပတ်သတ်၍ ကျောင်းသားထုသို့ အစီရင်ခံချက်ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။
နိဒါန်းစကားအဖြစ် ပြင်သစ် နိုင်ငံရေးတွေးခေါ်ပညာရှင် ပီ၊ ဂျေ ပရိုဒွန် ရဲ့
"ငါတို့ဒူးထောက်နေ၍သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ငါတို့ထကြစို့"
ဆိုတာနဲ့ အစချီထားပြီး
ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ရှစ်နှစ်မြောက်အရေးတော်ပုံကာလ ၁၉၉၆-ဒီဇင်ဘာလတွင် လက်ရှိ န၀တစစ် အစိုးရ၏ ပညာရေးစနစ်ကို ရှုတ်ချဆန့်ကျင်သည့် ကျောင်းသားထုအခွင့်အရေးတိုက်ပွဲကြီး ပေါ်ပေါက်ခဲ့လေပြီ။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးအပါအ၀င် ပညာရေးလွတ်လပ်ခွင့်များကို တညီတညာတည်းထုတ်ဖော်တင်ပြ တောင်းဆိုခဲ့ကြသည့် ... ... ...
ကန့်သတ်
စစ်တပ်ထဲက ကျနော့် မိတ်ဆွေ တယောက် ကျေးဇူးပြုတာပါ။ သူရဲ့စေတနာက "ကျနော်များ တပ်ချုပ်ကြီးနဲ့ အပေါင်းပါများက နိုင်ငံတော်၊ နိုင်ငံတော် ဆိုတဲ့ စကားလုံးကို ရေလဲသုံးပြီး နောင်အနာဂတ် မြန်မာနိုင်ငံတော်ကို ထာဝရ အုပ်ချုပ်မင်းလုပ်နိုင်ဖို့ ဘာတွေ ကြိုတင်ကြံစည်ထားကြတယ်ဆိုတာကို တစေ့တစောင်းလေး သိရအောင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ် (၇) ရဲ့ နှစ်လည်စာစောင်ကို ကန့်သတ်လို့ အောက်ခြေမှတ်စုမှာ ရေးထားပေမဲ့ ပြည်သူအများသိရအောင်၊ အောက်ခြေ အရာရှိအရာခံ၊ အကြပ်တပ်သားများ သိရအောင် ဖြန့်ဝေပေးပါ" လို့ ဆိုလာပါတယ်။ ဒါကြောင့် သိလိုသူများ အောက်မှာရှိတဲ့ ကန့်သတ်ဆိုတဲ့ ပီဒီအက်ဖ်ဖိုင် (၇) ဖိုင်ကို ယူကာ ဖတ်ရှုနိုင်ကြပါတယ်။ လွတ်လပ်စွာ ဝေငှနိုင်ပါတယ်။
အောက်ခြေအရာရှိ၊ အရာခံ၊ အကြပ်တပ်သားများလည်း မဝေးတော့တဲ့ကာလမှာ အင်တာနက်ကြီးကို လွတ်လွတ်လပ်လပ်သုံးနိုင်ပြီး ပွင့်ပွင့်လင်းလင်းတွေးခေါ် မျှော်မြင်နိုင်ကြပါစေ။
ကန့်သတ် (၄)ကန့်သတ် (၅)
ကန့်သတ် (၆)
ကန့်သတ် (၇)
You received this email because you are subscribed to the real_time feed for http://mrbalance.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.