Monday, September 29, 2008

[Sawlinux] 1 New Entry: စစ်အစိုးရ၏ ရေအားလျှပ်စစ် စီမံကိန်းများ သံလွင်မြစ်၏ ဇီဝမျိုးစုံမှုကို ထိခိုက်

စစ်အစိုးရ၏ ရေအားလျှပ်စစ် စီမံကိန်းများ သံလွင်မြစ်၏ ဇီဝမျိုးစုံမှုကို ထိခိုက်

29 September 2008


အကယ်၍ စစ်အစိုးရသာ ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဆည်များကို ဆက်လက် ဆောက်လုပ်မည် ဆိုပါက မြန်မာပြည်အရှေ့ပိုင်း သံလွင်မြစ်တွင် ရှိသည့် မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ်ရှိနေသော အပင်နှင့် တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၄ဝ ကျော်မှာ မျိုးတုံး ပျောက်ကွယ်သွားတော့မည့် အန္တရာယ် ရှိနေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံစာသစ် တခုက ဆိုပါသည်။

ထိုင်းနိုင်ငံအခြေစိုက် ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆောင်ရွက်မှု ကွန်ရက် (KESAN) ၏ "ခိုးကေး - ဇီဝမျိုးစုံမှု အန္တရာယ် ကျရောက်ခြင်း" အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရက သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် အဆိုပြုထားသည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာများသည် ဇီဝမျိုးစံမှုကို အန္တရာယ် ကျရောက်စေနိုင်ကြောင်းဖြင့် ရေးသား ဖေါ်ပြထားပါသည်။

"သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်မဲ့ ရေကာတာတွေက ဂေဟစနစ်ကို ပျက်စီးစေမှာ ဖြစ်ပြီး၊ ဒေသတွင်းတွေ့ရတဲ့ မျိုးတုံး ပျောက်ကွယ်မဲ့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ် ၄ဝ ကျော်ကိုလဲ ပျောက်ကွယ်သွားစေမှာ ဖြစ်ပါတယ်" ဟု KESAN ၏ ကိုယ်စားလှယ် တဦးဖြစ်ပြီး သောကြာနေ့က ဘန်ကောက်မြို့တွင် အဆိုပါ စီရင်ခံစာကို ထုတ်ပြန်ခဲ့သူ ကိုရွှေက မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ သံလွင်မြစ်၏ ဇီဝမျိုးစုံမှုကို ပထမဆုံး အသေးစိတ် ကွင်းဆင်းလေ့လာထားသည့် အစီရင်ခံစာ တစောင်ဖြစ်ပြီး၊ ဒေသခံနှင့် ဌာနေတိုင်းရင်းသား သုတေသီများက အထူးသဖြင့် ရေကာတာ ဆောက်လုပ်ရန် အဆိုပြုထားသော နေရာတခု ဖြစ်သည့် "ဝဲကြီး" ဒေသတွင် သွားရောက် သုတေသနပြု လေ့လာထားချက်များ ဖြစ်သည်။ ထိုရေကာတာ ဆောက်လုပ်ရန် မြန်မာစစ်အစိုးရသည် ထိုင်းနိုင်ငံနှင့် သဘောတူညီချက် စာချုပ်တရပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

ဝဲကြီး ရေကာတာသည် ဆောက်လုပ်ဖြစ်ခဲ့ပါက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများအနက် ရှမ်းပြည်နယ်ရှိ "တာဆန်း" ရေကာတာပြီးလျှင် ဒုတိယအကြီးဆုံး ရေကာတာဖြစ်လာမည် ဖြစ်ပြီး အနိမ့်ဆုံးလျှပ်စစ် စွမ်းအား မီဂါဝပ် ၄ဝဝဝ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

