Monday, September 29, 2008

[health education] 12 New Entries: နှလုံးသားလေး မနာကျင်ကြစေဖို့

နှလုံးသားလေး မနာကျင်ကြစေဖို့


ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေဟာလည်း ပြောင်းလဲလာပါတယ်။ ထိုအခါ ရောဂါအပေါင်းဟာလဲ မဖိတ်ခေါ်ဘဲနဲ့ဝင်ရောက်လာကြပါတယ်။ အထူးသဖြင့် Life Style ပြောင်းလဲခြင်းကြောင့် ဖြစ်ပွါးရသော ရောဂါတွေထဲမှာ နှလုံးရောဂါ ၊ သွေးတိုးရောဂါတွေဟာ လူသားတွေရဲ့ အသက်ကိုခြိမ်းခြောက်နေပါတယ်။ Heart Attack လို့ခေါ်တဲ့ နှလုံးရောဂါကြောင့် ဆုံးရှုံးခဲ့ကြရတဲ့ အသက်ပေါင်းဟာလဲ မနဲလှပါဘူး။ စက္ကန့် ၊ မိနစ်နဲ့အမျှ သေဆုံးနေကြပါတယ်။ ဒါကြောင့် နှလုံးသားလေးတွေ ကျန်းမာကြစေဖို့ ၊ မနာကြင်ကြရစေဖို့ နှလုံးသွေးငတ်ခြင်း ( AMI - Acute Myocardial Infarction ) ၊ နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် Heart Attack ကြောင်းကို တင်ပြပေးလိုက်ပါတယ်။

နှလုံးသွေးငတ်ခြင်း ( AMI ) ဆိုတာဘာလဲ
နှလုံးသွေးငတ်ခြင်း ( AMI - Acute Myocardial Infarction ) ကို များသောအားဖြင့် Heart Attack လို့သိကြပါတယ်။ Myocardial Infarction ဆိုတာ Myocardium ( နှလုံးကြွက်သား ) နှင့် Infarction (သွေးငတ်ခြင်းကြောင့် ကြွက်သားများသေဆုံးခြင်း ) ဆိုတဲ့ စကားလုံးက တဆင့်လာခြင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ AMI ကြောင့်မဟုတ်ဘဲ ၊ Sudden Cardiac Death ကဲ့သို့ အခြားနှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးခြင်းများကိုလဲ Heart Attack လို့ ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ Heart Attack ကိုခံစားနေရတဲ့ လူနာတွေကို တွေ့နေပါတယ်။ Infarction ဘာကြောင့်ရသလဲဆိုရင် နှလုံးကြွက်သားတွေ ဆီကိုအောက်စီဂျင်သယ်ဆောင်ပေးတဲ့ သွေးကြောလေးတွေ ( Coronary Arteries ) ပိတ်ဆို့မှုကြောင့် နှလုံးကြွက်သားတွေမှာ သွေးလုံလောက်စွာမရသောကြောင့်ဖြစ်ရတာပါ။ သွေးလုံလောက်စွာမရတဲ့အခါ ကြွက်သားတွေနာကြင်လာပါတယ်။နောက်ဆုံးတွင် သွေးလုံးဝမရတော့သည်အထိဆိုးဝါးလာပြီဆိုရင်တော့ ကြွက်သားဆဲလ်တွေသေဆုံးသွားကြပါတယ်။ ထိုအခါ နှလုံးရဲ့လုပ်ဆောင်မှုတွေချို့ယွင်းလာပါတယ်။ နောက်ဆုံး လုံးဝရပ်တန့်သွားပြီး အသက်ဆုံးရှုံးရပါတော့တယ်။ ဆေးလိပ်သောက်ခြင်း ၊ သွေးထဲမှာ အဆီဓါတ်များခြင်းတွေဟာ ဒီရောဂါကိုဖြစ်စေတဲ့အကြောင်းထဲမှာပါဝင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောနံရံလေးတွေ ပျက်ဆီးပြီး ၊ အဆီခဲလေးတွေကြောင့် သွေးကြောတွေပိတ်ဆို့ရပါတယ်။ ဒီလို အဆီခဲများ ( Cholesterol ) နှင့် Fibrous Tissue လေးတွေ စုပုံပိတ်ဆို့မှုကို Atherosclerosis လို့ခေါ်ပါတယ်။ ဒီလိုစတင်ပိတ်ဆို့လာပြီဆိုရင် လူုနာဟာ ရင်ဘတ်အောင့်လိုက်တာ ဆိုပြီး ခံစားရတတ်ပါတယ်။ ဒါကို Angina Pectoris လို့ခေါ်ပါတယ်။ အစပိုင်းမှာ အောင့်လိုက်ပျောက်လိုက်ပါ။ တဖြည်းဖြည်း သွေးကြောပိတ်တဲ့ ပမာဏပိုများလာတာနဲ့အမျှ ရင်ဘတ်အောင့်တဲ့အကြိမ်အရေအတွက် ၊ အောင့်တဲ့ အချိန်ကြာမြင့်စွာခံစားရတတ်ပါတယ်။ နောက်ဆုံးမှာတော့ Heart Attack ကိုခံစားရပါတော့တယ်။

ဖြစ်ပွားမှုနှုန်း
၁၉၉၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံးသေဆုံးမှုများရဲ့ ၁၂.၆ ရာခိုင်နှုန်းဟာ နှလုံးသွေးငတ်မှုကြောင့် ဖြစ်ပါတယ်။ ခုခံအားကျဆင်းမှုရောဂါနှင့် အသက်ရှုလမ်းကြောင်းရောဂါများပြီးလျှင် တတိယမြောက်အဖြစ်အများဆုံးရောဂါဖြစ်ပါတယ်။ ကင်ဆာကြောင့် သေဆုံးမှုများထက်ပင် ပိုများပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် လူ ၅ ယောက်သေဆုံးလျှင် တစ်ယောက်မှာ နှလုံးသွေးကြောရောဂါကြောင့်ဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ရောဂါဖြစ်ဖို့အတွက် အခွင့်အလမ်းပိုများလာပါတယ်။

ဘယ်လိုလူမျိုးတွေမှာအဖြစ်များလဲ
နှလုံးသွေးကြောလေးတွေပိတ်ဆို့တဲ့ Atherosclerosis ကြောင့် နှလုံးသွေးငတ်ခြင်းဖြစ်ရတာမို့လို့ အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ AMI ဖြစ်စေတဲ့ အဓိက ကြောင်းအရင်းခံတွေပဲဖြစ်ပါတယ်။
၁။ ငယ်ရွယ်သူများထက်စာလျှင် အသက်ကြီးသောသူတွေမှာပိုအဖြစ်များပါတယ်။
၂။ ယောက်ကျားလေးတွေမှာ အဖြစ်ပိုများပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း ။
၎။ သွေးထဲတွင်အဆီဓါတ်များနေခြင်း ( Hyperlipoproteinemia ) - အထူးသဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ HDL - High Density Lipoprotein တွေနဲနေပြီး ၊ အကျိုးမပြုတဲ့ LDL- low Density Lipoprotein တွေများနေခြင်းဖြစ်ပါတယ်။
၅။ သွေးတိုးရောဂါရှိသူများ ။
၆။ ဆီးချိုရောဂါရှိသူများ။
၇။ အ၀လွန်သောသူများ ။
၈။ ယခင်က နှလုံးသွေးကြောရောဂါရှိဖူးသူများ ၊ လေဖြတ်ဖူးသူများ ( Stroke )။
၉။ မကြာခဏ ရင်ဘတ်အောင့်လေ့ရှိသူများ ( Angina ) ။
၁၀။ စိတ်ဖိစီးမှုများသောသူများ ။
၁၁။ သန္ဓေတားဆေး ( Oral Contraceptive Pills ) သုံးစွဲနေသော အမျိုးသမီးများ။
၁၂။ မိသားစုထဲတွင် သွေးတိုးနှင့် နှလုံးသွေးကြောရောဂါရှိသူများ ။

နှလုံးသွေးကြောဖွဲ့စည်းမှုနှင့် သွေးကြောကျဉ်းခြင်း
ကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းအသီးသီးအတွက် အောက်စီဂျင်နဲ့ အာဟာရဓါတ်တွေလုံလောက်စွာရရှိဖို့အတွက် နှလုံးနှင့် သွေးကြောအဖွဲ့အစည်းက သွေးကိုသယ်ဆောင်ပေးကြပါတယ်။ ထို့အတူ နှလုံးကိုယ်တိုင်လဲ သွေးလိုအပ်ပါတယ်။ နှလုံးကြွက်သားတွေဆီကို သွေးသယ်ဆောင်ပေးတဲ့ သွေးကြောလေးတွေကိုတော့ Coronary Arteries လို့ခေါ်ပါတယ်။ ဒီသွေးကြောလေးတွေဟာ သွေးလွှတ်ကြောမကြီး Aorta ကနေထွက်လာပြီး နှလုံးရဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေဆီကို သွေးသယ်ဆောင်ပေးပါတယ်။ အဓိကအားဖြင့် Coronary Arteries နှစ်ချောင်းရှိပါတယ်။ နှလုံးရဲ့ ညာဘက်အခြမ်းကို သွေးပို့ဆောင်ပေးတဲ့ Right Coronary Artery ၊ ဘယ်ဘက်အခြမ်းကို သွေးပို့ဆောင်ပေးတဲ့ Left Coronary Artery တို့ပဲဖြစ်ပါတယ်။ Left Coronary Artery ကနေ Circumflux Artery နှင့် Anterior Descending Artery ဆိုပြီး သွေးကြောနှစ်ချောင်းထပ်မံခွဲထွက်သွားပါတယ်။

Photo Sharing and Video Hosting at Photobucket
နှလုံးသွေးကြောများ

သွေးကြောအသီးသီးက သွေးပို့ဆောင်ပေးတဲ့ နှလုံးအစိတ်အပိုင်းတွေကတော့ -
၁။ Right Coronary Artery - ညာဘက်သွေးဝင်ခန်းနှင့် သွေးလွှတ်ခန်း ၊ ဘယ်ဘက်သွေးလွှတ်ခန်း အောက်ဘက်ပိုင်း ၊ နှလုံးအခန်းတွေကိုပိုင်းခြားထားပေးတဲ့ နံရံ ( Septum ) တွေရဲ့ အနောက်ဘက်အပိုင်း ။
၂။ Circumflux Artery - ဘယ်ဘက်သွေးဝင်ခန်း ၊ ဘယ်ဘက်သွေးလွှတ်ခန်း ဘေးဘက်နှင့် အနောက်ဘက်အပိုင်း ။
၃။ Anterior Descending Artery - ဘယ်ဘက်သွေးလွှတ်ခန်း အရှေ့ ဘက်နှင့် အောက်ဘက်ပိုင်း ၊ Septum တွေရဲ့ အရှေ့ ဘက်ပိုင်း ။
နှလုံးသွေးကြောလေးတွေ ကျဉ်းမြောင်းပိတ်ဆို့သွားမယ်ဆိုရင် ဒီသွေးကြောလေးတွေက သွေးပို့ဆောင်ပေးတဲ့ သက်ဆိုင်ရာ နှလုံးကြွက်သားလေးတွေဟာ သွေးလုံလောက်စွာမရရှိကြတော့ပါဘူး။ သွေးကြော ပိတ်ဆို့မှုဟာ မိနစ် ၂၀ မှ ၄၀ ထိကြာသွားမယ်ဆိုရင်တော့ နှလုံးကြွက်သားတွေသေဆုံးသွားနိုင်ပါတယ်။ နှလုံးကြွက်သားတွေ ပြန်လည်ကောင်းမွန်မှာမဟုတ်တော့ပါဘူး ။ သွေးမရတဲ့အချိန်ပိုကြာလေ သေဆုံးတဲ့ကြွက်သား ပမာဏပိုများလေဖြစ်သည်။ ဒါကြောင့် Time Is Muscle လို့ဆိုရိုးရှိပါတယ်။ သေဆုံးသွားတဲ့ ကြွက်သားတွေနေရာမှာ အနာရွတ် Fibrous တစ်ရှုးတွေနဲ့အစားထိုးပေးပါတယ်။ နှလုံးကြွက်သားများ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်တွေဟာ ဒီအမာရွတ်တစ်ရှုးတွေကိုဖြစ်သန်းပြီး မစီးဆင်းနိုင်တော့ပါဘူး ။ ထိုအခါနှလုံးရဲ့လုပ်ဆောင်မှုတွေဟာ စည်းဝါးပျက်ပြီး နှလုံးခုန်တဲ့ ပုံစံမမှန်တော့ပါဘူး ။ ဒါကို Arrhythemia လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ အလွန်ကြောက်ဖို့ကောင်းပါတယ်။ နှလုံးခုန်တဲ့ပုံစံမမှန်တော့တဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက လိုအပ်တဲ့သွေးပမာဏကို နှလုံးက မညှစ်ထုတ်ပေးနိုင်တော့ပါဘူး ။ အင်္ဂါအစိတ်အပိုင်းတွေဟာ သွေးလုံလောက်စွာမရတော့ပါဘူး ။ ဒါကို Cardiogenic Shock လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ အသက်အန္တရာယ်ကိုပင် စိုးရိမ်ရပါတယ်။

Photo Sharing and Video Hosting at Photobucket
သွေးကြောပိတ်ဆို့နေပုံ

ရောဂါလက္ခဏာများ
Heart Attack ရပြီဆိုရင် အောက်ပါလက္ခဏာတွေကို ခံစားရပါတယ်။-
၁။ ရင်ဘတ်အောင့်ခြင်း ( Chest Pain ) - ရင်ဘတ်အောင့်တာဟာ Heart Attack မရခင် ကြွက်သားတွေသွေးလုံလောက်စွာမရကတည်းက ခံစားရတဲ့ ရှေးဦးလက္ခဏာတစ်ခုပါ ။ အောင့်လိုက် ပျောက်လိုက်နဲ့ကာလအတော်ကြာခံစားလာရပါတယ်။ အောင့်တဲ့ပုံစံက ရင်ဘတ်ပေါ်မှာ အလေးတုံးဖိထားသလို ၊ နှလုံးကို ဖျစ်ညှစ်ထားသလို ခံစားရပါတယ်။ ရင်ဘတ်မှာအောင့်ပြီး ဘယ်ဘက်ပခုံးထိပ် ၊ တစ်ခါတစ်ရံ လက်ဖျားအထိ ၊ လည်ပင်းနဲ့ မေးရိုးတွေဆီကိုလဲ နာကျင်မှုဟာ ပျံ့သွားတတ်ပါတယ်။ နောက်ကျောဘက်အောင့်ခြင်းကိုလဲ ခံစားရပါတယ်။
နာကျင်မှုခံစားရသောနေရာများ
Photo Sharing and Video Hosting at Photobucket
အရှေ့ ဘက်

Photo Sharing and Video Hosting at Photobucket
အနောက်ဘက်

၂။ အသက်ရှုခက်ခဲခြင်း ( Dyspnoea ) ။
၃။ ချွေးစေးများပျံခြင်း ။
၎။ ပျို့အန်ခြင်း ။
၅။ မူးမေ့ခြင်း ။
၆။ ရင်တုန်ခြင်း ( Palpitation ) ။
ရ။ ခြေဖျားလက်ဖျားများ အေးစက်နေခြင်း ။
နောက်ဆုံးတွင် ရုတ်တရက်သေဆုံးခြင်းများ ဖြစ်တတ်ပါတယ် ။

ဘယ်လိုသိနိုင်လဲ
အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေအပြင် အခြားသောစမ်းသပ်စစ်ဆေးခြင်းများဖြင့်လဲသိရှိနိုင်ပါတယ်။
၁။ ECG - Electrocardiogram
ECG ကိုတော့လူတိုင်းသိပြီးသားဖြစ်ပါတယ် ။ နှလုံးကြွက်သားများအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စစ်ဓါတ်ကို ပုံဖော်မှတ်တမ်းတင်ထားပေးတာဖြစ်ပါတယ် ။ လျှပ်စီးလှိုင်းကလေးတွေ ပုံစံပြောင်းလဲမှုကိုကြည့်ပြီး နှလုံးရဲ့လုပ်ဆောင်မှုကိုသိနိုင်ပါတယ်။ Heart Attack ရပြီဆိုရင် ECG ရဲ့ ST အစိတ်အပိုင်းဟာ မြင့်တက်နေနိုင်သလို ၊ နိမ့်ကျနေတတ်ပါတယ်။ T wave ပြောင်းပြန်ဖြစ်နေတာကိုလဲ တွေ့ရတတ်ပါတယ် ( T inversion ) ။ Attack စရတဲ့ အချိန်ပေါ်မှာမူတည်ပြီး တွေ့ရတဲ့ လက္ခဏာတွေဟာလဲမတူပါဘူး ။
၂။ Coronary Angiogram - နှလုံးသွေးကြောများထဲကို ဆေးထိုးပြီး ပိတ်ဆို့နေသော သွေးကြောနေရာကိုရှာဖွေခြင်းဖြစ်ပါတယ်။
၃။ Cardiac Markers - နှလုံးကြွက်သားတွေ ဒဏ်ရာရမယ်ဆိုရင် Creatine Kinase , Troponin I , Lactate Dehydrogenase isozymes လို့ခေါ်တဲ့ဓါတ်တွေကို သွေးထဲမှာ တွေ့ရှိနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါသတ်မှတ်ချက် ( WHO criteria )
၁။ မိနစ် ၂၀ ကျော်အောင် ရင်ဘတ်အောင့်ခြင်း။
၂။ ECG လှိုင်းများပြောင်းလဲခြင်း ။
၃။ Cardiac Marker များတွေ့ခြင်း ။
ဒီလက္ခဏာတွေနဲ့ပြည့်စုံမယ်ဆိုရင် MI အဖြစ်သတ်မှတ်နိုင်ပါတယ်။

အရေးပေါ်ကုသခြင်း
Heart Attack ရတယ်ဆိုတာနဲ့ ကြွက်သားတွေဆီ အောက်စီဂျင်မပြတ်စေဖို့အတွက် အရေးပေါ်ကုသမှုတွေလိုအပ်ပါတယ်။ သက်ဆိုင်ရာ ဆေးရုံကိုဆက်သွယ်ပြီး အရေးပေါ်ကားခေါ်ပါ ။ ကားမလာခင် အောက်ပါပြုစုစောင့်ရှောက်မှုများလုပ်ပေးနိုင်ပါတယ်။
၁။ ခန္စာကိုယ်အနေအထား - အသက်ရှုကောင်းမယ့် သက်တောင့်သက်သာပုံစံမျိုးရှိရပါမယ်။
၂။ လေ၀င်လေထွက်ကောင်းအောင် အိမ်တံခါးများဖွင့်ခြင်း ၊ အင်္ကျီကြယ်သီးများဖြုတ်ပေးပါ ။
၃။ အောက်စီဂျင်ရှိပါက ပေးပါ ။
၎။ သွေးခဲခြင်းကို ကာကွယ်ပေးတဲ့ Asprin ကိုတိုက်ကျွေးနိုင်ပါတယ်။ လူနာကဆေးမမြိုချနိုင်ဘူးဆိုရင် လျှာအောက်မှာ ထားပေးနိုင်ပါတယ်။
၅။ သွေးကြောကျယ်စေသော Glyceryl Trinitrate ကို ညွှန်ကြားထားပါက လျှာအောက်မှာ ထဲ့ပြီးငုံထားနိုင်ပါတယ်။
၆။ လူနာဟာ အသက်ရှုရပ်တန့်သွားမယ်ဆိုရင် CPR - Cardiopulmonary Resuscitation လုပ်ပေးရပါမယ်။

ကုသမှုများ
ပိတ်ဆို့တဲ့သွေးကြော ပမာဏပေါ်မူတည်ပြီး ကုသမှုနည်းလမ်းတွေမတူညီပါဘူး ။
၁။ သွေးခဲခြင်းကို ကာကွယ်ပေးသော ဆေးဝါးများ ။
၂။ ပိတ်ဆို့နေသောသွေးကြောနေရာတွင် Stunt ထဲ့ခြင်း ။
၃။ ပိတ်ဆို့နေသော သွေးကြောကိုကျော်လွန်ပြီး သွေးကြောဆက်ပေးခြင်း ( CABG - Coronary Artery Bypass Graft surgery)

နောက်ဆက်တွဲဆိုးကျိုးများ
၁။ နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်း ( Heart Failure ) ။
၂။ နှလုံးအလုပ်မလုပ်သောကြောင့် အင်္ဂါများတွင် သွေးမလုံလောက်ခြင်း ( Cardiogenic Shock ) ။
၃။ Arrhythemia
၎။ နှလုံးအမြှေးပါးရောင်ရမ်းခြင်း ( Pericarditis ) ။
၅။ သေဆုံးသွားသောနှလုံးကြွက်သားများ ပေါက်ပြဲခြင်း ( Myocardial rupture ) ။

အချုပ်အားဖြင့်ဆိုသော် ဒီနှလုံးသွေးကြောရောဂါကြောင့် အသက်ဆုံးရှုံးခြင်းတွေဟာ အချိန်နဲ့အမျှဖြစ်နေပါတယ်။ ရောဂါဖြစ်ပွားရတဲ့ အခြေခံအချက်တွေထဲမှာ လူနေထိုင်မှု life style ပြောင်းလဲမှုတွေဟာလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးသားလေးတွေ မနာကြင်ကြစေဖို့ ဆေးလိပ်၊ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများလုပ်ဆောင်ပါ ။ အဆီများသော အစားအစာများကို မစားပါနှင့် ။ ကိုယ်စိတ်ဖိစီးမှုနဲပါးစေဖို့ တရားထိုင်ခြင်းကဲ့သို့ ဘာသာရေးလိုက်စားမှုများကိုလုပ်ဆောင်ပါ လို့တိုက်တွန်းရင်း လူတိုင်းကျန်းမာချမ်းသာစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။ လေးစားစွာဖြင့် -

ကိုးကားစာရင်း
၁။ http://en.wikipedia.org/wiki/Acute_myocardial_infarction
၂။ http://www.emedicine.com/EMERG/topic327.htm
၃။ http://www.patient.co.uk/showdoc/40000539/
၎။ http://en.wikipedia.org/wiki/Coronary_artery
၅။ http://www.clevelandclinicmeded.com/medicalpubs/diseasemanagement/cardiology/acutemi/acutemi.htm
၆။ http://images.google.ru/imgres?imgurl=http://www.nhlbi.nih.gov/health/dci/images/stent_placement.gif&imgrefurl=http://www.nhlbi.nih.gov/health/dci/Diseases/stents/stents_all.html&h=585&w=450&sz=69&hl=ru&start=25&um=1&tbnid=G4FGvqDf_IUAZM:&tbnh=135&tbnw=104&prev=/images%3Fq%3Dcoronary%2Barteries%26start%3D20%26ndsp%3D20%26svnum%3D10%26um%3D1%26complete%3D1%26hl%3Dru%26newwindow%3D1%26client%3Dfirefox-a%26rls%3Dorg.mozilla:en-GB:official%26hs%3DBTe%26sa%3DN

နို့ချိုတိုက်ကျွေး ရင်သွေးငယ်တို့ ကျန်းမာရေး


ကမ္ဘာဦးစတည်းက လူသားတွေဟာ မိခင်နို့ကို သောက်သုံးပြီး လူ့ဘ၀ကို စတင်ခဲ့ကြပါတယ်။
လူသားတစ်ယောက်အနေနဲ့ ကျန်းမာသန်စွမ်းဖို့ ၊ ဥာဏ်ရည်မြင့်မားဖို့ ၊ ကြီးထွားရှင်သန်ဖို့ အတွက် မိခင်နို့ရည်ဟာ အလွန်အရေးပါလှပါတယ်။ မိခင်ရဲ့ စေတနာ ၊ မိခင်ရဲ့ မေတ္တာ ၊ အကြင်နာတွေ ၊ မိခင်ရဲ့ အသွေးအသားတွေနဲ့ဖွဲ့စည်းထားတဲ့ နို့ရည်တစ်စက်ကိုသောက်သုံးပြီး လောကကြီးအလယ်မှာ လူရယ်လို့ရပ်တည်လာခဲ့ကြပါတယ်။ မိခင်နို့ရည်ရဲ့ တန်ဖိုးဟာ အလွန်ကြီးမားလှပါတယ်။ မိခင်တို့ရဲ့ မေတ္တာတရားတွေကတော့ အနှိုင်းအဆမဲ့ မွန်မြတ်လှပါတယ်။ သို့သော် ယခုမျက်မှောက်ကာလမှာ တစ်ချို့၊ တစ်ချို့သော မိခင်တွေအတွက် မိမိတို့ရင်သွေးကို နို့ချိုတိုက်ကျွေးဖို့ အခက်အခဲတွေရှိလာပါတယ်။ တစ်ချို့က မိသားစုစားဝတ်နေရေးကို အကြောင်းပြသလို ၊ တစ်ချို့ကလည်း မိမိလို့ အလှအပ ပျက်မှာစိုးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မိမိတို့ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးဖို့ ၀န်လေးနေကြပါတယ်။ ငြင်းဆန်နေကြပါတယ်။ နို့ချိုတိုက်ကျွေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးရလာဒ်တွေကို လက်လွတ်ဆုံးရှုံးနေပါတယ်။ ဒါဆိုရင် မိခင်နို့ရည်ဘယ်က ဖြစ်လာလဲ ၊ မိခင်နို့ရည်တိုက်ကျွေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေရရှိမလဲ .....................................................။

မိခင်နို့ရည်ဖြစ်ပေါ်လာပုံအဆင့်ဆင့်
မိခင်နို့ရည်ဖြစ်ပေါ်လာပုံသိရှိဖို့အတွက် မိခင်ရဲ့ သားမြတ်ဖွဲ့စည်းပုံအကြောင်းကို အရင်သိရှိဖို့လိုပါတယ်။ နို့ရည်ဖွဲ့စည်းဖို့အတွက် သားမြတ်တစ်ခုမှာပါဝင်တဲ့အစိတ်အပိုင်းတွေကတော့ -
၁။ Alveolus
၂။ Milk duct
၃။ Lactiferous tubules or Lactiferous ducts
၎။ Lactiferous sinuses
တို့ပဲဖြစ်ပါတယ်။


Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket
သားမြတ်ဖွဲ့စည်းပုံ

နို့ရည်စတင်ထုတ်လုပ်ပေးတဲ့နေရာကတော့ Alveolus တွေပဲဖြစ်ပါတယ်။ Alveolus တွေထဲမှာရှိတဲ့ Gland Cells တွေကနို့ရည်ကို ထုတ်လုပ်ပေးပါတယ်။ Gland Cells တွေကို myoepithelial cells တွေနဲ့ဝန်းရံထားပြီး Gland cells တွေက ထုတ်လုပ်ပေးတဲ့ နို့ရည်တွေကို Milk duct တွေထဲကို ညှစ်ထုတ်ပေးပါတယ်။ Milk duct တွေမှတဆင့် နို့ရည်တွေဟာ Lactiferous duts တစ်လျှောက်စီးဆင်းလာပြီး Lactiferous sinuses တွေထဲမှာ သိုလှောင်ထားပေးပါတယ်။ ရင်သွေးငယ်သောက်သုံးဖို့အတွက် နို့ရည်ကို အသင့်ပြင်ဆင်ထားပေးပါတယ်။

ဟော်မုန်းဓါတ်များ
ထိုသို့ နို့ရည်ဖွဲ့စည်းမှုနဲ့ ရင်သွေးငယ်သောက်စို့မှုအတွက် ဟော်မှုန်းဓါတ်တွေကလဲ အရေးပါတဲ့ အခန်းကနေပါဝင်လာပါတယ်။ အဓိက ဟော်မှုန်း ၂ မျိုးကတော့ ဦးနှောက်ရဲ့ ပစ်ကျူထရီ ( Pituitary Gland ) အရှေ့ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Prolactin နှင့် အနောက်ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Oxytocin တို့ပဲဖြစ်ပါတယ်။ ရင်သွေးငယ်ဟာ မိခင်ရဲ့ သားမြတ်ခေါင်းကို ငုံစို့လိုက်မယ်ဆိုရင် သားမြတ်ခေါင်းထိပ်မှာရှိတဲ့ အာရုံကြောများကတဆင့် မိခင်ဦးနှောက်အတွင်းမှာရှိတဲ့ ပစ်ကျူထရီ ဂလင်း ကို လှုံ့ဆော်ပေးပါတယ်။ ထိုအခါ ပစ်ကျူထရီ ဂလင်းများမှ ပရိုလက်တင် နှင့် အောက်စီတိုစင် ဟိုမှုန်းဓါတ်များကို စတင်ထုတ်လွှတ်ပေးပါတယ်။ Prolactin ( ပရိုလက်တင် ) က နို့ရည်ကို ဖွဲ့စည်းပေးပြီး ၊ Oxytocin ( အောက်စီတိုစင် ) က သိုလှောင်ထားတဲ့ နို့ရည်များကို ရင်သွေးငယ်သောက်သုံးဖို့အတွက် ညှစ်ချပေးပါတယ်။ ထိုသို့ ညှစ်ချပေးတာကို ( Milk down reflux ) လို့ခေါ်ပါတယ်။

Photo Sharing and Video Hosting at Photobucket
ဟော်မှုန်းဓါတ်များ၏ လုပ်ဆောင်ပုံအဆင့်ဆင့်

နို့ရည်ဖွဲ့စည်းမှုဟာ ကိုယ်ဝန် ၁၆ ပါတ် မှ ၂၀ ပါတ်တွင် စတင်ခဲ့ပေမယ့် Progesterone ( ပရိုဂျက်စတီရုန်း ) ဓါတ်၏ တားဆီးမှုကြောင့် နို့ချိုထွက်ရှိခြင်းမရှိပါဘူး ။ ကလေး မီးဖွားပြီးသောအခါ ပရိုဂျက်စတီရုန်းဓါတ်တွေ လျှော့နည်းသွားပြီး နို့ရည်ဖွဲ့စည်းမှုကို လုပ်ဆောင်လာနိုင်ပါတယ်။

မိခင်နို့ရည်တွင်ပါဝင်သော ဓါတ်ပစ္စည်းများ
မိခင်နို့ရည်ဟာ ရင်သွေးငယ်တို့ ကြီးထွားရှင်သန်ဖို့အတွက် အကောင်းဆုံးသော အစာအာဟာရဖြစ်ပါတယ်။ အသက် ၄လ မှ ၆ လအထိ အခြားသော အစားအစာမကျွေးဘဲ လုံလောက်တဲ့ အာဟာရဓါတ်တွေကို ရရှိစေပါတယ်။ ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်လိုအပ်ချက်ပေါ်မှာမူတည်ပြီး လုံလောက်သော ဗိုက်တာမင်ဓါတ်များ ၊ အာဟာရဓါတ်များ၊ မင်နရယ်ဓါတ်ပစ္စည်းများ ( Minerals ) ကို ဖြည့်ဆည်းပေးပြီး ကြေညက်လွယ်ပါတယ်။
မိခင်နို့ရည်မှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကတော့ -

၁။ ကာဗိုဟိုက်ဒရိတ် ( carbohydrate ) - မိခင်နို့ရည်ထဲမှာအများဆုံးပါဝင်တာကတော့ Lactose ဖြစ်ပြီး 6 - 7 g/dl ရှိပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်စီယမ် စုပ်ယူမှုမှာကူညီပေးပါတယ်။

၂။ ပရိုတင်း ( Proteins ) - ကလေးရဲ့ ခန္ဓာကိုယ်ဟာ ပရိုတင်းအများကြီး မခြေဖျက်နိုင်တဲ့အတွက် မိခင်နို့ရည်မှာ ပရိုတင်းဓါတ်အနည်းငယ်သာပါရှိပါတယ်။ ဒါ့အပြင် ဦးနှောက်နှင့် အာရုံကြောအတွက်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ( Aminoacid ) တွေပါဝင်ပါတယ်။ ဒီအမိုင်နိုအက်ဆစ်တွေဟာ နွားနို့နဲ့ နို့မှုန့်တွေမှာ မပါရှိပါဘူး ။

၃။ အဆီ ( Fates ) - နို့ရည်မှာ အာရုံကြောများအတွက် လိုအပ်တဲ့ ဖက်တီးအက်ဆစ် ( Polyunsaturated fatty acids) တွေပါရှိပါတယ်။ ဒါ့အပြင် အသက်ကယ် စတီးရွိုက်ဟော်မုန်း တွေဖွဲ့စည်းမှုအတွက်လိုအပ်တဲ့ အခြားသော fatty acids တွေပါရှိပါတယ်။

၎။ ဗိုက်တာမင် နှင့် မင်နရယ်ဓါတ်များ ( Vitamins and Minerals ) - အသက် ၄ လမှ ၆ လအထိ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ပမာဏပါရှိပါတယ်။ ( ဥပမာ- VitA, D, E, K , Iron, Zinc, Sodium, Potassium, Calcium ) .( မှတ်ချက် - နို့ရည်ထဲမှာ VitK ရဲ့ ပါဝင်မှုဟာနည်းပါတယ်။ ဒါကြောင့် ကလေးငယ်မွေးမွေးခြင်း VitK 1mg ကိုအသားဆေးအနေနဲ့ ထိုးပေးရပါတယ်။ VitK ဟာ သွေးခဲနိုင်မှု( Blood Coagulation ) ကိုဖြစ်စေပြီး ၊ လုံလောက်တဲ့ ပမာဏမရှိပါက သွေးယိုစီးမှုများဖြစ်တတ်သည် ။ )

၅။ အရည်ဓါတ် ( Water and electrolytes ) - ရေပါဝင်မှု ၈၈ ရာခိုင်နှုန်းရှိပါတယ်။

၆။ ခန္ဓာကိုယ်ခုခံအားကို တိုးတက်စေသောဓါတ်ပစ္စည်းများ။( ဥပမာ- IgA , Interferon )
ဒီဓါတ်ပစ္စည်းတွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားမှု ၊ ခုခံအားမြင့်မားတိုးတက်မှုတို့ကို ဖြစ်စေပြီး ရောဂါအမျိုးမျိုးကို ကာကွယ်ပေးထားပါတယ်။ ဓါတ်ပစ္စည်းတွေရဲ့ ပါဝင်တဲ့ ပမာဏဟာ အမြဲတမ်းပုံသေမရှိပါဘူး ။ နို့တိုက်ကျွေးတဲ့ သက်တမ်း ၊ အချိန်အပိုင်းအခြားပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ အဲဒီလို ကာလအပိုင်းအခြားပေါ်မှာမူတည်ပြီး နို့ရည်ကို အမျိုးအစားများစွာ ထပ်မံခွဲခြားထားပါတယ်။

နို့ရည်အမျိုးအစားများ
၁။ Closterum ( နို့ဦးရည် )
မီးဖွားပြီး ပထမ ၃ ရက်အတွင်းမှာ ထွက်တဲ့ နို့ရည်ဖြစ်ပါတယ်။ ဒီနို့ရည်မှာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ Antibodies များ ၊ ဗိုက်တာမင် ပမာဏတွေပိုမိုပါဝင်ပါတယ်။ အ၀ါရောင်သန်းပြီး ၊ အနည်းငယ်ပျစ်ပါတယ် ( yellow and thick ) ။ အနည်းငယ်သာထွက်ရှိပေမယ့် ခန္ဓာကိုယ်လိုအပ်ချက်အတွက် လုံလောက်တဲ့ ပမာဏကို ရရှိပါတယ်။ ဒီနို့ရည်ဟာ ကလေးငယ်ရဲ့ ကိုယ်ခံအားကို ပိုမိုတိုးတက်စေပြီး ရောဂါများမှ ကာကွယ်ပေးပါတယ်။ ဒီနေရာမှာ အယူအဆလွဲမှားနေတာလေးကို တင်ပြချင်ပါတယ်။ မိခင်အများစုဟာ ပထမဆုံးထွက်တဲ့ နို့ရည် အ၀ါရောင်တွေကို ကလေးငယ် ၀မ်းပျက်မှာ ဆိုးတယ်ဆိုပြီး ညှစ်ထုတ်ပြစ်တတ်ပါတယ်။ ကလေးငယ်ကို မတိုက်ကျွေးပါဘူး ။ ဒါဟာလွဲမှားတဲ့ အယူအဆတစ်ခုပါ ။ ဒီနို့ရည်ဟာ ခုခံအားကိုမြင့်မားစေတဲ့အတွက် ရောဂါများ ၊ ၀မ်းပျက်ဝမ်းလျှောခြင်းများမှလဲ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကလေးငယ်ကို ကူးစက်ရောဂါများမှကင်းဝေးစေချင်တယ်ဆိုရင် ဒီနို့ရည်ကို မဖြစ်မနေတိုက်ကျွေးရပါမယ် ။

၂။ Transitional Milk
နို့ဦးရည်ထွက်ပြီး နောက် ၂ ပါတ်အတွင်း ထွက်တဲ့ နို့ရည်ကိုတော့ Transitional Milk လို့ခေါ်ပါတယ်။ အဆီနဲ့ သကြားဓါတ်တွေပိုမိုပါဝင်ပါတယ်။

၃။ Mature Milk
မီးဖွားပြီး ၂ ပါတ်နောက်ပိုင်းထွက်တဲ့ နို့ရည်တွေကိုတော့ Mature Milk လို့ခေါ်ပါတယ်။ ဒီနို့ရည်ဟာ အဖြူရောင်ဖြစ်လာပြီး ၊ နို့ဦးရည်လို ပျစ်နေတော့ပါဘူး ။ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ လုံလောက်စွာပါဝင်ပါတယ်။

၎။ Preterm Milk
ကိုယ်ဝန် ၃၇ ပါတ်မတိုင်မီ မွေးဖွားတဲ့ ကလေးတွေကို လမစေ့တဲ့ ကလေး ( Preterm ) လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးငယ်တွေကို မွေးဖွားထားတဲ့ မိခင်ကထွက်တဲ့ နို့ရည်ကိုတော့ Preterm Milk လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးတွေဟာ ပရိုတင်း၊ ဆိုဒီယမ် ၊ ကယ်လိုရီ ၊ Iron ၊ Immunoglobulins ဓါတွေပိုမိုလိုအပ်တဲ့ အတွက် Preterm Milk မှာ အဲဒီဓါတ်တွေ ပိုမိုပါရှိပါတယ်။

Photo Sharing and Video Hosting at Photobucket
နို့ရည်အမျိုးအစားများ

နို့တိုက်ကျွေးခြင်းကြောင့်ရနိုင်သော အကျိုးကျေးဇူးများ
နို့တိုက်ကျွေးခြင်းဟာ မိခင်ရော ၊ ကလေးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကိုရရှိပါတယ်။
ကလေးငယ်အတွက်ရရှိနိုင်သောအကျိုးကျေးဇူးများ-
၁။ မိခင်နို့ဟာ ကလေးငယ်အတွက်လုံလောက်တဲ့အာဟာရဓါတ်ကိုပေးပါတယ်။ အချိန်မရွေးရရှိနိုင်ပြီး ၊ အလွယ်တကူကြေညက်လွယ်ပါတယ်။ လတ်ဆတ်ပါတယ်။
၂။ ကလေးငယ်၏ ခုခံအားနှင့် အာရုံကြောဖွဲ့စည်းမှုကို ကောင်းမွန်စေခြင်း ။
၃။ ကလေးငယ်၏ အစာလမ်းကြောင်းနှင့် လုပ်ဆောင်မှုကို ပြည့်စုံကောင်းမွန်စေခြင်း ။
၎။ ဦးနှောက်နှင့် အမြင်အာရုံကိုပိုမိုကောင်းမွန်စေသော fatty acids နှင့် amino acids များပါဝင်ခြင်း ။ ကလေးငယ်၏ ဥာဏ်ရည်၊ ဥာဏ်သွေး ပိုမိုမြင့်မားစေခြင်း ။ ( နို့တိုက်သောကလေးများရဲ့ IQ ဟာ ၊ နို့မှုန့်တိုက်သောကလေးများရဲ့ IQ ထက် 8-10 points ပိုများပါတယ်)။
၅။ ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေသောကြောင့် ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။( ဥပမာ -၀မ်းပျက်ဝမ်းလျှောခြင်း ၊ အသက်ရှုလမ်းကြောင်းရောဂါများ ) ။
၆။ ကလေးငယ်၏ သွားနှင့် မေးရိုးဖွဲ့စည်းမှုကို မှန်ကန်ကောင်းမွန်စေပြီး ၊ စကားပြောဆိုနိုင်မှုကို ကူညီပေးပါတယ်။
၇။ ငှက်ဖျားရောဂါပိုးကို ကာကွယ်ပေးသော PABA - Para Amino Benzoic Acid ပါဝင်ခြင်း ။
၈။ ကလေးငယ်၏ တွေးခေါ်နိုင်စွမ်းကို တိုးတက်စေခြင်း ။
၉။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေခြင်း ။
၁၀။ Food allergies များမှကာကွယ်ပေးခြင်း ။