"ဒီလောက် လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်ဘို့ အတွက် မြစ်ညာမှာ ကီလိုမီတာ ၃၈ဝ လောက် ရေမြှုပ်သွားမှာ ဖြစ်ပါတယ်" ဟု ကိုရွှေက ပြောကြားသွားခဲ့ပါသည်။ ထို့ပြင် မြစ်ကြေပိုင်းတွင်လည်း ဇီဝမျိုးစုံမှုကို ဖျက်ဆီးပစ်မည့်အပြင် ရေများ ခန်းခြောက်သွားပြီး စိုက်ပျိုးရေးအတွက် အကြီးအကျယ် ရေသွက် ရှားပါးမည့် အန္တရာယ်ကိုလည်း ကြုံတွေ့ရမည်ဟု ဆိုပါသည်။

မြန်မာစစ်အစိုးရက ဖွံ့ဖြိုးရေးစီမံကိန်းများအဖြစ် ဆောက်လုပ်မည့် သံလွင်မြစ်ပေါ်ရှိ အဆိုပါ ရေကာတာများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ အဆိုအရ အရှေ့တောင်အာရှတွင် တခုတည်း ကျန်တော့သည့် အတားအဆီး မရှိ စီးဆင်းနေသည့် မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများ ဖြစ်ကြပါသည်။

စစ်အစိုးရကမူ အဆိုပါ ရေကာတာများကို တရုတ် နှင့် ထိုင်းနိုင်ငံတို့၏ အကူအညီဖြင့် ဆက်လက် ဆောက်လုပ်သွားရန် သံန္ဓိဌာန် ချမှတ်ထားပြီး ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓါတ်အားများကိုလည်း တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို ရောင်းချရန် သဘောတူထားပြီး ဖြစ်သည်။

"ကျနော်တို့ သုတေသန တွေ့ရှိချက်တွေအရ ဒီရေကာတာတွေက ထုတ်ယူရရှိမဲ့ လျှပ်စစ်ဓါတ်အား အများစုက တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့သွားမှာ ဖြစ်ပြီး၊ ရာခိုင်နှုံး အနည်းငယ်လောက်ဘဲ မြန်မာပြည်မှာ သုံးမှာ၊ ဒါတောင်မှ အဲဒီထဲက စစ်တပ် အခြေခံစခန်းတွေကို ခွဲပေးရဦးမှာ" ဟု ကိုရွှေက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ရေကာတာများ မဆောက်လုပ်မီ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အကဲဖြတ်ချက်များ ပြုလုပ်ရန် နှင့် အသေးစိတ်၍ ပြည့်စုံသော ဇီဝမျိုးစုံမှု သုတေသနတရပ်ကို ပြုလုပ်ပါရန် ဤအစီရင်ခံစာက မြန်မာ စစ်အစိုးရကို ထောက်ခံတင်ပြ တိုက်တွန်း ထားပါသည်။

ထို့ပြင် သံလွင်မြစ်တလျှောက် နေထိုင်ကြသော ဌာနေ တိုင်းရင်းသားများ အနေဖြင့် ရေကာတာနှင့် ယင်းတို့၏ ဖွံ့ဖြိုးရေး စီမံကိန်းများမှ အကျိုးခံစားခွင့်များကို ရှေးဦးစွာ ရယူခံစားခွင့်ရှိရမည် ဖြစ်ကြောင်းဖြင့်လည်း အစီရင်ခံစာတွင် ဆိုထားပါသည်။

"ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တယောက်အနေနဲ့ ဒီရေကာတာတွေ ဆောက်လုပ်တာကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ဆက်လုပ်မယ်ဆိုရင်လဲ ဇီဝမျိုးစုံမှု (biodiversity) နဲ့ပတ်သက်ပြီး၊ နောက်ထပ် ပြည့်ပြည့်စုံစုံ လေ့လာမှုတွေ လုပ်ဘို့ လိုပါတယ်။ ရေကာတာတွေ မဆောက်ခင် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ကိစ္စတွေ ကိုလဲ အကဲဖြတ် လေ့လာမှုတွေ လုပ်ဘို့ လိုပါတယ်" ဟု ကိုရွှေက ပြောကြားသွားခဲ့ပါသည်။

မုံပီး
Mizzima News

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.