မိခင်အတွက်ရရှိနိုင်သော အကျိုးကျေးဇူးများ-
၁။ ငွေကြေးကုန်ကျမှုမရှိခြင်း ။
၂။ သားအိမ်ကျုံ့ အားကောင်းစေသောကြောင့် မီးဖွားပြီး သွေးဆင်းခြင်း ( Post Partum Bleedings ) များမှ ကာကွယ်ပေးခြင်း ။
၃။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်ပြီး ၀လာတတ်ပါတယ်။ နို့တိုက်ကျွေးခြင်းဖြင့် ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်ကို ပြန်လည်ရရှိစေပါတယ်။
၎။ နို့တိုက်ကျွေးခြင်းဖြင့် ရင်သားကင်ဆာ ၊ မမျိုးဥ ကင်ဆာ ( Ovarin cancer ) ၊ သားအိမ်ကင်ဆာ နှင့် အရိုးများ ပွပြီး ကျိုးဆတ်စေသော Osteoporosis ရောဂါများမှ ကာကွယ်ပေးခြင်း ။
၅။ ရင်သွေးငယ်ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါက မိခင် မမျိုးဥကြွေခြင်း Ovulation ကိုတားဆီးပေးသဖြင့် နောက်ထပ်ကိုယ်ဝန်မရရှိနိုင်ပါ။ ထိုကာလတွင် ဓမ္မတာထိန်နေတတ်ပြီး ကိုယ်ဝန်တားဆေးများကဲ့သို့ပင် ၉၈-၉၉ ရာခိုင်နှုန်းထိ သားဆက်ခြားစေပါတယ်။ ထိုသို့သားဆက်ခြားခြင်းကို LAM - Lactational Amenorrhea Method လို့ခေါ်ပါတယ်။
၆။ ဆီးချိုရောဂါရှင် မိခင်များအတွက် Insulin အသုံးပြုရသော ပမာဏကို လျှော့နည်းစေပါတယ်။
၇။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေပါတယ်။

နို့ထွက်နဲစေသောအကြောင်းအရင်းများ
၁။ ကလေးကို ခွဲစိတ်မွေးဖွားခြင်းကြောင့် နို့ရည်ထွက်ရှိမှု နှောင့်နှေးတတ်ပါတယ်။
၂။ နို့ဗူးတိုက်ကျွေးခြင်းကြောင့်လည်း နို့ထွက်နဲစေပါတယ်။
၃။ ကလေးနို့ဆာနေချိန်တွင် မတိုက်ဘဲထားခြင်း ။
၎။ မိခင်နို့အပြင် အခြားသော အစားအစာများကျွေးခြင်း ။
၅။ သန္ဓေတားဆေးများသုံးစွဲခြင်း ။
၆။ သားမြတ်နာကျင်မှုကြောင့် နို့တိုက်ကျွေးရန် စိုးရွံ့ခြင်း ( ဥပမာ- သားမြတ်ရောင်ရမ်းခြင်း ၊ သားမြတ်ခေါင်းကွဲခြင်း ၊ အနာဖြစ်ခြင်း ) ။

ဘယ်အချိန်မှာ နို့စတင်တိုက်ရမလဲ
စောနိုင်သမျှစောစောတိုက်ကျွေးရပါမယ်။ ရိုးရိုးဖွားမြင်သောကလေးများကို မီးဖွားပြီး ၃၀ မိနစ်အတွင်းစတင်တိုက်ကျွေးရပါမယ်။ ခွဲစိတ်မွေးဖွားသောကလေးများအတွက် မိခင် မေ့ဆေးပြယ်သောအချိန်က စတင်ပြီးတိုက်ကျွေးနိုင်ပါတယ်။

တစ်နေ့ဘယ်နှစ်ကြိမ်တိုက်ကျွေးရမလဲ
ကလေးဆာသော အချိန်တိုင်းတိုက်ကျွေးပါ။ အနည်းဆုံး တစ်နေ့ကို ၇ ကြိမ်မှ ၁၁ ကြိမ်ထိ တိုက်ကျွေးရပါမယ်။

ဖြည့်စွက်စာ လိုအပ်ပါသလား
ကလေး အသက် ၄ လမှ ၆ လအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ လိုအပ်ပါတယ်။

နို့တိုက်ကျွေးစဉ်ရှောက်ကြဉ်ရမည့်အချက်များ
ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း တို့ကိုရှောင်ကြဉ်ရပါမယ်။ ကင်ဆာဆေးသုံးစွဲနေသူများအနေနဲ့ နို့တိုက်ကျွေးခြင်းမပြုသင့်ပါဘူး ။ ထို့အပြင် တီဘီရောဂါ ၊ ခုခံအားကျခင်းမှုရောဂါ ကူစက်ခံထားရသော မိခင်များအနေနဲ့လဲ နို့တိုက်ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ဘယ်အခါမှာဖြည့်စွက်စာ ကျွေးသင့်ပါသလဲ
ကလေးငယ်အသက် ၄ လကျော်လာလျှင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် အာဟာရ ပိုမိုလိုအပ်လာသဖြင့် မိခင်နို့အပြင် အခြားဖြည့်စွက်စာများကိုလဲ စတင်ကျွေးမွေးသင့်ပါတယ်။

ကလေးကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ
နို့တိုက်ကျွေးနေသောကလေးများအနေနဲ့ အောက်ပါနှုန်းအတိုင်း ကိုယ်အလေးချိန်တက်ပါတယ်။ -
အသက် ၄ လ အထိ တစ်ပါတ်လျှင် ၁၇၀ ဂရမ်
အသက် ၄ လမှ ၆ လအထိ တစ်ပါတ်လျှင် ၁၁၃ မှ ၁၄၂ ဂရမ်
အသက် ၆ လမှ ၁ နှစ်အထိ တစ်ပါတ်လျှင် ၅၇ ဂရမ်မှ ၁၁၃ ဂရမ် ။
အကြမ်းဖျင်းအားဖြင့် အသက် ၄ လအချိန်တွင် မွေးဖွားစဉ်က ရှိသော ကိုယ်အလေးချိန်ထက် ၂ ဆ ရှိရပါမယ်။

Exclusive Breast Feeding
Exclusive breast feeding ဆိုတာ တခြားအစား အစာများ မကျွေးဘဲ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းကိုခေါ်ပါတယ်။ ကလေးငယ်ကို မိခင်နို့မှတပါး ရေတောင်မှ မတိုက်ရပါဘူး ။ ရေတိုက်ဖို့လဲ မလိုအပ်ပါဘူး ။ မိခင်နို့မှာ ရေဓါတ်ပါဝင်မှုက ၈၈ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ရေထပ်မံတိုက်ကျွေးစရာမလိုပါဘူး ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကလေး အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။

လုပ်ငန်းခွင်ဝင်သော မိခင်များဘယ်လိုနို့တိုက်ကျွေးမလဲ
လုပ်ငန်းခွင်ဝင်သော မိခင်များအနေနဲ့ မိမိရင်သွေးကို ဆက်လက်နို့တိုက်ကျွေးလို့ရပါတယ်။ အလုပ်မသွားမီ နို့ရည်ကို စနစ်တကျ သန့်ရှင်းစွာ ညှစ်ယူပြီး ၊ သန့်ရှင်းသော ဖန်ခွက်အတွင်းသိုလှောင်ထားပြီး တိုက်ကျွေးသင့်ပါတယ်။ ညှစ်ထားသော နို့ရည်များ ( Expressed Breastmilk ) များကို အေးသော နေရာမှာထားရပါမယ်။ သို့သော် ရေခဲရလောက်အောင် မအေးရပါ။ အလွန်အေးပါက နို့ရည်အတွင်းရှိ အချို့သော ဆဲလ်များ သေသွားတတ်သောကြာင့် နို့ရည်ကို ခဲမထားရပါ။ အနည်းငယ်အေးလျှင်ရပါသည်။

ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်
နှစ်စဉ် သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိ ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်အဖြစ်သတ်မှတ်ပြီး နိုင်ငံအသီးသီးတွင် မိခင်နို့တိုက်ကျွေးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာလဲ ၁၉၉၂ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပါတယ်။

ယခုနောက်ပိုင်းဖွံ့ ဖြိုးတိုးတက်လာသောကာလတွင် မိခင်နို့တိုက်ကျွေးမှုမှာနည်းပါးလာပြီး ၊ နို့မှုန့်နှင့် အခြားသော နို့အစားထိုးပစ္စည်းများကို အသုံးပြုလာကြပါတယ်။ ထိုအခါ အာဟာရမလုံလောက်ခြင်း ၊ ကူးစက်ရောဂါများပိုမို ကူးစက်ခံရခြင်း ၊ အချိန်မတန်ဘဲ အသက်ဆုံးရှုံးရခြင်းများကို ကြုံတွေ့လာရပါတယ်။တို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၉၉၀ ခုနှစ်မှာ နို့မှုန့်နှင့် အခြားနို့အစားထိုးပစ္စည်းများ ကြော်ငြာရောင်းချခြင်းကို တားမြစ်သည့် ကြေညာချက် ( Innocenti Declaration ) ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ အောက်ပါအချက်အလက်များလဲပါဝင်ပါတယ်။
၁။ နို့မှုန့်နှင့် နို့အစားထိုးပစ္စည်းများကို ကြော်ညာခြင်းမပြုရ။
၂။ ထိုပစ္စည်းများကို မိခင်များသို့ နမူနာ မဖြန့်ဝေရ ။
၃။ နမူနာပေးခြင်း ၊ ဈေးလျှော့ခြင်းကဲ့သို့သော အရောင်းမြှင့်တင်ခြင်းမျိုးမလုပ်ရ။
၎။ နမူနာများကို ကျန်းမာရေးဝန်ထမ်းများအား မပေးရ။
၅။ ဗူးခွံများတွင် ကလေးငယ်ပုံများ ၊ နို့အစားထိုးပစ္စည်းများကို ကြော်ညာသည့် စာတမ်းများရေးသားခြင်းမပြုရ ။
ကုမ္ပဏီများ ၊ ထုတ်လုပ်သော စက်ရုံများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသော ဥပဒေများအရ အရေးယူခြင်းခံရပါမယ်။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ရင်သွေးငယ်တို့ ဘ၀ ကျန်းမာရှင်သန်စေဖို့အတွက် မိခင်နို့တိုက်ကျွေးကြပါလို့ နှိုးဆော်လိုက်ရပါတယ်။ လေးစားစွာဖြင့် -


နို့တိုက်ကျွေးသည့် ခန္ဓာကိုယ်အနေအထား







ကိုးကားစာရင်း : -
၁။ Ghai Essential Pediatrics , 5th edition.
၂။ http://en.wikipedia.org/wiki/Breastfeeding
၃။ http://www.nes.scot.nhs.uk/pharmacy/breastfeeding/topic4/physiology.html
၎။ http://www.fertilityuk.org/nfps50.html
၅။ http://www.growingwell.com/faqs/genfaqsbreastfeeding.htm
၆။ http://www.faqs.org/nutrition/Ar-Bu/Breastfeeding.html
၇။ http://www.mamadearest.ca/en/info/benefits_breastfeeding.htm
၈။ http://www.youtube.com/watch?v=cSb3XT88YxY
၉။ www.youtube.com

ကျိန်စာသင့်နေသူလေးများ ( TOF )


ကျွန်တော်တင်ပြမယ့် ကျိန်စာသင့်နေသူလေးတွေကတော့ မွေးရာပါ နှလုံးရောဂါရှင်လေးများအကြောင်းပါ ။ မွေးရာပါ နှလုံးရောဂါ ပုံစံအမျိုးမျိုးရှိသည့်အထဲက TOF ( Tetralogy Of Fallot ) လို့ခေါ်တဲ့ နှလုံးရောဂါအမျိုးအစားကို ခံစားနေကြရတာပါ။ ဒီလိုရောဂါရှင်လေးတွေဟာ မကြာခဏဆိုသလို ရုတ်တရက် တစ်ကိုယ်လုံးပြာနှမ်းပြီး ( cyanosis ) ၊ သတိလစ်ခြင်းများကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါကို တနည်းအားဖြင့် ( Tet Spell or Blue Spell ) လို့လည်းခေါ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကျိန်စာသင့်နေသူလေးများ ( သို့ ) အပြာရောင်ကျိန်စာထဲက သူ့တို့လေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။

TOF ( Tetralogy Of Fallot ) ဆိုတာဘာလဲ
TOF ဆိုတာကတော့ မွေးရာပါ နှလုံးရောဂါတစ်ခုပါ။ Tetra ဆိုတာ လေးခု ၊ လေးမျိုး ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ ဒီရောဂါမှာ ထင်ရှားတဲ့ လက္ခဏာအချက် ၄ ချက်ရှိတဲ့အတွက် tetra ဆိုတဲ့စကားလုံးကို အသုံးပြုထားတာပါ။ Fallot ဆိုတာကတော့ ဒီရောဂါကို စတင် တင်ပြခဲ့သူ ပြင်သစ်ဆေးပညာရှင် Etienne Fallot ရဲ့အမည်ကို ဂုဏ်ပြုခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ ၁၈၈၈ ခုနှစ်မှာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ TOF မှာ ပါရှိတဲ့ အဓိကလက္ခဏာ ၄ ခုကတော့ -

၁။ နှလုံးသွေးလွှတ်ခန်း နှစ်ခုကြားရှိ နံရံတွင် အပေါက်ပါရှိခြင်း ( VSD - Ventricular Septal Defect )။
၂။ အဆုတ်သွေးကြောမကြီးကျဉ်းမြောင်းနေခြင်း ( Pulmonary Stenosis ) - ဒီနေရာမှာ ၂ မျိုးထပ်ခွဲနိုင်ပါတယ်။ အဆို့ရှင်များကျဉ်းမြောင်းနေပါက ( Pulmonary Valvular Stenosis ) လို့ခေါ်ပြီး ၊ အဆို့ရှင်တွေရဲ့ အောက်နားမှာကျဉ်းမြောင်းနေပါက ( Infundibular Stenosis ) လို့ခေါ်ပါတယ်။
၃။ သွေးလွှတ်ကြောမကြီး နေရာလွဲမှားစွာတည်ရှိခြင်း ( Overriding Of Aorta )။
၎။ နှလုံးညာဘက် သွေးလွှတ်ခန်း ကြွက်သားများ သာမန်ထက်ကြီးထွားလာခြင်း ( Right Ventricular Hypertrophy )။

Photo Sharing and Video Hosting at Photobucket

အဖြစ်များတတ်ပါသလား

မွေးရာပါ နှလုံးရောဂါတွေရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ကလေးငယ် ၁၅၀၀ မွေးမယ်ဆိုရင် TOF တစ်ယောက်ပါရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီလို ကလေးငယ်လေးတွေ အမြောက်အများရှိပါတယ်။ TOF ဟာ အခြားသော မွေးရာပါရောဂါများ ( ဥပမာ - Down's Syndrome ) နှင့်လည်း အတူတူတွဲဖက်တွေ့ရှိရတတ်ပါတယ်။

နှလုံးနှင့် သွေးလှည့်ပတ်စီးဆင်းပုံ
TOF အကြောင်းကို နားလည်သဘောပေါက်ဖို့အတွက် ကျန်းမာတဲ့ နှလုံးတစ်ခုဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ဦးစွာသိရှိဖို့လိုပါတယ်။
ကလေးတစ်ယောက်ရဲ့ နှလုံးဟာ အဲဒီကလေးရဲ့ လက်သီးဆုပ် ပမာဏခန့်သာရှိပြီး ၊ တစ်နေ့ကို အကြိမ် ၁၀၀,၀၀၀ ထိခုန်ပါတယ်။ နှစ်လုံးရဲ့ ဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင် အခန်း၎ ခန်းရှိပါတယ်-
*သွေးဝင်ခန်း ( Atrium )နှစ်ခန်း၊
*သွေးလွှတ်ခန်း ( ventricle ) နှစ်ခန်းပါရှိပါတယ်။
သွေးဝင်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာ ပိုင်းခြားထားပေးတဲ့ နံရ
ံ ( Atrial Spetum ) ပါရှိသလို ၊ သွေးလွှတ်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာလဲ ပိုင်းခြားထားပေးတဲ့ နံရံ ( Ventricular Septum )ပါရှိပါတယ်။ သွေးဝင်ခန်းနဲ့ သွေးလွှတ်ခန်းတွေကိုတော့ အဆို့ရှင် ( Valve ) တွေနဲ့ ပိုင်းခြားထားပါတယ်။

Photo Sharing and Video Hosting at Photobucket
နှလုံး၏ အစိတ်အပိုင်းများ

လူတစ်ယောက်အသက်ရှင်ဖို့ အတွက် မရှိမဖြစ်လိုအပ်နေတာကတော့ အောက်စီဂျင်ပဲဖြစ်ပါတယ်။ ဆဲလ်တွေရှင်သန်ဖို့ ၊ အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ အောက်စီဂျင်ဟာ အဓိက ရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ ဒီလို အောက်စီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးက အသုံးပြုနိုင်ဖို့အတွက် အဆုတ်နဲ့ နှလုံး အပါအ၀င် သွေးလှည့်ပတ်မှုစနစ် အားလုံးက လုပ်ဆောင်ပေးကြပါတယ်။ လေထဲမှာပါလာတဲ့ အောက်စီဂျင်တွေဟာ အဆုတ်ကနေတစ်ဆင့် အဆုတ်ထဲမှာရှိတဲ့ သွေးကြောတွေထဲက သွေးထဲကိုရောက်ရှိသွားကြပါတယ်။ ထို့နောက် အဲဒီလို အောက်စီဂျင်ပြည့်ဝနေတဲ့သွေးတွေကို နှလုံးဆီကို သယ်ဆောင်သွားပါတယ်။ နှလုံးရဲ့ ဘယ်ဘက်သွေးဝင်ခန်းအတွင်းရောက်ရှိလာပါတယ်။ထို့နောက် အဆို့ရှင် ( Mitral Valve ) ကိုဖြတ်သန်းကာ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိပါတယ်။ ထိုမှတဆင့် သွေးလွှတ်ကြောမကြီးကို ဖြတ်သန်းကာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးဆီကိုရောက်ရှိသွားပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေကို အသုံးပြုပြီးတဲ့အခါမှာ မလိုအပ်တော့တဲ့ ကာဗွန်ဒိုင်အောင်ဆိုဒ်တွေ ထွက်လာပါတယ်။ အဲဒီ ဓါတ်ပစ္စည်းတွေဟာ သွေးထဲကိုရောက်ရှိလာပြီး သွေးပြန်ကြောများမှတဆင့် နှလုံးရဲ့ ညာဘက် သွေးဝင်ခန်းထဲကို ရောက်ပါတယ်။ညာဘက် သွေးဝင်ခန်းမှတဆင့် အဆို့ရှင် ( Tricuspid Valve ) ကိုဖြတ်သန်းပြီး ညာဘက်သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ ထို့နောက် အဆုတ်ထဲကိုပြန်လည်ရောက်ရှိပြီး ကာဗွန်ဒိုင်အောင်ဆိုဒ်တွေကို စွန့်ထုတ်ပြီး ၊ အောက်စီဂျင်ကို ပြန်လည် သယ်ယူပါတယ်။ ဒါကတော့ နှလုံးနဲ့ သွေးလည်ပတ်မှုအဖွဲ့အစည်း ရဲ့ လုပ်ဆောင်မှုပဲဖြစ်ပါတယ်။

TOF တွင် သွေးလှည့်ပတ်စီးဆင်းပုံ
TOF မှာ ခန္ဓာကိုယ်ကနေ နှလုံးထဲကိုဝင်ရောက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေသာပါဝင်တဲ့ သွေး ( Deoxygenated Blood ) တွေဟာ နှလုံးရဲ့ ညာဘက် သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ သာမန်နှလုံးတွင် ညာဘက် သွေးလွှတ်ခန်းထဲကသွေးတွေဟာ အဆုတ်သွေးကြောကိုဖြတ်သန်းပြီး အဆုတ်ဆီကိုရောက်ရှိရမယ့်အစား ၊ TOF တွင်အဆုတ်သွေးကြောကျဉ်းမြောင်းနေတဲ့အတွက် သွေးတွေဟာ အဆုတ်ဆီကို မ၀င်ရောက်နိုင်ဘဲ ညာဘက်သွေးလွှတ်ခန်းထဲမှာ စုအောင်းနေပါတယ်။ ထိုအခါ ညာဘက်သွေးလွှတ်ခန်း အတွင်း သွေးဖိအားများလာပါတယ်။ ညာဘက်သွေးလွှတ်ခန်းဟာ သာမန်ထက်ပိုအလုပ်လုပ်ရတဲ့အတွက် သွေးလွှတ်ခန်းကြွက်သားတွေဟာ သာမန်ထက်ပိုကြီးထွားလာပါတယ် ( Ventricular Hypertrophy )။ ဒီလိုသွေးဖိအားတွေများလာတဲ့ အခါ ညာဘက် သွေးလွှတ်ခန်းအတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့သွေးတွေဟာ သွေးလွှတ်ခန်းနှစ်ခုကြားမှာရှိတဲ့ အပေါက်ကတဆင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိသွားပြီး အဆုတ်ကနေလာတဲ့ အောက်စီဂျင်ပါတဲ့ သွေး ( Oxygenated Blood ) တွေနဲ့ရောသွားပါတယ်။ ဒါကြောင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွားတဲ့ သွေးတွေဟာ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် နှစ်မျိုးလုံးပါဝင်တဲ့အတွက် ဆဲလ်များတွင် လုံလောက်တဲ့ အောက်စီဂျင်ပမာဏကို မရကြပါဘူး။ အောက်စီဂျင်မလုံလောက်တဲ့အတွက် အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပါဘူး ။ ဥပမာ - ဦးနှောက်ဆီသို့ အောက်စီဂျင်မလုံလောက်ပါက ဦးနှောက်ဆဲလ်များသေဆုံးသွားပြီး အသက်ဆုံးရှုံးမှုများ ဖြစ်နိုင်ပါတယ်။အောက်စီဂျင်မလုံလောက်တဲ့ လက္ခဏာတွေအနေနဲ့ ပြာနှမ်းခြင်း ( Cyanosis ) ၊ သတိလစ်ခြင်း ( Loss of consciousness ) တို့ကိုတွေ့ရှိနိုင်ပါတယ်။

Photo Sharing and Video Hosting at Photobucket
သွေးလည်ပတ်စီးဆင်းပုံ

ဘာကြောင့်ဖြစ်ရတာလဲ
TOF ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး ။ မျိုးရိုးလိုက်ခြင်းကြောင့်လဲ ဒီရောဂါရနိုင်ပါတယ်။ ဥပမာ - မိဘများတွင် မွေးရာပါ နှလုံးရောဂါတစ်ခုခုရှိပါက မွေးလာသောကလေးမှာ TOF ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇနှင့်ဆိုင်သောမွေးရာပါ ရောဂါများ ( ဥပမာ - Down's Syndrome , DiGeorge's Syndrome ) တွင် TOF ကိုပါ တွဲဖက်တွေ့ရှိရလေ့ရှိပါတယ်။ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုမသိရှိပေမယ့် အောက်ပါအခြေအနေတွေကြောင့် TOF ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
၁။ ကိုယ်ဝန်ဆောင်မိခင်များ အရက်( Alcohol ) သောက်ခြင်း ။
၂။ ကိုယ်ဝန်ဆောင်မိခင်များ အဟာရချို့တဲ့ခြင်း ( Poor nutrition during pregnancy )။
၃။ ကိုယ်ဝန်ဆောင်စဉ် ဗိုင်းရပ်စ်ရောဂါ ( Viral Infection ) ခံစားရခြင်း ။( eg. German Measles- rubella )
၎။ ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါ ( Diabetes ) ရှိခြင်း ။
၅။ ကိုယ်ဝန်ဆောင်မိခင်၏ အသက် ၄၀ ကျော်ခြင်း ။

လက္ခဏာများ
TOF ကလေးငယ်တွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာတွေကတော့ -
၁။ အောက်စီဂျင်ပမာဏလျှော့နည်းခြင်းကြောင့် ပြာနှမ်းခြင်း ( Cyanosis ) ၊ အထူးသဖြင့် မျက်နှာ ၊ နှုတ်ခမ်းနှင့် လက်ချောင်းလေးတွေမှာတွေ့ရတတ်ပါတယ်။
၂။ အပင်ပန်းမခံနိုင်ခြင်း ။
၃။အစာစားရာတွင်ခက်ခဲခြင်း ( Poor Feeding )။
၎။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပါက အောက်စီဂျင် ပမာဏ ရုတ်တရက်ကျဆင်းပြီး တစ်ကိုယ်လုံးပြာနှမ်းကာ သတိလစ်ခြင်း ( Tet Spells ) ။မကြာခဏ ခံစားရတတ်ပါတယ်။
၅။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးခြင်း ။
၆။ လက်ချောင်းထိပ်လေးများ တင်းပုတ်ကဲ့သို့ ကြီးထွားလုံးဝန်းနေခြင်း ( Clubbing ) ။
Photo Sharing and Video Hosting at Photobucket

၇။ နှလုံးတွင်း သွေးလှည့်ပတ်စီးဆင်းမှုတွင် အတားအဆီးရှိနေခြင်းကြောင့် နှလုံးခုန်သံမှာ သာမန်ကဲ့သို့ မဟုတ်ဘဲ ဆူညံသံများ ရှိနေခြင်း ( MurMur)။
ဒီလက္ခာတွေဟာ ကလေးမွေးဖွားပြီး ရက်သတ္တပါတ်အနည်းငယ်အတွင်းမှာ ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် ကလေးဟာ ငိုနေစဉ် တစ်ကိုယ်လုံးပြာလာပြီး သတိလစ်ခြင်းပုံစံမျိုးအနေဖြင့် တွေ့ရှိသတိပြုမိနိုင်ပါတယ်။

ဘယ်လိုသိရှိနိုင်လဲ
အထက်ပါ လက္ခာတွေအပြင် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကြောင့်လဲ သိရှိနိုင်ပါတယ်။
၁။ Echocardiogram
၂။ ECG - Electrocardiogram
၃။ Chest X'ray
၎။ Pulse Oximetry ဖြင့် သွေးထဲရှိ အောက်စီဂျင် ပမာဏကိုတိုင်းတာခြင်း ။
၅။ Cardiac Catheterization

ဘယ်လိုကုသမလဲ
အရေးပေါ်ကုသခြင်း
သွေးအတွင်းအောက်စီဂျင် ရုတ်တရက်ကျဆင်းခြင်းသည် အသက်ဆုံးရှုံးမှုကိုဖြစ်စေနိုင်တဲ့အတွက် အရေးပေါ်ကုသဖို့လိုအပ်ပါတယ်။ ကလေးဟာ ရုတ်တရက် ပြာလာပြီး မူးလဲပါက ကလေးကို မြေပြင်တွင် ဘေးတစ်စောင်းလှဲချထားပါ ။ ထို့နောက် ကလေး၏ ဒူးခေါင်းကို ရင်ဘတ်ကိုထိလောက်အောင် ကွေးထားပေးပါ။( Knee-Chest Position ) ။ ဒီပုံစံဟာ ဆောင့်ကြောင့်ထိုင်တဲ့ပုံစံနဲ့ဆင်တူပါတယ်။ ကလေးကြီးတွေဟာ မကြာခဏ ဒီလိုခံစားဖူးတဲ့အတွက် နောက်တစ်ခါဖြစ်လာပါက အလိုအလျှောက် မိမိတို့ဘာသာ ဆောင့်ကြောင့်ထိုင်ပြီး ကုသသည့် အလေ့အကျင့်ရသွားတတ်ပါတယ်။ ဒီလိုဆောင့်ကြောင့်ထိုင်လိုက်တဲ့အတွက် သွေးလွှတ်ကြောမကြီးထဲမှာရှိတဲ့ သွေးဖိအားတက်လာပါတယ်။ ထိုမှတဆင့် ဘယ်ဘက် သွေးလွှတ်ခန်းမအတွင်းရှိသွေးဖိအားပါတက်လာပြီး ညာဘက်သွေးလွှတ်ခန်းမှသွေး( Deoxygenated blood ) များ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ ထိုသို့ဖြင့် Deoxygenated Blood များ သွေးအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ သို့သော် ထိုသို့လက္ခဏာမျိုးခံစားရပါက နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူဖို့လိုအပ်ပါတယ်။

ခွဲစိတ်ကုသခြင်း
TOF တွင်ရှိနေသော နှလုံးအတွင်း ချို့ယွင်းမှုများကိုတော့ ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။

ဘယ်လောက်ထိအသက်ရှင်နိုင်လဲ
ခွဲစိတ်ကုသမှုမခံယူပါက TOF ဝေဒနာရှင်များရဲ့ ၁၀ ရာခိုင်နှုန်းသာ အသက် ၂၀ ကျော်ထိအသက်ရှင်နိုင်ပါတယ်။ ဒီရောဂါဟာ ကာလကြာရှည်စွာ ဖြစ်နေမယ်ဆိုရင် နှလုံး ၊ အဆုတ် ၊ သွေးလည်ပတ်မှုနှင့်ဆိုင်သော အခြားသော နောက်ဆက်တွဲဆိုးကျိုးများကိုပါ ခံစားလာရနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် TOF ဝေဒနာရှင်လေးတွေဟာ တစ်သက်လုံး ကုသမှုတွေကို ခံယူဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာ သမားတော်များနှင့် တိုင်ပင်ဆွေးနွေးကုသမှုများလိုအပ်ပါတယ်။ ထို့အပြင် မိဘများရဲ့ နွေးထွေးစွာ ပြုစုယုယမှုတွေဟာလည်း ကလေးငယ်တွေရဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် TOF ကလေးငယ်လေးများ သက်တမ်းစေ့နေနိုင်စေဖို့အတွက် အားလုံးဝိုင်းဝန်းစောင့်ရှောက်ကြနိုင်စေရန်တင်ပြလိုက်ပါတယ်။လေးစားစွာဖြင့် -

ကိုးကားစာရင်း -

၁။ Nelson Textbook of Pediatrics , 17th edition.
၂။http://www.achaheart.org/resource/icon_cheartdefects_tdf.php#whatlongterm
၃။http://en.wikipedia.org/wiki/Tetralogy_of_fallot
၎။http://www.americanheart.org/presenter.jhtml?identifier=11071
၅။http://www.nhlbi.nih.gov/health/dci/Diseases/tof/tof_summary.html
၆။http://www.cincinnatichildrens.org/health/heart-encyclopedia/anomalies/tof.htm
၇။http://www.mayoclinic.com/health/tetralogy-of-fallot/DS00615/DSECTION=4
၈။http://www.emedicine.com/EMERG/topic575.htm
၉။http://www.emedicinehealth.com/tetralogy_of_fallot/article_em.htm
၁၀။http://www.nlm.nih.gov/medlineplus/ency/article/001567.htm#Causes,%20incidence,%20and%20risk%20factors

နေရာလွဲနေသူလေးများ ( Ectopic Pregnancy )


လူဘ၀ဆိုတာ အလွန်ရခဲလှပါတယ်။ ခက်ခဲလှတဲ့လူဘ၀ထဲကိုရောက်ဖို့ မိခင်ဝမ်းထဲမှာ ကိုးလလွယ်ပြီး၊ဆယ်လ ဖွားမြင်ခဲ့ကာ လူရယ်လို့ဖြစ်လာကြပါတယ်။ တစ်ချို့က လောကကြီးထဲကို အဆင်ပြေပြေနဲ့ ရောက်ခဲ့သလို ၊ အချို့ကလည်း အဆင်မပြေမှုပေါင်းများစွာနဲ့ရောက်လာကြပါတယ်။ ဒီလိုလွဲမှားမှုတွေထဲမှာ သူတို့လေးတွေဟာလဲ လွဲမှားခြင်းများစွာနဲ့ လူ့ဘ၀ထဲကို ၀င်ရောက်ဖို့အကြောင်းဖန်လာကြတာပါ။ ဒါပေမယ့် အကြောင်းမလှခဲ့ကြလို့ လူသားတစ်ယောက်ဖြစ်ခွင့်မရခဲ့ကြပါဘူး။ သူတို့လေးတွေရဲ့ လွဲမှားမှုတွေကို ပိုက်ထွေးခဲ့ရသူမိခင်တွေမှာလဲ အခက်အခဲ ပေါင်းများစွာနဲ့ ကြုံတွေ့ရသလို ၊ မိမိတို့အသက်ကိုပါ ရင်းနှီးလိုက်ရသူတွေလဲရှိပါတယ်။ ဒါဆိုရင် သူတို့လေးတွေ ၊ တစ်နည်းအားဖြင့် လူသားအလောင်းအလျာလေးတွေမှာ ဘာတွေလွဲမှားနေကြရတာလဲ။ သူတို့လေးတွေလွဲနေတာကတော့ နေရာလွဲမှားမှုပဲဖြစ်ပါတယ်။ လူရယ်လို့မဖြစ်ခင်ကတည်းက လွဲမှားမှုတွေနဲ့ သူတို့လေးတွေအကြောင်း၊ သို့မဟုတ် နေရာလွဲသန္ဓေတည်ခြင်းအကြာင်း ( Ectopic Pregnancy ) ကို တင်ပြပေးလိုက်ပါတယ်။

နေရာလွဲသန္ဓေ ( Ectopic Pregnancy ) ဆိုတာဘာလဲ
နေရာလွဲသန္ဓေဆိုတာကတော့ သန္ဓေသားလောင်းဟာ မိခင်ရဲ့ သားအိမ်အတွင်းမှာ စွဲတည် ကြီးပြင်ရမယ့်အစား ၊ သားအိမ်အရဲ့ အပြင်ဘက် အခြားသောနေရာတွေမှာ စွဲတည်နေခြင်းကို ခေါ်တာပါ ။ မိခင်ရဲ့ သားအိမ်သည်သာ သန္ဓေသားအတွက် ကြီးထွားရှင်သန်ဖို့ အကောင်းဆုံးနေရာဖြစ်တဲ့အတွက် ၊ ဒီလို သားအိမ်ရဲ့ ပြင်ပမှာ နေရာလွဲမှားစွာ စွဲတည်ခဲ့ကြတဲ့ သန္ဓေသားလောင်းတွေဟာ လူသားတစ်ယောက်အဖြစ် ကြီးထွားရှင်သန်ခွင့်မရကြပါဘူး။ မိခင်တွေမှာလည်း အသက်ဘေးနဲ့ ရင်ဆိုင်ကြရပါတယ်။

မမျိုးပွားအင်္ဂါ နှင့် သန္ဓေစွဲတည်ခြင်း
နေရာလွဲ သန္ဓေ အကြောင်းကို သိရှိဖို့အတွက် မမျိုးပွားအင်္ဂါ အကြောင်းကို ရှေးဦးစွာသိရှိဖို့လိုအပ်ပါတယ်။ မမျိုးပွားအင်္ဂါမှာ အဓိက ပါဝင်တဲ့အစိတ်အပိုင်းတွေကတော့ -
၁။ သားအိမ် ( Uterus )
၂။ သားဥ နှစ်လုံး ( Ovaries , left and right )
၃။ သားဥပြွန် ( Ovidut or Fallopian Tube )
၎။ သားအိမ်ခေါင်းအပိုင်း ( Cervix )
၅။ ယောနိလမ်းကြောင်း ( Vagina ) တို့ပဲဖြစ်ပါတယ် ။

သားအိမ်ဟာ ၀မ်းဗိုက်အောက်ဘက်ပိုင်း ၊ ဆီးအိမ်( Urinary Bladder )ရဲ့ အနောက်ဘက်မှာတည်ရှိပြီး ၊ သားအိမ်ရဲ့ ဘေး ဘယ်၊ ညာ တစ်ဖက်တစ်ချက်မှာတော့ သားဥ ( Ovary ) တစ်လုံးစီ တည်ရှိပါတယ်။ သာအိမ်နဲ့ သားဥကို ဆက်သွယ်ပေးထားတာကတော့ သားဥပြွန် ( Ovidut or Fallopian Tube ) တွေပဲဖြစ်ပါတယ်။ သားဥပြွန်တွေရဲ့ အဖျားပိုင်းမှာတော့ သားဥမှ ခြွေချပေးလိုက်တဲ့ မျိုးဥတွေကို ဖမ်းယူဖို့ လက်ချောင်းပုံစံ အမြှင်( Fimbria )လေးများပါရှိပါတယ်။

Photo Sharing and Video Hosting at Photobucket
မမျိုးပွားအင်္ဂါ

အမျိုးသမီးတစ်ယောက် အပျိုဖော်ဝင်သည့်အရွယ်မှစတင်ပြီး သားဥတွေက မျိုးဥများကို စတင်ခြွေချပေးပါတယ်။ ဓမ္မတာသွေးစတင်လည်ပတ်ပြီး မိခင်လောင်းဘ၀ကို ခံယူဖို့ပြင်ဆင်ကြပါတယ်။ ထိုကဲ့သို့ သားဥမှ မျိုးဥများခြွေချပေးခြင်းကို သားဥကြွေခြင်း ( Ovulation ) လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် သားဥမှခြွေချပေးလိုက်သော မျိုးဥများကို သားဥပြွန်က ဖမ်းယူပါတယ်။ ထိုသို့ဖမ်းယူထားသော မျိုးဥများသည် အမျိုးသား၏ သုတ်သွေး ( Sperm ) နှင့် တွေ့ဆုံမိကာ မျိုးပွားမှုဖြစ်စဉ်များ ဖြစ်လာပါတယ်။ သုတ်သွေးသည် မမျိုးပွားလမ်းကြောင်းအတွင်းတွင် ၂၄ နာရီ အသက်ရှင်နိုင်ပြီး ၊ မမျိုးဥသည် ကြွေကျသည့်အချိန်မှ ၁၂ နာရီ မှ ၂၄ နာရီအထိ ရှင်သန်ပါတယ်။ ပုံမှန်အားဖြင့် မမျိုးဥ နှင့် သုတ်သွေးတွေ့ဆုံပြီး မျိုးပွားဖြစ်စဉ်များ ( Fertilization ) စတင်ဖြစ်ပွားသောနေရာမှာ သားဥပြွန်၏ အကျယ်ဆုံးအပိုင်းဖြစ်သည့် ထိပ်ဖျားပိုင်း ( Ampullary region ) ဖြစ်ပါတယ်။ မျိုးအောင်သော မျိုးဥများ ( Fertilized egg ) ကို သားဥပြွန်တစ်လျှောက်သယ်ဆောင်သွားပြီး သားအိမ်ဆီသို့ပို့ဆောင်ပေးပါတယ်။ ထို့နောက် သန္ဓေသားလောင်းသည် သားအိမ်ရဲ့ နံရံမှာ စွဲတည်ပြီး ကြီးထွားလာပါတယ်။

Photo Sharing and Video Hosting at Photobucket

မျိုးအောင်သော မျိုးဥများအား သားအိမ်ဆီသို့သယ်ဆောင်ပေးပုံ

နေရာလွဲသန္ဓေတွင် သန္ဓေသားလောင်းသည် သားအိမ်ဆီကိုမရောက်ဘဲ သားအိမ်၏ပြင်ပနေရာများမှာ စွဲတည်နေခြင်းဖြစ်ပါတယ်။

နေရာလွဲသန္ဓေစွဲတည်တတ်သောနေရာများ
နေရာလွဲသန္ဓေစွဲတည်တတ်သောနေရာတွေကတော့ -
၁။ သားဥပြွန် ( Fallopian tube )
နေရာလွဲ သန္ဓေဖြစ်ပွားမှု၏ ၉၅ ရာခိုင်နှုန်းသည် သားဥပြွန်တွင်ဖြစ်ပွားပြီး ( Tubal Pregnancey ) လို့ခေါ်ပါတယ်။ များသောအားဖြင့် သားဥပြွန်၏ အကျယ်ဆုံး အဖျားပိုင်း (Ampullary Region ) မှာ ဖြစ်ပွားပါတယ်။
၂။ သားဥ ( Ovary ) တွင်စွဲတည်ခြင်း ။
၃။ ၀မ်းဗိုက်ခေါင်း ( Abdominal Cavity ) အတွင်းတွင် စွဲတည်ခြင်း ။
၎။ သားအိမ်ခေါင်း ( Cervix ) အပိုင်းတွင် စွဲတည်ခြင်း ။
နေရာလွဲ သန္ဓေလောင်းများသည် ပုံမှန်ကလေးတစ်ယောက်အဖြစ်သို့ မည်သည့်အခါမျှ မရောက်ရှိဘဲ ပျက်ဆီးသွားတတ်ကြသည်။



Photo Sharing and Video Hosting at Photobucket
နေရာလွဲသန္ဓေစွဲတည်တတ်သော နေရာများ
Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket
( E သည် ညာဘက်သားဥပြွန်အတွင်းမှ နေရာလွဲသန္ဓေဖြစ်သည် )

သားဥပြွန်အတွင်းမှ နေရာလွဲသန္ဓေများ

နေရာလွဲသန္ဓေဖြစ်စေတတ်သော အကြောင်းအရင်းများ
နေရာလွဲသန္ဓေဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိရှိပါဘူး။ များသောအားဖြင့် သားဥပြွန်လမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဖြစ်တတ်ပါတယ်။ အောက်ပါအခြေအနေတွေနဲ့
ဆက်စပ်တွေ့ရှိရတတ်ပါတယ်။ -
၁။ မမျိုးပွားအင်္ဂါများ ရောင်ရမ်းခြင်း ( PID - Pelvic Inflammatory Diseases )ကြောင့် သားဥပြွန်ပိတ်ဆို့ခြင်း ။
၂။ ယခင်က သားဥပြွန်အား ခွဲစိတ်ဖူးခြင်း ။
၃။ သားဥပြွန်ရောင်ရမ်းဖူးခြင်း ( Salpingitis )။
၎။ အူအတက်ရောင်ရမ်းခြင်း ( Appendicitis ) ။
၅။ ၀မ်းဗိုက်အတွင်းအင်္ဂါများ ခွဲစိတ်ဖူးခြင်း ( ဥပမာ - အူလမ်းကြောင်းခွဲစိတ်မှုများ )
၆။ သန္ဓေတား ပစ္စည်းများ ( Intra Uterine Contraceptive Device ) ကြောင့် သားဥပြွန်ရောင်ရမ်းခြင်း၊ ပိတ်ဆို့ခြင်း ။
၇။ သန္ဓေတားဆေးများ ။ အထူးသဖြင့် အရေးပေါ်အသုံးပြုသော တားဆေးများ ( Morning-after Pill or emergency pill )
၈။ လိင်ကြောင့်ကူးစက်တတ်သောရောဂါများ ( Sexually Transmitted Diseases - STD )။
၉။ ယခင်က နေရာလွဲ သန္ဓေတည်ဖူးခြင်း ။
နေရာလွဲသန္ဓေဟာ ကိုယ်ဝန် ၁၀၀ တွင် ၁ယောက်လောက်ဖြစ်တတ်ပါတယ်။

လက္ခဏာများ
နေရာလွဲသန္ဓေတွင် သိသာထင်ရှားသော လက္ခဏာများကို ကိုယ်ဝန် ၅ ပါတ်မှ ၊ ၈ ပါတ်အတွင်း စတင်ခံစားရတတ်ပါတယ်။ နေရာလွဲသန္ဓေတွင် အဓိက ခံစားရသောလက္ခာမှာ နာကျင်ခြင်း ( Pain ) ဖြစ်ပြီး ၊ နေရာလွဲ သန္ဓေမှ သွေးယိုစီးခြင်းကြောင့် ခံစားရခြင်းဖြစ်သည် ။
နေရာလွဲသန္ဓေ ဖြစ်ပွားပါက အောက်ပါ လက္ခဏာများကို ခံစားရပါတယ်။
၁။ အစောပိုင်းတွင် သာမန်ကိုယ်ဝန်ကဲ့သို့ လက္ခဏာများ ( ဥပမာ - ဓမ္မတာထိန်ခြင်း ၊ ပျို့အန်ခြင်း ၊ ရင်သားများနာကျင်ခြင်း ) ကို ခံစားရပါတယ်။
၂။ အဓိက အရေးကြီးသော လက္ခဏာကတော့ ၀မ်းဗိုက်အတွင်း နာကျင်ခြင်း ( Abdominal Pain ) ဖြစ်ပါတယ်။ ဒါးနှင့်ထိုးသကဲ့သို့ စူးရှစွာ နာကျင်တတ်ပါတယ် ( Sharp and Stabbing pain )။ ရုတ်တရက်နာကျင်ခြင်း ( recent onset ) ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ပခုန်းထိပ်ဖျားနေရာတွင်နာကျင်ခြင်းကို ခံစားရတတ်ပါတယ် ( Shoulder Tip Pain )။
၃။ ယောနိလမ်းကြောင်းမှ သွေးယိုစီးခြင်း ( Vaginal Spotting or Bleeding ) ။
၎။ သွေးယိုစီးမှုကြောင့် သွေးဖိအားနည်းခြင်း ( Low Blood Pressure ) ၊ မေ့မြောခြင်း ( Fainting )။
၅။ နောက်ကျော အောက်ဘက်ပိုင်း နာကျင်ခြင်း ( lower back pain ) ။
သွေးထွက်များပါက သွေးလန့်ခြင်း ( Shock ) ဖြစ်တတ်ပါတယ်။ အလွန်အရေးကြီးသော အခြေအနေဖြစ်ပြီး ၊ အရေးပေါ်ထိရောက်သောကုသမှုများလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနဲ့ အထက်ပါ လက္ခဏာတွေကို ခံစားရပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန် ၊ ဆေးရုံများကို အမြန်ဆုံးဆက်သွယ်သွားရောက်ဖို့လိုအပ်ပါတယ်။

ဘယ်လိုကုသမလဲ
နေရာလွဲသန္ဓေသားသည် သာမန်သန္ဓေသားများကဲ့သို့ ကြီးထွားရှင်သန်စေဖို့ မဖြစ်နိုင်ပါ။ နောက်ဆက်တွဲဆိုးကျိုးများမဖြစ်လာမီ ဖယ်ရှားပစ်ခြင်းသည်သာ အန္ဒရာယ်အကင်းဆုံးနည်းလမ်းဖြစ်သည်။ နေရာလွဲ သန္ဓေအတွက် ကုထုံးတွေကတော့ သန္ဓေသားအရွယ်အစား ၊ အခြေအနေတွေပေါ်မှာ မူတည်ပြီးကွဲပြားပါတယ်။
၁။ သန္ဓေသားကြီးထွားလာသောကြောင့် သားဥပြွန်ပေါက်ကွဲခြင်း ၊ သွေးယိုစီးခြင်း ၊ သွေးလန့်ခြင်းကဲ့သို့ အရေးပေါ်အခြေအနေများ ကြုံတွေ့ပါက အလျင်မြန်ဆုံး ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။
၂။ အကယ်၍ သန္ဓေသားအရွယ်အစားသေးငယ်နေပါက ၊ အထက်ဖော်ပြပါ အရေးပေါ်အခြေအနေများမရှိပါက ဆေးဝါးများ ( ဥပမာ - Methotrexate ) ကို အသုံးပြုပြီး သန္ဓေသားကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။

နေရာလွဲသန္ဓေသားကို ဘယ်လိုသိနိုင်သလဲ
နေရာလွဲ သန္ဓေသားဟုတ်မဟုတ် သိရှိနိုင်သော စမ်းသပ်မှုနည်းလမ်းများ များစွာရှိသော်လည်း ( Ultrasound ) ဖြင့် သန္ဓေသားတည်ရှိနေသောနေရာကို ကြည့်ရှုခြင်းဟာ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။

နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်ပါသလား
တစ်ကြိမ်နေရာလွဲ သန္ဓေတည်ဖူးပါက နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်မှုမှာ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့်မို့လို့ နောက်တစ်ကြိမ်ကိုယ်ဝန်ဆောင်ချင်ပါက သက်ဆိုင်ရာ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် နေရာလွဲသန္ဓေတည်ခြင်းကို ကာကွယ်ဖို့ အတွက် တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးပါ ၊ လိင်မှကူးစက်တတ်သောရောဂါများမရစေဖို့ အပျော်အပါးလိုက်စားခြင်းကိုရှောင်ကျဉ်ပါ ၊ ရောဂါရရှိပါက ထိရောက်သောကုသမှုများလျင်မြန်စွာခံယူပါ။ ကျန်းမာရေးအသိ အစဉ်ရှိစွာဖြင့် လူသားတိုင်း ကျန်းမာပျော်ရွှင်ပြီး လွဲမှားမှုများမှကင်းဝေးနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။ လေးစားစွာဖြင့် -

ကိုးကားစာရင်း -
၁။ Langman's Medical Embryology 6th edition.
၂။ http://www.kidshealth.org/parent/pregnancy_newborn/pregnancy/ectopic.html
၃။ http://www.kidshealth.org/parent/general/body_basics/female_reproductive_system.html
၎။ http://en.wikipedia.org/wiki/Ectopic_pregnancy#Overview
၅။ http://images.google.ru/imgres?imgurl=http://www.pennhealth.com/health_info/pregnancy/graphics/images/en/9288.jpg&imgrefurl=http://pennhealth.com/health_info/pregnancy/000216.htm&h=320&w=400&sz=17&hl=ru&start=1&um=1&tbnid=cj7bQLsdY3ByEM:&tbnh=99&tbnw=124&prev=/images%3Fq%3Dectopic%2Bpregnancy%2B%26svnum%3D10%26um%3D1%26complete%3D1%26hl%3Dru%26lr%3D%26newwindow%3D1%26sa%3DX
၆။ http://www.womens-health.co.uk/ectopic.asp
၇။ http://www.nlm.nih.gov/medlineplus/ency/article/000895.htm
၈။ http://www.emedicinehealth.com/ectopic_pregnancy/article_em.htm

လူသားဒေါင်းလေးများအကြောင်း ( Down's Syndrome )


ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒေါင်းလေးတွေမွေးတယ်ဆိုပြီးကြားဖူးနေကြပါ။ လူကနေ ဒေါင်းလေးတွေမွေးတယ်ဆိုတော့ အထူးအဆန်းတစ်ခုလိုထင်ခဲ့မိပါတယ်။ တကယ်တော့ လူသားတစ်ယောက်ကိုမွေးဖွားတာပါ။ တနည်းအားဖြင့် ဒေါင်းစင်ဒရုန်း ( Down's Syndrome ) လို့ခေါ်တဲ့ မျိုးရိုးဗီဇဖွဲ့စည်းပုံနဲ့ပက်သက်ပြီး ဝေဒနာခံစားနေကြရတဲ့ ကလေးငယ်လေးတွေပါ။ ဒီလို ဝေဒနာရှင်ကလေးငယ်လေးတွေဟာ လူသားတစ်ယောက် ၊ ကလေးတစ်ယောက်အနေနဲ့ အပြည့်အ၀ ရပ်တည်ခွင့်မရကြပါဘူး ။ သူတို့လေးတွေမှာ မွေးရာပါ ရောဂါတစ်ခုကိုပါ လောကထဲသယ်ဆောင်လာခဲ့ရပြီး ၊ အခြားသော ရောဂါတွေကလည်း သူ့ဘ၀လေးကို ချွေဖျက်ဖို့ အသင့်စောင့်ကြိုနေပါတယ်။ ဒီလိုကံတရားရဲ့ မျက်နှာသာပေးမခံရတဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀လေးတွေဟာ အလွန်သနားဖို့ကောင်းပါတယ်။ ဒါကြောင့် သနားစရာ ဒေါင်းလေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။

ဒေါင်းစင်ဒရုန်း ( Down's Syndrome ) ဆိုတာဘာလဲ
ဒေါင်းစင်ဒရုန်း ( Down's Syndrom ) ဆိုတာ မျိုးရိုးဗီဇနဲ့ပက်သက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ၊ ရောဂါခံစားနေရတဲ့ ကလေးငယ်တွေဟာ သာမန်ကလေးငယ်တွေထက် ဥာဏ်ရည်ဥာဏ်သွေး ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှေးကွေးပါတယ်။ ဒါ့အပြင် အခြားသော မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်တွေလဲ ပါရှိလာတတ်ပါတယ်။ ဒီရောဂါအကြောင်းကိုလေ့လာမယ်ဆိုရင် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို သိရှိထားဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ဖွဲ့စည်းမှုမှာ အခြေခံအကျဆုံးအရာကတော့ ဆဲလ်( Cells ) တွေပဲဖြစ်ပါတယ်။ ဆဲလ်တွေပေါင်းစည်းပြီး တစ်ရှုး ( Tissue ) ၊ တစ်ရှုးတွေပေါင်းစည်းပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရယ်လို့ဖြစ်တည်လာပါတယ်။ ဆဲလ်တွေဖွဲ့စည်းမှု ၊ လုပ်ဆောင်မှုတွေအတွက် အရေးအကြီးဆုံးအရာကိုတော့ မျိုးရိုးဗီဇ ( Gene ) တွေက ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ ဂျင်းန် ( Gene ) ဆိုတာ DNA ( deoxyribonucleic acid ) အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားပြီး မျိုးရိုးဗီဇနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို မှတ်သားပေးထားပါတယ်။ DNA ကိုတော့ ခရိုမိုဇုန်းမော်လီကျူး ( Chromosome ) တွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် လူသားတစ်ယောက်ဖြစ်လာဖို့ဆိုရင် ခရိုမိုဇုန်းမော်လီကျူးလေးတွေကနေ စတင်ဖွဲ့စည်းတည်ဆောက်ရပါတယ်။ ကျန်းမာသန်စွမ်းတဲ့ သာမန်လူသားတစ်ယောက်ဖြစ်စေဖို့ ခရိုမိုဇုန်းတွေက အရေးကြီးတဲ့အစိတ်အပိုင်းအနေနဲ့ ပါဝင်လာပါတယ်။ လူတစ်ယောက်မှာ ခရိုမိုဇုန်း ၂၃ စုံ ( ၄၆ ခရုမိုဇုန်း ) ပါရှိပြီး ၁ မှနေ ၂၃ ထိ နံပါတ်များနဲ့မှတ်သားခေါ်ဝေါ်ကြပါတယ်။ အဲဒီခရိုမိုဇုန်းတွေပေါ်မှာမူတည်ပြီး ယောကျာင်္း ၊ မိန်းမ ၊ ကိုယ်ရည်ကိုယ်သွေးတွေဆိုတာ ဖွဲ့စည်းဖြစ်တည်လာပါတယ်။ ဒီလိုမျိုးရိုးဗီဇတွေကိုတော့ ကျွန်တော်တို့ရဲ့ မိဘနှစ်ပါးဆီကနေ အမွေဆက်ခံရရှိကြပါတယ်။ ဒေါင်းစင်ဒရုန်း( Down's Syndrom ) ကလေးငယ်တွေရဲ့ ခရုမိုဇုန်းတွေဟာ သာမန်ကလေးငယ်တွေလို ၂၃ စုံရှိရမယ့်အစား ခရုမိုဇုန်း နံပါတ် ၂၁ မှာ အပိုတစ်ခုပါရှိနေပါတယ်။ ဒါကြောင့် ဒေါင်းစင်ဒရုန်းကို ထရွိုင်ဆိုမီ ၂၁ ( Trisomy 21 ) လို့လည်းခေါ်ပါတယ်။ ( Trisomy is the presence of three, instead of the normal two, chromosomes of a particular numbered type in organism. Thus the presence of an extra chromosome 21 is called trisomy 21. ) ။ အဲဒီလို ခရိုမိုဇုန်းတစ်ခုအပိုပါရှိလိုက်တဲ့အတွက် မွေးလာတဲ့ကလေးငယ်လေးတွေရဲ့ ဘ၀ဟာ အများကြီးပြောင်းလဲသွားပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှု နှေးကွေးခြင်းအပြင် ၊ ဥာဏ်ရည်ဥာဏ်သွေး တွေဟာ သာမန်ကလေးငယ်တွေထက်နိမ့်ပါးသွားရပါတယ်။ အခြားသော မွေးရာပါရောဂါတွေကိုလည်း ခံစားကြရပါတယ်။

ဒေါင်းစင်ဒရုန်းအမျိုးအစားများ ( Types of Down's Syndrome )
အမျိုးအစားအားဖြင့် ၃ မျိုးရှိပါတယ် ။ ဒါတွေကတော့ -

၁။ ပုံမှန်ဒေါင်းစင်ဒရုန်း ( Regular type )
ဒီအမျိုးအစားမှာ ဆဲလ်အားလုံးရဲ့ ခရိုမိုဇုန်း နံပါတ် ၂၁ မှာ အပိုတစ်ခုပါရှိနေတာပါ ။ ဒေါင်းစင်ဒရုန်းဝေဒနာရှင်တွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ ဒီပုံမှန်အမျိုးအစားဖြစ်ပါတယ် ။

၂။ နေရာလွဲ အမျိုးအစား ( Translocation type )
ဒီအမျိုးအစားမှာတော့ အပိုပါလာတဲ့ ခရိုမိုဇုန်းဟာ သူရှိရမယ့် နံပါတ် ၂၁ နေရာမှာရှိမနေဘဲ အခြားခရိုမိုဇုန်းတွေမှာ သွားရောက်ပူးပေါင်းနေခြင်းပါတယ်။ ဒီခရိုမိုဇုန်းကိုတော့ မိဘနှစ်ယောက်ထဲက တစ်ယောက်က သယ်ဆောင်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအမျိုးအစားဟာ မိဘဆီက သားသမီးဆီသို့ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တဲ့အမျိုးအစားဖြစ်ပါတယ် ။( မှတ်ချက် - ဒေါင်းစင်ဒရုန်းအားလုံးဟာ မိဘဆီက မျိုးရိုးလိုက်ခြင်းမဟုတ်ပါ ။ နေရာလွဲ အမျိုးအစား ( translocation type ) တစ်ခုသာ မိဘဆီက အမွေဆက်ခံရရှိခြင်းဖြစ်ပါတယ် ) ။ ၄ ရာခိုင်နှုန်းရှိပါတယ် ။

၃။ မိုးစက် အမျိုးအစား ( Mosaic type )
ဆဲလ်အားလုံးမဟုတ်ဘဲ အချို့သောဆဲလ်များတွင်သာ ခရိုမိုဇုန်းနံပါတ် ၂၁ အပိုပါရှိတာဖြစ်ပါတယ် ။ ၂ ရာခိုင်နှုန်းရှိပါတယ် ။

ရောဂါဖြစ်ပွါးမှုနှုန်း
ကလေး အယောက် ၈၀၀ မှ ၁၀၀၀ မွေးဖွားတိုင်း ဒေါင်းစင်ဒရုန်းကလေးငယ်တစ်ယောက် ပါရှိနိုင်ပါတယ်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ရောဂါထိန်းချုပ်မှုစင်တာ ( Centre for Disease Control - CDC )၏ ခန့်မှန်းချက်အရ ကလေး ၇၃၃ ယောက်မွေးတိုင်း ဒေါင်းကလေး တစ်ယောက်ပါရှိနိုင်ပါတယ် ။ ၉၅ ရာခိုင်နှုန်းဟာ ထရွိုင်ဆိုမီ၂၁ အမျိုးအစား ( regular type ) ဖြစ်ပါတယ်။ ဒေါင်းစင်ခရုန်းဟာ လူမျိုးမရွေး ၊ နေရာဒေသမရွေးဖြစ်တတ်ပါတယ်။

မိခင်အသက်အရွယ်နှင့် ဒေါင်းစင်ဒရုန်း
မိခင်ရဲ့ အသက်အရွယ်ဟာလည်း ဒေါင်းလေးတွေမွေးဖွားဖို့အတွက် အချက်တစ်ချက်အနေနဲ့ပါဝင်ပါတယ်။
မိခင်အသက် ၂၀ မှ ၂၄ နှစ်အတွင်းတွင် ကလေး ၁၄၉၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက်ပါရှိနိုင်ပါတယ်။
မိခင်အသက် ၃၀ တွင် ကလေး ၉၀၀ မွေးတိုင်း ဒေါင်းလေးတစ်ယောက်ပါရှိနိုင်ပါတယ်။
မိခင်အသက် ၃၅ ကျော်လျှင် ကလေး ၄၀၀ မွေးတိုင်း ဒေါင်းလေးတစ်ယောက်ပါရှိနိုင်ပါတယ်။
မိခင်အသက် ၄၀ တွင် ကလေး အယောက် ၁၀၀ မွေးတိုင်း ဒေါင်းလေးတစ်ယောက်ပါရှိပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် မိခင်ရဲ့ အသက်ကြီးလာတာနဲ့အမျှ ဒေါင်းကလေးငယ်များမွေးနိုင်တဲ့ နှုန်းဟာလည်းပိုများလာပါတယ် ။

ဒေါင်းစင်ဒရုန်းသမိုင်းကြောင်း ( History Of Down's Syndrome )
ဒေါင်းစင်ဒရုန်းကို စတင် တင်ပြခဲ့တဲ့သူကတော့ အင်္ဂလိပ် ဆေးပညာရှင် Jhon Langdon Down ပဲဖြစ်ပါတယ်။ ၁၈၆၂ ခုနှစ်မှာ စိတ်ကျန်းမာရေးချို့ယွင်းမှု(Mental disability )ပုံစံတစ်မျိုးအနေနဲ့တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဝေဒနာရှင်များ၏ မျက်နှာအနေအထားမှာ မွန်ဂိုလူမျိုးများနှင့်ဆင်တူသောကြောင့် မွန်ဂိုလွိုက် ( Mongoloid, Mongolism, Mongolian idiocy ) ဟူပြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ ၂၀ ရာစု အလယ်ပိုင်းအထိ ဒေါင်းစင်ဒရုန်းဖြစ်ရခြင်းအကြောင်းအရာကို မသိရှိခဲ့ကြသေးပေ။ ၁၉၅၉ ခုနှစ်တွင် Professor Jerome Lejeune က ဒေါင်းရောဂါနှင့် ခရိုမိုဇုန်းအပို၏ ဆက်စပ်မှုကိုတွေ့ရှိခဲ့ကြပါတယ်။
Photo Sharing and Video Hosting at Photobucket

Dr.Jhon Langdon Down

Photo Sharing and Video Hosting at Photobucket

Professor Jerome Lejeune

ဒေါင်းလေးတွေရဲ့ ပုံစံ
ဒေါင်းလေးတွေကို ကြည့်မယ်ဆိုရင် သိသာထင်ရှားတာကတော့ မျက်နှာအနေအထားပဲဖြစ်ပါတယ်။ မျက်နှာမြင်ရုံနဲ့ ဒေါင်းလေးမှန်းသိသာပါတယ်။ ထင်ရှားသောအချက်တွေကတော့ -

၁။ ခေါင်းဟာ သာမန်ထက်သေးငယ်ပါတယ် ( Microcephaly )
၂။ နောက်စေ့ဟာ ပြားနေပါတယ် ( Flattened Occiput )
၃။ နှာခေါင်းရိုးပြားနေပါတယ် ( Flattened Nasal Bridge )
၎။ပါးစပ်ပေါက်ကသေးငယ်ပြီး လျှာက ကြီးမားနေသောကြောင့် လျှာက ပါးစပ်ရဲ့အပြင်ကို ထွက်နေတတ်ပါတယ် ( Protruding Tongue )
Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket
ဒေါင်းကလေးများ၏ မျက်နှာအနေအထား

၅။ မျက်လုံးအနေအထားပြောင်းလဲခြင်း ( Upward Slanting Eyes )
Photo Sharing and Video Hosting at Photobucket

၆။ လက်ချောင်းလေးများ တိုတုတ်ပြီး ၊ လက်ဖ၀ါးတွင် အရေးကြောင်း( Palmar Crease )တစ်ခုသာပါရှိပါတယ။် ( Simian Crease ) လို့ခေါ်ပါတယ်။
၇။ ခြေမနဲ့ ခြေညှိုးကြားအကွာအဝေး ကျယ်နေတတ်ပါတယ်။ ( Sandle Gap )

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

၈။ အရပ်အမောင်းဟာ သာမန်ကလေးတွေထက် ပုပါတယ် ။
၉။ ကြွက်သားများဟာ သာမန်ထက် တင်းအားလျှော့နည်းနေတတ်ပါတယ်။ ( Hypotonia )

ဒေါင်းလေးများတွင် ဖြစ်တတ်သော ဆက်စပ်ရောဂါများ
ဒေါင်းလေးများတွင်အောက်ဖော်ပြပါ ရောဂါများကိုလဲ ဆက်စပ်တွေ့ရှိရတတ်ပါတယ် ။ -

၁။ မွေးရာပါ နှလုံးရောဂါများ ( Heart Defect ) ။ အထူးသဖြင့် နှလုံးအတွင်းခန်းနံရံတွင် ပေါက်များပါခြင်း ။ ( Atrial Septal Defect , Ventricular Septal Defect )။
၂။ မွေးရာပါ အစာလမ်းကြောင်းပိတ်ကျဉ်းမြောင်းခြင်း ( ဥပမာ- Esophageal Atresia အစာရေမြိုပြွန် ကျဉ်းခြင်း )
၃။ လူကီးမီးယား ( Leukemia ) ရောဂါဖြစ်ပွားနိုင်ခြင်း ။
၎။ ကိုယ်တွင်းခုခံအား စနစ် ( Immune System ) မကောင်းသောကြောင့် ကူးစက်ရောဂါများ ၀င်ရောက်နိုင်ခြင်း ။
၅။ မျက်စိ ၊ နား အကြား၊ အမြင် ချို့ယွင်းခြင်း ။

ကုသလို့ရပါသလား
ဒေါင်းရောဂါကို ပျောက်ကင်းအောင်ကုသနိုင်ခြင်းမရှိပါ ။ လိုအပ်သော ကျန်းမာရေးဆိုင်ရာထောက်ပံ့မှုများကို သာ လုပ်ဆောင်ပေးနိုင်ပါတယ် ။ ဒေါင်းကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့အတွက် တတ်ကျွမ်းသော သက်ဆိုင်ရာပညာရှင်များပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ် ။ ဥပမာ- ကလေးအထူးကုဆရာဝန်များ ၊ မျက်စိနားနှာခေါင်းအထူးကုဆရာဝန်များ ၊ အစာလမ်းကြောင်းဆိုင်ရာ ဆရာဝန်များ ၊ စကားပြောရာတွင်နှေးကွေးတတ်သောကြောင့် Speech Therapist များ ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးမှုအတွက်
Physiotherapist များ ၊ အသက်မွေးဝမ်းကြောင်းအတွက် သက်ဆိုင်ရာ Therapist များ ၊ လူမှုရေးအဖွဲ့အစည်းများ အစရှိသော အတတ်ပညာရှင်များ ပူးပေါင်းဆေင်ရွက်ဖို့လိုအပ်ပါတယ်။ အခြားသော မွေးရာပါရောဂါများ ၊ ဆက်စပ်ဆင့်ပွားရောဂါများအတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကုသပေးနိုင်ပါတယ်။ ကျန်းမာရေး စစ်ဆေးမှုများကိုလည်း လိုအပ်သလို လုပ်ဆောင်စစ်ဆေးနေရမှာဖြစ်ပါတယ်။

ရောဂါရှာဖွေခြင်းနှင့် ကာကွယ်ခြင်း
ဒီရောကို မိခင်ဝမ်းအတွင်းရှိနေစဉ်ကာလကတည်းက သိပ္ပံနည်းကျ ကြိုတင်စစ်ဆေးသိရှိနိုင်ပါတယ်။ ဒေါင်းကလေး တစ်ယောက်မွေးဖူးသော မိခင်များအနေဖြင့် နောက်ကလေးတစ်ယောက်မယူခင်မှာ မျိုးရိုးဗီဇဆိုင်ရာကျွမ်းကျင်သူ ( Genetic Counselor ) နှင့်တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် Down's Syndrome ကလေးငယ်များဟာ မွေးရာပါ ရောဂါတွေကို ခံစားနေကြရတဲ့ သာမန်ကလေးငယ်လေးတွေသာဖြစ်ပါတယ်။ သူတို့လေးတွေမှာ သာမန်ကလေးတွေထက် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်တိုးတက်မှုနှေးကွေးသော်လည်း သာမန်ကလေးများကဲ့သို့ လှုပ်ရှားမှုများ ( အားကစား ၊ စာသင်ကြားခြင်း ၊ ဂီတအနုပညာ ) တွင် စိတ်ပါဝင်စားပြီး ဆောင်ရွက်နိုင်ကြပါတယ်။ သူတို့ရဲ့ ဘ၀တိုးတက်ရှင်သန်ဖို့ဆိုတာ လူအများကြီးပေါ်မှာမှီခိုနေကြရပါတယ်။ ဒါကြောင့် ဒီသနားစရာကောင်းတဲ့ကလေးငယ်လေးတွေဘ၀ သာယာစေဖို့ အားလုံးဝိုင်းဝန်းကူညီနိုင်ကြပါစေလို့ တိုင်တွန်းလိုက်ရပါတယ်။ လေးစားစွာဖြင့် ........







ကိုးကားစာရင်း -

၁။ http://en.wikipedia.org/wiki/Down_syndrome#History
၂။ http://www.ds-health.com/faq.htm
၃။ http://en.wikipedia.org/wiki/Genetic_counseling
၎။ http://www.bbc.co.uk/health/conditions/downssyndrome1.shtml
၅။ http://en.wikipedia.org/wiki/Chromosome
၆။ http://en.wikipedia.org/wiki/DNA
၇။ www.youtube.com
၈။ Ghai Essential Pediatrics 5th edition.
၉။ Nelson Text Book Of Pediatrics 17th edition.

ယောက်ကျားလေးလား ၊ မိန်းကလေးလား


ဒီအဖြစ်အပျက်လေးကတော့ ကျွန်တော်တို့ မော်စကိုမြို့ ၊ အမှတ် ( ၇ ) ကလေးဆေးရုံကြီးက အဖြစ်အပျက်လေးတစ်ခုပါ ။ ရှားပါးတဲ့ အဖြစ်အပျက်လေးလည်းဖြစ်သလို ၊ စိတ်ဝင်စားဖို့လည်းကောင်းလို့ ပြန်လည်တင်ပြပေးလိုက်ပါတယ်။ မွေးကင်းစကလေးတစ်ယောက်ပါ ။ အခုဆိုရင် မိခင်ဝမ်းထဲက လွတ်မြောက်လာတာ ၂ ပါတ်ပဲရှိပါသေးတယ် ။ လောကကြီးထဲကို စတင်ရောက်ရှိလာချိန်မှာပဲ သူ့ကိုလောကကြီးထဲက ပြန်လည်ခေါ်ထုတ်သွားမယ့် ရောဂါတွေကိုပါ ယူဆောင်လာပါတယ် ။ စက်တင်ဘာလ ၃ ရက်နေ့မှာ မွေးဖွားပါတယ် ။ မွေးကာစကာလမှာ ကျန်းမာတဲ့ ကလေးတစ်ယောက်အသွင်နဲ့ မွေးဖွားလာခဲ့ပေမယ့် စက်တင်ဘာလ ၅ ရက် ( အသက် ၂ ရက်သား ) မှာပဲ မွေးကင်းစကလေးဌာနရဲ့ ရေးပေါ်ကုသခန်းကို လွဲပြောင်းရောက်ရှိလာပါတယ် ။ ကလေးဟာ မကြာခဏအော့အန်နေပြီး ၊ ခန္ဓာကိုယ်တွင်းက အရည်ဓါတ်ဆုံရှုံးတဲ့ လက္ခဏာတွေနဲ့ ရောက်ရှိလာတာဖြစ်ပါတယ် ။ ကလေးကို စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ .......

ယောက်ကျားလေးလား ၊ မိန်းကလေးလားလို့ ဆုံးဖြတ်ရခက်လောက်အောင်ဖြစ်ခဲ့ရပါတယ် ။ ဒီဓါတ်ပုံလေးတွေကိုကြည့်ပြီး ဆုံးဖြတ်ပေးကြပါဦး ။

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

အပြင်ပိုင်း ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုကြည့်ပြီး ယောက်ကျားလေးလို့ လူတိုင်းပြောကြမှာပါ ။ မဟုတ်ပါဘူး ။ တကယ်တော့ ဒီကလေးဟာ မိန်းကလေးတစ်ယောက်ပါ ။ သူ့မှာ ပါလာတဲ့ မွေးရာပါရောဂါတစ်ခုကြောာင့် လိင်င်္ဂါတွေဟာ ယောက်ကျားလေးတစ်ယောက်လိုဖြစ်နေတာပါ ။ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါတွေကတော့ မိန်းကလေးတစ်ယောက်ရဲ့ အင်္ဂါ အစိတ်အပိုင်းတွေဖြစ်ပါတယ် ။ ဒီရောဂါကို Congenital Adrenal Hyperplasia ( CAH ) or Adrenogenital Syndrome လို့ခေါ်ပါတယ် ။

CAH ဆိုတာဘာလဲ
ကျွန်တော်တို့ လူ့ခန္ဓာကိုယ် ကြီးထွားရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်နေတာကတော့ စတီးရွိုက်ဟော်မုန်း ( steroid hormone ) ဓါတ်ပဲဖြစ်ပါတယ် ။ ဒီဟော်မုန်းဟာ ကိုလက်စရောဓါတ်ကနေမှ အဆင့်ဆင့်ပြောင်းလဲလာခြင်းဖြစ်ပါတယ် ။ အဲဒီလိုပြောင်းလဲဖို့အတွက် အင်ဇိုင်း ( enzyme ) တွေက ကူညီပေးကြပါတယ် ။ အဲဒီလိုအဆင့်ဆင့်ပြောင်းလဲလို့ဖြစ်လာတဲ့ steroid hormone တွေမှာ ကော်တီဇောဟော်မုန်း ( cortisol ) ၊ ကျား၊ မဟော်မုန်း ( sex hormone ) တွေပါပါတယ် ။ ဒီဟော်မုန်းတွေကို ခန္ဓကိုယ်ထဲမှာရှိတဲ့ Adrenal Gland ကနေထုတ်ပေးပါတယ် ။

Free Image Hosting at allyoucanupload.com

ဟော်မုန်းပြောင်းလဲပုံအဆင့်ဆင့်

Free Image Hosting at allyoucanupload.com
Adrenal Gland

CAH ဖြစ်ရတဲ့ အကြာင်းအရင်းကတော့ ခန္ဓာကိုယ်ထဲမှာ ကော်တီဇောဟော်မုန်းတွေနည်းနေတာပါ ။ ကိုလက်စရောကနေ အဆင့်ဆင့်ပြောင်းလဲမှုမှာ လိုအပ်ချက်တွေရှိရင်ပဲဖြစ်ဖြစ် ၊ ပြောင်းလဲဖို့ကူညီပေးတဲ့ အင်ဇိုင်းတွေ မလုံလောက်ရင်ပဲဖြစ်ဖြစ် ကော်တီဇောဓါတ်တွေနည်းသွားပါတယ် ။ အဲဒီလိုနည်းသွားတဲ့အခါမှာ ဦးနှောက်ထဲမှာရှိတဲ့ ပစ်ကျူတရီဂလင်း ( pituitary gland ) သည် ကော်တီဇောဟော်မုန်းကို ပုံမှန်လိုအပ်တဲ့ ပမာဏရလာအောင် လှုံဆော်ပေးပါတယ် ။ အဲဒီအခါမှာ Adrenal Gland ဟာ သာမန်ထက်ပိုပြီးအလုပ်လုပ်ရသလို ဟော်မုန်းတွေကိုလည်း များများပိုထုတ်ပေးရပါတယ် ။ အဲဒီဟော်မုန်းတွေထဲက ဟော်မုန်းတစ်မျိုးဟာ ယောက်ကျားဟော်မုန်း ( testosterone ) ကဲ့သို့ကျိုးသက်ရောက်မှုရှိပါတယ် ။ ဒါကြောင့် မွေးလာတဲ့ ကလေးငယ်တွေဟာ ကျားဟော်မုန်းဓါတ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ယောက်ကျားလေးတွေမှာ ယောကျာ်းလေး လိင်အင်္ဂါတွေပိုမိုထင်ရှားလာသလို ၊ မိန်းကလေးတွေမှာဆိုရင်လည်း ယောက်ကျားလေးတစ်ယောက်ရဲ့ လက္ခဏာတွေပိုင်ဆိုင်လာပါတယ် ။

လက္ခဏာများ
မိန်းကလေးရဲ့ ( clitoris ) ဟာ ယောက်ကျားလေးရဲ့ လိင်တံ ( penis ) ကဲ့သို့ ကြီးထွားလာပါတယ် ။ ယောနိလမ်းကြောင်းအ၀မှာရှိတဲ့ ( Labium) တွေဟာ အတူတကွပူးပေါင်းသွားပြီး ယောက်ကျား ကပ္ပါယ်အိတ် ( scrotum ) ကဲ့သို့ဖြစ်သွားပါတယ် ။

Free Image Hosting at allyoucanupload.com
Female external ganitelia

Free Image Hosting at allyoucanupload.com
CAH

ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ မအင်္ဂါများ ( uterus ၊ fallopian tubes ၊ overies ) တွေကတော့ သာမန်အတိုင်းပဲပါရှိပါတယ် ။ ဒီကလေးတွေကြီးထွားလာမယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုတွေလိုအပ်လာနိုင်ပါတယ် ။

အန္ခရာယ်ရှိပါသလား
ဒီကလေးတွေမှာ ခန္ဓာကိုယ်ရဲ့ အရည်ဓါတ်ကို ထိန်းသိမ်းပေးနိုင်စွမ်းအားပါနည်းတဲ့ အတွက် အရည်ဆုံးရှုံးမှုများပါတယ် ။ ဒါတွေဟာ ခန္ဓာကိုယ်ရဲ့ နှလုံးနဲ့ သွေးလည်ပတ်မှုကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ် ။ အချိန်မီမသိရှိလျှင် ၊ ထိရောက်တဲ့ ကုသမှုတွေမပေးနိုင်ဘူးဆိုရင် အသက်ဆုံးရှုံးမှုများဖြစ်တတ်ပါတယ် ။

ဘယ်လိုကာကွယ်မလဲ
ဒီလိုကလေးမျိုးမွေးထားတဲ့ မိဘတွေကို နောက်တစ်ခါ ကလေးမယူခင်မှာ ကျန်းမာရေးအသိပညာပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ် ။

ဒီလိုအဖြစ်အပျက်လေးတွေဟာ ရှားပါးသလို ၊ စိတ်ဝင်စားဖို့လဲကောင်းပါတယ် ။ အားလုံးပဲကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ် ။ လေးစားစွာဖြင့်....

References:
1. Nelson Textbook of Pediatrics 17th edition.
2.http://en.wikipedia.org/wiki/Adrenogenital_syndrome
3.http://www.drhull.com/EncyMaster/A/adrenogenital_syndrome.html
4.http://www.nlm.nih.gov/medlineplus/ency/article/000411.htm#visualContent
5.http://www.family-health-information.com/diseases/endocrine-disorders/adrenogenital-syndrome.html

ကျွန်တော့်ရဲ့  အကြိုက်ဆုံးပို့စ်လေးများအကြောင်း

ဒီနေ့ ကျွန်တော့်ကို ညီလေးကိုမိုးစက်က Tag လုပ်ထားပါတယ် ။ အကြိုက်ဆုံးပို့စ်လေးတွေအကြောင်းပေါ့ ။ ကျွန်တော်လည်း တစ်ခါမှ Tag လုပ်တာမခံရဘူးတော့ ဘယ်လိုရေးရမလဲ ၊ ဘာတွေရေးရမလဲဆိုတာကိုမသိပါဘူး ။ အဲဒါနဲ့ ကိုမိုးစက်ရဲ့ ဘလော့လေးမှာပဲ သွားလေ့လာလိုက်ပါတယ် ။ ( ဘယ်လိုရေးရမယ်ဆိုတာ သိသွားလို့ ကျေးဇူးပါ ကိုမိုးစက်ရေ ) ။ ကျွန်တော့်က အခုလောလောဆယ်မှာ ဒီနေရာလေးမှာ ကျန်းမာရေးပညာပေးဆောင်းပါးလေးတွေရေးနေတာ ပို့စ်တွေလည်းအများကြီးမရှိသေးပါဘူး ။ ဒီဘလော့လေးအပြင် ကျွန်တော့်ခံစားချက်လေးတွေကိုရေးထားတဲ့ ဘလော့လေးတစ်ခုရှိပါသေးတယ် ။ နှလုံးသားအလင်္ကာ လို့အမည်ရပါတယ် ။ အဲဒီမှာတော့ ကဗျာတွေ ၊ ၀တ္ဘုတွေနည်းနည်းရေးပါတယ် ။ ဒါကြောင့် ကျွန်တော့်ရဲ့ အကြိုက်ဆုံးပို့စ်လေးတွေကို အဲဒီဘလော့လေးက ပို့စ်လေးတွေကိုပါထည့်သွင်းပေးလိုက်ပါတယ် ။ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပို့စ်လေးတွေကတော့ .......

၁။ လကြတ်တဲ့ည
ကျွန်တော့်ရဲ့ စာပေဖန်တီးမှုတွေကို ပလန်းနက်ရဲ့ ကဗျာခေါင်းစဉ်အောက်မှာ ဒီကဗျာလေးနဲ့ စတင်ခဲ့တာပါ ။ ကျွန်တော့်ရဲ့ ပထမဆုံးရေးဖြစ်ခဲ့တဲ့ကဗျာလေးလဲဖြစ်ပါတယ် ။

၂။ ခြေရာကောက်နေမိသော အိမ်မက်များ
ကျွန်တော့်ရင်နဲ့ ခံစားပြီးရေးခဲ့ရတဲ့ ကဗျာလေးပါ ။ အချစ်ကိုခံစားတဲ့လူတိုင်း ကိုယ့်ချစ်သူအပေါ် သ၀န်တိုတတ်ကြသလို ၊ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုကိုလိုချင်ကြမှာပါ ။ ကိုယ်ချစ်ရတဲ့ သူက ကိုယ့်ကို လျစ်လျူရှုတဲ့အခါ ရင်ထဲက ခံစားချက်လေးတွေထွက်ပေါ်လာတတ်ပါတယ် ။ ဒီကဗျာလေးကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားချက်လေးပါ ။

၃။ အမေ့မျက်နှာပေါ်က အမာရွတ်
ဆရာဖေမြင့်ဘာသာပြန်တဲ့ နှလုံးသားအဟာရဆိုတဲ့ စာအုပ်လေးက ကောက်နှုတ်တင်ပြထားတဲ့ ရသစာပေလေးတစ်ပုဒ်ပါ ။ မိခင်မေတ္တာကို မသိဘဲ အထင်လွဲခဲ့မိတဲ့ ကလေးတစ်ယောက်အကြောင်းပါ ။ မိဘရဲ့ မေတ္တာတရားကို ပေါ်လွင်စေတဲ့စာပေလေးဖြစ်လို့ အလွန်နှစ်သက်မိပါတယ် ။

၎။ အကြင်နာလက်နဲ့ စေတနာရှင်
ကျွန်တော် ၈ တန်းနှစ်က ရေးခဲ့ဖူးတဲ့ စာစီစာကုံးလေးကို ၀တ္ထုအဖြစ်တင်ပြထားတာပါ ။ ငွေကိုတန်ဖိုးထားတဲ့ အသပြာ ဆရာဝန်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရှိပါတယ် ။ ဒါကြောင့် အသပြာမဖက်ဘဲ စေတနာဆရာဝန်လေးတစ်ယောက်ရဲ့ ဘ၀အကြောင်းကို တင်ပြထားတာဖြစ်ပါတယ် ။

၅။ ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်းသိကောင်းစရာ ( အပိုင်း ၁အပိုင်း ၂ )
ကျန်းမာရေး ပညာပေးဘလော့လေးထဲက ဆောင်းပါးလေးတစ်ပုဒ်ပါ ။ မျက်မှောက်ကာလမှာ လူသားတွေကို ဒုက္ခပေးနေတဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်းကိုတင်ပြထားပါတယ် ။ ဒီရောဂါဟာ ကျွန်တော်တို့ လူငယ်တွေနဲ့ တိုက်ရိုက်ပက်သက်နေတဲ့အတွက် ကောက်နှုတ်တင်ပြလိုက်ပါတယ် ။ အခြား ကျန်းမာရေးပညာပေး ဆောင်းပါးလေးတွေဟာလည်း ဗဟုသုတလေးတွေပေးနိုင်မယ်လို့ ယုံကြည်ပါတယ် ။

ကျွန်တော့်ရဲ့ အညတရစာပေလေးတွေကိုအားပေးကြတဲ့ သူငယ်ချင်းများအားလုံးကိုရော ၊ အမှတ်တရ Tag လုပ်တဲ့ ကိုမိုးစက်ကိုရော အထူးပဲကျေးဇူးတင်ပါတယ် ခင်ဗျာ ။ လေးစားစွာဖြင့် .......

စုပေါင်းကာကွယ် ငှက်ဖျားအန္တရာယ်


ယနေ့ကမ္ဘာပေါ်မှာ ခုခံအားကျဆင်းမှုရောဂါနည်းတူ လူသားတွေရဲ့အသက်ကို ချွေဖျက်နေတာကတော့ ငှက်ဖျားရောဂါ ( Malaria ) ပဲဖြစ်ပါတယ် ။နှစ်စဉ် လူသန်ပေါင်း ၄၀၀ မှ ၉၀၀ လောက်ထိကို မနာမကျန်းဖြစ်စေပြီး ၊ ၃ သန်းကျော်လောက်ဟာ ဒီရောဂါကြောင့်အသက်ဆုံးရှံးနေကြပါတယ် ။ စက္ကန့် ၃၀ တိုင်း လူတစ်ယောက်နှုန်းသေဆုံးနေကြခြင်းဖြစ်ပါတယ် ။ အထူးသဖြင့် အသက် ၅ နှစ်အောက်ကလေးများ နှင့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဒီရောဂါရဲ့ သားကောင်တွေပါ ။ အာဖရိက နဲ့ အာရှဒေသတွေဟာ ငှက်ဖျားရောဂါ ပြန့်ပွားရာနေရာတွေဖြစ်ပါတယ် ။ မျက်မှောက်ကာလတွင် ဒီရောဂါဟာ ဆေးကို ယဉ်ပါးလာတဲ့အတွက် ကာကွယ်ကုသမှုတွေဟာ အရင်ကထက်ပိုမိုခက်ခဲလာပါတယ် ။ ထိရောက်တဲ့ ကာကွယ်ကုသမှုတွေကို မလုပ်ဘူးဆိုရင် နောင်အနှစ် ၂၀ အတွင်းမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးရသူဦးရေဟာ ယခုထက် ၂ ဆလောက် ပိုများလာမယ်လို့ခန့်မှန်းကြပါတယ် ။ရောဂါပြန့်ပွားမှုဟာလည်း တနေ့တခြား ပိုမိုများပြားလာတဲ့အတွက် အထူးသတိပြုရမယ့် ရောဂါလည်းဖြစ်ပါတယ် ။ ဒီရောဂါဖြစ်ပွားမှုကိုအားပေးနေတဲ့နောက်တစ်ချက်ကတော့ ကျန်းမာရေးအသိနည်းပါးမှု ၊ အယူအဆလွဲမှား မှုတွေပဲဖြစ်ပါတယ် ။ဒါကြောင့် လူတိုင်းကိုယ်စီ ဒီရောဂါအကြောင်းကို သိထားရမှာဖြစ်ပါတယ် ။

ကမ္ဘာတစ်ဝန်း ရောဂါပြန့်ပွားမှု
ငှက်ဖျားရောဂါဟာ အပူပိုင်းစိုစွတ်သောဒေသတွေမှာ အဖြစ်များပါတယ် ။ အထူးသဖြင့် အီကွေတာနှင့် နီးသော နိုင်ငံတွေဟာ ဒီရောဂါကို ပိုမိုခံစားကြရပါတယ် ။ အမေရိကားနိုင်ငံ အချို့နေရာများ ၊ အာရှဒေသ နှင့် အာဖရိကဒေသတွေမှာ ရောဂါဖြစ်ပွားမှုဟာ အရှိန်အဟုန်နဲ့ မြင့်မားလာပါတယ် ။ မြို့ပြဒေသများထက်စာလျှင် ကျေးလက်ဒေသများမှာ ပိုအဖြစ်များပါတယ် ။ သွေးလွန်တုပ်ကွေးရောဂါကတော့ မြို့ပြဒေသတွေမှာ ပိုဖြစ်တတ်ပါတယ် ။ ယခင်က ငှက်ဖျားရောဖြစ်ပွားမှု ကျဆင်းသွားရာမှ ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ပြန်လည်ဦးမော့လာပါတယ် ။ ငှက်ဖျားရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးကိုလည်း ကျဆင်းစေပါတယ် ။ နှစ်စဉ် ဂျီဒီပီ ( GDP) ရဲ့ တစ်ဝက်နီးပါးလောက်ဟာ ငှက်ဖျားရောဂါကြောင့်ကျဆင်းရပါတယ် ။


ငှက်ဖျားရောဂါဘာကြောင့်ဖြစ်လဲ
ငှက်ဖျားရောဂါကို ဖြစ်စေတာကတော့ ပလက်စမိုးဒီးယမ်း ( Plasmodium ) ကပ်ပါးကောင် အမျိုးအနွယ်ဝင်များကြောင့် ဖြစ်ရတာပါ ။ ငှက်ဖျားရောဂါဖြစ်စေတဲ့ ကပ်ပါးအမျိုးအစားတွေကတော့ -
၁) ပလက်စမိုးဒီးယမ်း ဖယ်စီပရမ် ( P. falciparum )
၂) ပလက်စမိုးဒီးယမ်း မလေးရီးယေး ( P. malariae )
၃) ပလက်စမိုးဒီးယမ်း အိုဗေးလ် ( P. ovale )
၎) ပလက်စမိုးဒီးယမ်း ဗိုင်းဗက်စ် ( P. vivax )
တို့ပဲဖြစ်ပါတယ် ။ ဒီအမျိုးအစားတွေအနက် လူသားတွေကို ဒုက္ခအပေးဆုံးနဲ့ သေဆုံးမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပလက်စမိုးဒီးယမ်း ဖယ်စီပရမ် ( P. falciparum) အမျိုးအစားကြောင့်ဖြစ်ရတာပါ ။

Free Image Hosting at allyoucanupload.com
( P.falciparum ring forms and gametocytes in human blood )

Free Image Hosting at allyoucanupload.com
( P.falciparum in blood smear )

ရောဂါဘယ်လို ပြန့်ပွားသလဲ
ငှက်ဖျားရောဂါပိုးကို လူတွေဆီကို သယ်ဆောင်ပေးတာကတော့ အနောဖလိ ( Anopheles ) လို့ခေါ်တဲ့ ခြင်မပဲဖြစ်ပါတယ် ။ ဒီခြင်ဟာ ရောဂါခံစားနေရသူတစ်ယောက်မှ အခြားတစ်ယောက်ဆီကို ရောဂါပိုး သယ်ဆောင်ပေးပါတယ် ။

အယူအဆလွဲမှားမှုများ
အချို့က ငှက်ဖျားရောဂါဖြစ်ပွားမှုနဲ့ ပက်သက်ပြီး အယူအဆတွေလွဲမှားနေကြပါတယ် ။ လေ့လာမှုများအရ ငှက်ဖျားရောဂါဘာကြောင့်ဖြစ်လဲလို့မေးကြည့် ရင် ငှက်ပျောသီးစားလို့ဖြစ်တယ် ။ စိမ့်စမ်းရေသောက်လို့ဖြစ်တယ်ဆိုတဲ့ အဖြေတွေကိုပေးကြပါတယ် ။ ဒါဟာ လွဲမှားတဲ့ အယူအဆ ၊ လွဲမှားတဲ့ မှတ်သားမှုတွေပါ ။ တကယ်ငှက်ဖျားရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ ခြင်ကိုက်လို့ ဖြစ်တာပါ ။ အနောဖလိခြင်မ ( female Anopheles mosquito ) က ငှက်ဖျားရောဂါပိုးကို လူ့ ခန္ဓာကိုယ်ထဲဝင်ရောက်အောင်ပို့ဆောင်ပေးမှုကြောင့် ရောဂါစတင် ဖြစ်ပွားလာရခြင်းဖြစ်ပါတယ် ။
( မှတ်ချက် = အနောဖလိခြင်ထီးသည် ငှက်ဖျားရောဂါပိုးကို မသယ်ဆောင်ပါ )

အနောဖလိခြင် ( Anopheles mosquito) ၏ အလေ့အထများ
ဒီခြင်ဟာ ရေနောက်များ ၊ ဗွက်ထူသောနေရာများမှာ ပေါက်ဖွားတတ်ပါတယ် ။ ခြင်ဟာ ညနေ ၅ နာရီ ၊ ၉ နာရီအချိန်များနှင့် နံနက်စောစောအချိန်များတွင် လူနေအိမ်များအတွင်းဝင်ရောက်ကာ ကိုက်တတ်ပါတယ်။ အ၀တ်ဘီရိုများ ၊ အေးစက်ပြီး မှောင်ရိပ်ရှိသောနေရာများတွင် ခိုအောင်းနေတတ်ပါတယ် ။ ခြင်ရဲ့ သက်တမ်းကတော့ ၁ ပါတ်မှ ၂ ပါတ်ထိ ရှိတတ်ပါတယ် ။ တစ်ခါတစ်ရံ ၁ လလောက်ထိနေတတ်ပါတယ် ။ ဒီခြင်ရဲ့ ထူးခြားချက်ကတော့ သွေးစုပ်ရန်နားနေစဉ်မှာ အခြားခြင်များလို ခန္ဓကိုယ်ဟာ မြေပြင်နဲ့ အပြိုင်မရှိနေဘဲ ၀မ်းဗိုက်ပိုင်းဟာ လေထဲမှာ ရှိနေတတ်ပါတယ် ။ အလွယ်တကူမှတ်မယ်ဆိုရင် ဒီခြင်ဟာ ဖင်ပိုင်းကို ထောင်ပြီး ကိုက်တတ်ပါတယ် ။
Free Image Hosting at allyoucanupload.com
( Anopheles mosquito )

ငှက်ဖျားရောဂါသမိုင်းကြောင်း
ငှက်ဖျားရောဂါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ၀၀၀ လောက်ကတည်းက စတင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ဘီစီ ၂၇၀၀ လောက်ကတည်းက တရုတ်နိုင်ငံမှာ တွေ့ခဲ့ပါတယ် ။ ငှက်ဖျားရောဂါ ( malaria ) ဟာ အီတာလီယန်စကား ( Medieval Italian ) မှဆင်းသက်လာပါတယ် ။ Mala aria = "bad air " လို့အဓိပ္ပါယ်ရပါတယ် ။ ယခင်က ငှက်ဖျားရောဂါကို Ague ( သို့မဟုတ် ) Marsh fever လို့လဲခေါ်ကြပါတယ် ။ ဘာလို့လဲဆိုတော့ ဗွက်နွံထူထပ်သောဒေသတွေမှာ တွေ့ရလို့ပဲဖြစ်ပါတယ် ။

ငှက်ဖျားရောဂါပိုးကိုတော့ ၁၈၈၀ ခုနှစ်မှာ ပြင်သစ်တပ်မတော် ဆရာဝန် Charles Louis Alphonse Laveran ကစတင်တွေ့ရှိခဲ့ပြီး ကပ်ပါးပိုးကြောင့်ဖြစ်ကြောင်း တင်ပြခဲ့ပါတယ် ။ ကပ်ပါးပိုးကြောင့် ရောဂါဖြစ်ပွားမှုကိုစတင်တွေ့ရှိခဲ့ခြင်းလည်းဖြစ်ပါတယ် ။ ထိုရှာဖွေတွေ့ရှိမှုများကြောင့် ၁၉၀၇ ခုနှစ် နိုဗယ်ဆု ( Noble Prize for Physiology or Medicine ) ကိုရရှိခဲ့ပါတယ် ။ ဒီကပ်ပါးပိုးကို အီတလီသိပ္ပံပညာရှင်များဖြစ်တဲ့ Ettore Marchiafava နှင့် Angelo Celli တို့က ပလက်စမိုးဒီးယမ်း ( Plasmodium) လို့အမည်ပေးခဲ့ပါတယ် ။

၁၈၉၈ ခုနှစ်တွင် Sir Ronald Ross က ငှက်ဖျားရောဂါပိုးကို ခြင်က သယ်ဆောင်ပေးကြောင်းနှင့် အချို့သော ခြင်များသည် ငှက်ဖျားပိုးကို ခြင်ရဲ့ တံတွေးဂလင်းများမှတဆင့် ငှက်များဆီသို့ပါ ကူးစက်စေတတ်ကြောင်းကို သက်သေပြခဲ့ပါတယ် ။ ထို့ကြောင့် ၁၉၀၂ ခုနှစ်တွင် နိုဗယ်ဆု ( Nobel Prize in Medicine ) ကိုရရှိခဲ့ပါတယ် ။

Free Image Hosting at allyoucanupload.com
( ငှက်ဖျားရောဂါပိုးကို စတင်တွေ့ရှိခဲ့သော နိုဗယ်ဆုရှင် Charles Louis Alphonse Laveran )

Free Image Hosting at allyoucanupload.com
( ငှက်ဖျားရောဂါပိုးကူးစက်ပုံကို တင်ပြခဲ့သော နိုဗယ်ဆုရှင် Sir Ronald Ross )

ရောဂါဖြစ်ပွားပုံအဆင့်ဆင့်
ရောဂါဖြစ်ပွားဖို့အတွက် ငှက်ဖျားရောဂါပိုးဟာ သက်ရှိပြောင်းလဲမှုအဆင့်တွေကို ကျော်ဖြတ်ရပါတယ် ။ အဲဒီပြောင်းလဲမှုတွေကို ခြင်ရဲ့ ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုများနဲ့ လူရဲ့ ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုများဆိုပြီး ၂ ပိုင်း ခွဲခြားနိုင်ပါတယ် ။

ခြင်၏ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုများ
ငှက်ဖျားရောဂါရဲ့ မူလအစကတော့ အနောဖလိခြင်မပဲဖြစ်ပါတယ် ။ ခြင်က ရောဂါရှိတဲ့လူရဲ့ သွေးကိုစုပ်ယူလိုက်တာနဲ့ အဲဒီခြင်ဟာလည်း ငှက်ဖျားရောဂါကူးစက်မှုကိုခံရတော့ပါတယ် ။ပိုးဟာ ခြင်ရဲ့ခန္ဓာကိုယ်ထဲကို ( Gametocytes) တွေအနေနဲ့ဝင်ရောက်လာပါတယ် ။ ပိုးဟာ ခြင်ထဲကိုရောက်သွားတာနဲ့ ခြင်ရဲ့ အူနံရံထဲကို ထိုးဖောက်ဝင်ရောက်ပြီး သက်ရှိဖြစ်စဉ်မှာ အဆင့်ဆင့်ပြောင်းလဲသွားပါတယ် ။ နောက်ဆုံးမှာ စပိုရိုဇွိုက် ( sporozoites )တွေဖြစ်လာပါတယ် ။ အဲဒီ စပိုရိုဇွိုက်တွေဟာ ခြင်ရဲ့ တံတွေးအိတ်တွေထဲရောက်ရှိသွားပြီး လူကိုကူးစက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါတယ် ။

လူ၏ခန္ဓာကိုယ်အတွင်းပြောင်းလဲမှုများ
အဆင့်၂ မျိုးရှိပါတယ် ။ သွေးအတွင်းပြောင်းလဲမှုအဆင့် ( erythrocytic phase ) နှင့် အသဲတွင်းပြောင်းလဲမှုအဆင့် ( exoerythrocytic phase ) ရောဂါပိုးသယ်ထားတဲ့ ခြင်က လူကိုကိုက်လိုက်မယ်ဆိုရင် ပိုးဟာ ခြင်ရဲ့ တံတွေးမှတဆင့် လူရဲ့ သွေးထဲကို sporozoites တွေအနေနဲ့ ၀င်ရောက်သွားပြီး လူရဲ့ အသဲကိုရောက်ရှိသွားပါတယ် ။ ရောဂါပိုး ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး မိနစ် ၃၀ လောက်အတွင်းမှာပဲ အသဲဆဲလ် ( liver cells ) တွေဟာ ရောဂါကူးစက်ခံရပါတော့တယ် ။ ငှက်ဖျားပိုးဟာ အသည်းထဲမှာ ထောင်ပေါင်းများစွာ ပွားများလာပြီး သွေးကြောထဲကို ရောက်ရှိသွားပါတယ် ။ အဲဒီအခါမှာ သွေးကြောထဲက သွေးနီဥလေးတွေဟာ ရောဂါပိုးဝင်ရောက်ခြင်းကို ခံရပြီး သွေးအတွင်းပြောင်းလဲမှုအဆင့် ( Erythorcytic stage of life cycle ) လို့ခေါ်ပါတယ် ။ ရောဂါပိုးဟာ သွေးနီဥများအတွင်းမှာ ဆက်လက်ပြီး ပွားများလာပါတယ် ။ ထိုသွေနီဥများပေါက်ကွဲသောအခါ နောက်ထပ်သွေးနီဥများထဲကို ၀င်ရောက်ပြီး ပွားများမှုများကို ဆက်တိုက်ဖြစ်ပေါ်စေပါတယ် ။ အဲဒီလိုသွေးနီဥများ ပေါက်ကွဲသောအခါတိုင်း ထွက်လာသော ဓါတ်ပစ္စည်းတွေကြောင့် လူနာမှာ အဖျားတက်ခြင်းကို ခံစားရပါတယ် ။ပလက်စမိုးဒီးယမ်း ဗိုင်းဗက်စ် နဲ့ ပလက်စမိုးဒီးယမ်း အိုဗေးလ် အမျိုးအစားတွေဟာ အသဲထဲမှာ ကြာရှည်စွာခိုအောင်းနေတတ်ပါတယ် ( exoerythrocytice stage ) ။ ဒီအမျိုးအစားတွေမှာ မကြာခဏရောဂါပြန်လည်ဖြစ်ပွားမှုများ ( relapses ) ကိုတွေ့ရပါတယ် ။ပုံမှန်အားဖြင့် ခန္ဓာကိုယ်အတွင်းရောဂါပိုးများဝင်ရောက်လာပါက ခန္ဓာကိုယ်ခုခံအားစနစ် ( Immune System ) က တိုက်ဖျက်ပေးသော်လည်း ငှက်ဖျားရောဂါပိုးသည် အသဲဆဲလ်များအတွင်းရောက်နေစဉ်နှင့် သွေးနီဥများထဲရောက်နေချိန်များတွင် ခုခံအားစနစ်၏တိုက်ခိုက်ခံရခြင်းမှ လွတ်ကင်းနေတတ်ပါတယ် ။ ရောဂါပိုးဝင်ရောက်နေသော သွေးနီဥများကို ဘေလုံး ( spleen )ထဲတွင် ချေဖျက်ပါတယ် ။ ထိုအခါ ပလက်စမိုးဒီးယမ်း ဖယ်စီပရမ် ( P. falciparum) ပိုးဟာ သွေးနီဥတွေရဲ့ အပေါ်မှာ ပရိုတိန်းတစ်မျိုး ( PfEMP1- P.falciparum Erythrocyte Membrane Protein1 ) ကို ထုတ်လွှတ်ပြီး အဲဒီသွေးနီဥတွေဟာ သွေးကြောလေးတွေရဲ့ နံရံမှာ သွားကပ်နေပါတယ် ။ ဒီလိုနဲ့ သွေးနီဥလေးတွေဟာ သွေးကြောနံရံတစ်လျှောက် စုစည်းလာပါတယ်။ ကြာလာတဲ့အခါမှာ သွေးကြောနံရံရဲ့ သွေးပြန်ကြောငယ်လေးတွေကိုပါ ပိတ်သွားစေပါတယ် ။အဲဒီလို သွေးကြောလေးတွေပိတ်သွားသောကြောင့် ဦးဏှောက်အတွင်းသွေးမရခြင်း ၊ ကိုယ်ဝန်ဆောင်မိခင်များတွင်ဖြစ်ပါက အချင်းတိုင်ရဲ့ သွေးကြောများပိတ်သွားပါက ကလေးအသေမွေးခြင်း ၊ ပေါင်မပြည့်သောကလေးများ မွေးဖွားခြင်းကို ဖြစ်စေပါတယ် ။
Free Image Hosting at allyoucanupload.com
( life cycle of malaria parasite in human body )

ငှက်ဖျားရောဂါ၏လက္ခဏာများ
၁) ချမ်းတုန်ဖျားခြင်း -
ရောဂါခံစားရသူဟာ ရုတ်တရက် တစ်ကိုယ်လုံးအေးစက်လာပါတယ် ( sudden coldness ) ။ ချမ်းတုန်လာပါတယ် (rigor ) ။ထို့နောက် ကိုယ်ပူချိန်တက်လာပြီး ချွေးများထွက်လာတတ်ပြီး ၄ နာရီမှ ၆ နာရီလောက်ထိကြာအောင်ခံစားရတတ်ပါတယ် ။ အဖျားဟာ တက်လိုက် ၊ ကျလိုက်ဖြစ်တတ်ပါတယ် ။ အဖျားတက်သော ပုံစံမှာ ( fever pattern ) ၀င်ရောက်သော ကပ်ပါးအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ် ။ P.vivax နဲ့ P.ovale ကြောင့်ဖြစ်လျှင် ၂ ရက်ခြားတစ်ခါအဖျားတက်တတ်ပါတယ် ။ P.falciparum ကြောင့်ဖြစ်လျှင် ၃၆ - ၄၈ နာရီကြာတိုင်း တစ်ခါအဖျားတက်ပါတယ် ။ တစ်ခါတစ်ရံမှာ အဖျားပြန်မကျသွားဘဲ ဆက်တိုက်တက်နေတတ်ပါတယ် ။
၂) အဆစ်များနာကျင်ခြင်း ( joint pain )
၃) အော့အန်ခြင်း ( vomiting )
၎) သွေးအားနည်းခြင်း ( anemia ) - သွေးနီဥများပေါက်ကွဲပျက်ဆီးမှုကြောင့်ဖြစ်ရတာပါ ။
၎င်းလက္ခဏာတွေကိုတော့ သာမန်ငှက်ဖျားရောဂါမှာတွေ့ရတတ်ပါတယ် ။

ပြင်းထန်ငှက်ဖျားရောဂါ ( Severe malaria ) ဟာ P.falciparum ကြောင့်ဖြစ်ရတာပါ။ရောဂါပိုးကိုယ်တွင်းဝင်ရောက်ပြီး ၆ ရက်မှ ၁၄ ရက်အတွင်း ခံစားရတတ်ပါတယ် ။ ပြင်းထန်ငှက်ဖျားကိုခံစားရမယ်ဆိုရင်တော့ အောက်ပါလက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ် ။
၁) ပြင်းထန်စွာ ခေါင်းကိုက်ခြင်း ( severe headache )
၂) ဦးဏှောက်အတွင်း သွေးမရောက်ခြင်း ( cerebral ischemia )
၃) ဘေလုံးကြီးခြင်း ( splenomegaly )
၎) အသဲကြီးခြင်း ( hepatomegaly )
၅) သွေးတွင်းသကြား ဓါတ်နည်းခြင်း ( hypoglycemia )
၆) ကျောက်ကပ်ပျက်ဆီးခြင်း ( renal failure )
၇) သွေးလန့်ခြင်း ( shock and circulatory collapse )
၈) သွေးယိုစီးခြင်း ( bleeding )
နောက်ဆုံးတွင် မေ့မျောခြင်း ( coma ) ကို ခံစားရပြီး အသက်ဆုံးရှုံးရသည်ထိ ဆိုးဝါးတတ်ပါတယ် ။အပြင်းထန်ဆုံး နောက်ဆက်တွဲရောဂါမှာ ဦးဏှောက်ငှက်ဖျား ( cerebral malaria ) ပဲဖြစ်ပါတယ် ။

Free Image Hosting at allyoucanupload.com
( သွေးအားနည်းခြင်း )

Free Image Hosting at allyoucanupload.com

Free Image Hosting at allyoucanupload.com

Free Image Hosting at allyoucanupload.com

( ဦးဏှောက်ငှက်ဖျားရောဂါ -cerebral malaria တွင်တွေ့ရသော လက္ခဏာများ )

ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေနည်းများစွာရှိသော်လည်း အလွယ်တကူအသုံးများတာကတော့ မိုက်ခရိုစကုပ်နှင့် ပိုးရှာဖွေသောနည်းလမ်း ( blood film and microscopic examination ) ဖြစ်ပါတယ် ။ အခုနောက်ပိုင်း အသုံးများလာတာကတော့ RDTs ( rapid diagnostic tests )များဖြစ်ပါတယ် ။ Test kits များကတော့ အမျိုးမျိုး ကွဲပြားပါတယ် ။

Free Image Hosting at allyoucanupload.com

Free Image Hosting at allyoucanupload.com


ကုသခြင်း
ဖယ်စီပရမ်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါဟာ အရေးပေါ်ကုသဖို့လိုအပ်ပါတယ် ။ ငှက်ဖျားရောဂါခံစားရလျှင် ဆေးရုံတက်ကာ ထိရောက်သော ကုသမှုကိုခံယူဖို့လိုအပ်ပါတယ် ။ ကုသရာတွင်အသုံးပြုသော ဆေးဝါးများစွာရှိပါတယ် ။ အချို့ကို ကြိုတင်ကာကွယ်ခြင်း ( prophylaxis ) အတွက်အသုံးပြုသလို ၊ ကုသမှုအတွက်လည်းအသုံးပြုပါတယ် ။ ဆေးအမျိုးအစားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။
၁) Chloroquine
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ယခုအချိန်ထိ အသုံးပြုနေဆဲဖြစ်ပါတယ် ။ ဆေးယဉ်ပါးမှုများ ( drug-resistance )များရှိလာသော်လည်း ထိရောက်စွာအသုံးပြုနေပါသေးတယ် ။
၂) Quinine
၁၇ ရာစုလောက်ကတည်းက စတင်အသုံးပြုခဲ့ပါတယ် ။ ဆင်ခိုနာအပင် ( Cinchona ) မှထုတ်ယူထားခြင်းဖြစ်ပါတယ် ။
၃) Mefloquine
ကာကွယ်ခြင်းနှင့် ကုသခြင်း ၂ မျိုးစလုံးအတွက်အသုံးပြုနိုင်ပါတယ် ။ အထူးသဖြင့် ( chloroquine-resistant falciparum malaria ) အတွက် အသုံးပြုပါတယ် ။ သို့သော် ယခုအခါ ထိုင်း ၊ ကမ္လောဒီးယား နှင့် မြန်မာနိုင်ငံတို့တွင် ( mefloquine resistant malaria ) များကိုတွေ့ရှိလာပါတယ် ။ ငှက်ဖျားထူပေါသောနေရာဒေသများသို့ ခရီးသွားမည့်သူများအနေဖြင့် တစ်ပါတ်ကို တစ်ကြိမ်နှုန်းဖြင့် ခရီးမသွားခင်တစ်ပါတ်ကြိုတင်သောက်ကာ ၊ ထိုဒေသမှပြန်လာပြီး ၄ ပါတ်ထိဆက်လက်သောက်ဖို့လိုအပ်ပါတယ် ။
၎) Artesunate
၅) Artemether
Artisunate နဲ့ Artemether ဟာ တရုတ်လူမျိုးတွေရဲ့ ရှေးဟောင်းလက်စွဲ ဆေးအမျိုးအစားတွေဖြစ်ပါတယ် ။ ဘီစီ ၂၀၀ လောက်ကတည်းက စတင်အသုံးပြုခဲ့တာဖြစ်ပါတယ် ။ ယခုအခါ ၎င်းဆေးများကို အခြားဆေးများနှင့် ပေါင်းစပ်ကုသခြင်းနည်းလမ်း
(artemisinin based combination therapy - ACT ) ကို WHO က ချမှတ်ပေးခဲ့ပါတယ် ။
၆) Primaquine
၇) Doxycycline
၈) Sulfadoxine-pyrimethamine ( fansidar )
အခြားဆေးများစွာရှိသေးသော်လည်း အသုံးများသောဆေးချို့ ကိုသာ ဗဟုသုတအလို့ ငှာ တင်ပြလိုက်ပါတယ် ။
Free Image Hosting at allyoucanupload.com

ကာကွယ်ခြင်း
ငှက်ဖျားရောဂါကို ကာကွယ်ခြင်း ၂ မျိုးရှိပါတယ် ။
၁) ကာကွယ်ဆေးသောက်သုံးခြင်းနှင့်
၂) ခြင်ပေါက်ဖွားမှုကို တားဆီးကာကွယ်ခြင်းပဲဖြစ်ပါတယ် ။
ငှက်ဖျားဒေသအတွင်းနေထိုင်သူများ နှင့် ထိုဒေသများသို့ ခရီးသွားမည့်သူများအနေဖြင့် ကာကွယ်ဆေးများကို သတ်မှတ်ထားသော စံညွှန်းများအတိုင်း သောက်သုံးရမှာဖြစ်ပါတယ် ။
ခြင်ပေါက်ဖွားမှုကိုကာကွယ်ရန်အတွက် တစ်ဦးချင်းစီအနေဖြင့် ခြင်နိုင်ဆေးများ အသုံးပြုခြင်း ၊ ဆေးစိမ် ခြင်ထောင်များအသုံးပြုခြင်း ဖြင့် ကာကွယ်နိုင်သလို ၊ စုပေါင်းကာကွယ်မှုအနေဖြင့် ခြင်ပေါက်ဖွားနိုင်သောနေရာများ ၊ ချုံများကို ရှင်းလင်းခြင်း ၊ ခြင်ဆေးဖျန်းခြင်း ( Indoor Residual spraying ) တို့ ဖြင့် ကာကွယ်နိုင်ပါတယ် ။ထို့အပြင် ရေသိုလှောင်ရာနေရာများတွင် ခြင်သားလောင်းလေးများကို စားတတ်သော ငါးများမွေးမြူတားခြင်းဖြင့်လည်း ခြင်မပေါက်ဖွားအောင်တားဆီးနိုင်ပါတယ် ။ ငှက်ဖျားရောဂါကို ကာကွယ်ဖို့ ကာကွယ်ဆေး ( Vaccine ) မရှိသေးပါ ။
Free Image Hosting at allyoucanupload.com

Free Image Hosting at allyoucanupload.com

ကမ္ဘာ့ငှက်ဖျားရောဂါနေ့ ( World Malaria Day )
၂၀၀၇ ခုနှစ် ဧပြီလ ၂၅ ရက် နေ့ဟာ ကမ္ဘာ့ငှက်ဖျားရောဂါနေ့ဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှ ငှက်ဖျားရောဂါကာကွယ်ရေးလှုပ်ရှားမှုများ
မြန်မာနိုင်ငံဟာ ငှက်ဖျားထူပေါသောနိုင်ငံဖြစ်ပါတယ် ။ ငှက်ဖျားရောဂါအမျိုးအစားပေါင်းမျိုးစုံကိုလည်းတွေ့ရပါတယ် ။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ငှက်ဖျားကာကွယ်ရေးလှုပ်ရှားမှုများကို အခြားနိုင်ငံများနှင့်ပူးပေါင်းပြီး ဆောင်ရွက်လျှက်ရှိပါတယ် ။ Informal Bi-regional Training Of Trainer's Workshop On Malaria Country Database ကို မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့မှာ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိကျင်းပခဲ့ကြပါတယ် ။ နိုင်ငံပေါင်း ၉ နိုင်ငံမှ တက်ရောက်ပါဝင်ခဲ့ပါတယ် ။

Free Image Hosting at allyoucanupload.com

Free Image Hosting at allyoucanupload.com

Free Image Hosting at allyoucanupload.com


(ဒါကတော့ WHO ရဲ့ ငှက်ဖျားရောဂါ report ဖြစ်ပါတယ် )

အချုပ်အားဖြင့် ကမ္ဘာတစ်ဝန်း ဒုက္ခပေးနေတဲ့ ဒီငှက်ဖျားရောဂါကြီးကို လူသားတိုင်း အတူတကွလက်တွဲကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ။ လေးစားစွာဖြင့် -

ကိုးကားစာရင်း -
၁) http://en.wikipedia.org/wiki/Malaria
၂) http://www.searo.who.int/EN/Section10/Section21.htm
၃) http://www.who.int/topics/malaria/en/
၎) http://www.cdc.gov/malaria/
၅) http://www.dhpe.org/infect/Malaria.html
၆) Management of Severe Malaria , 2nd edition-2000 , WHO.
၇) http://www.youtube.com


မှတ်သားလေ့လာ ကျန်းမာရေးအသိပညာ

မျက်မှောက်ကာလတွင် ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရောဂါအသစ်အဆန်းပေါင်းစုံဟာလည်း မဖိတ်ခေါ်ဘဲရောက်လာကြပါတယ် ။ လူကြီး ၊ လူငယ်မရွေး ခြိမ်းခြောက် ဒုက္ခပေးနေပါတယ် ။ ဒါကြောင့် လူတိုင်းကိုယ်စီ ကျန်းမာရေးအသိရှိနေမှသာ ဒီဘေးဒုက္ခများမှ ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ် ။ အနောက်နိုင်ငံများနှင့်ယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသူ ၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေး အသိပညာ ၊ ဗဟုသုတဟာ နည်းပါးနေပါသေးတယ် ။ အယူအဆတွေလွဲမှားနေကြပါသေးတယ် ။ ခေတ်ပညာတတ်များတောင်မှ ကျန်းမာရေးနှင့်ပက်သက်လျှင် ဗဟုသုတနည်းပါးနေတာကိုတွေ့မြင်ရပါတယ် ။ ရောဂါဖြစ်လာပြီဆိုရင် ကျန်းမာရေးအသိမရှိသဖြင့် ထိရောက်မှန်ကန်သော ကုသမှုမခံယူဘဲ ဆေးမြီးတိုများဖြင့် ကုသမှုကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့ အသက်ပေါင်းလည်းမနည်းတော့ပါဘူး ။ ဒါကြောင့် လူတိုင်းကျန်းမာရေးဗဟုသုတရရှိစေဖို့ ဒီ Blog လေးကိုရေးဖြစ်ခဲ့တာပါ ။ ကျွန်တော်မှတ်သားမိတဲ့ ဗဟုသုတလေးတွေကို မျှဝေပေးခြင်းသက်သက်ပါ ။ ကျမ်းတစ်စောင် ၊ စာတစ်ဖွဲ့လောက် မပြည့်စုံ ၊ မခမ်းနားပေမယ့် ဗဟုသုတအနည်းငယ် ၊ အသိတရား တစ်စုံတစ်ခုလောက်တော့ ရရှိမယ်လို့ မျှော်လင့်ပါတယ် ။ လိုအပ်ချက်များလည်းရှိနေဦးမှာပါ ။ လူတိုင်းနားလည်နိုင်လောက်သော အဓိက မှတ်သားဖွယ်ရာများကိုသာ ထုတ်နှုတ်တင်ပြထားခြင်းဖြစ်သဖြင့် မပြည့်မစုံဖြစ်နေခဲ့မယ်ဆိုရင် နားလည်ပေးကြပါလို့ ပြောချင်ပါတယ် ။ ဒီ Blog လေးကို ဖတ်ပြီး လူတိုင်းလူတိုင်း ကျန်းမာရေး အသိကိုယ်စီရှိပြီး ထာဝရ ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။ လေးစားစွာဖြင့် ....

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်းသိကောင်းစရာ ( အပိုင်း ၂ )

Stop AIDS, Keep The Promise-Leadership

ရောဂါလက္ခဏာများ
HIV ရောဂါပိုးကူးစက်ခံရသူများရဲ့ ၅၀-၉၀ ရာခိုင်နှုန်းဟာ ရောဂါပိုးဝင်ရောက်ပြီး ရက်ပိုင်း ( သို့ ) ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရောဂါရဲ့ တိုက်ခိုက်ခြင်းကို စတင်ခံစားလာရပါတယ်။ အစပိုင်းမှာ တုပ်ကွေးရောဂါကဲ့သို့ လက္ခဏာများကိုခံစား ရပြီး ၂ ပါတ်ခန့်ကြာရှည်တတ်ပါတယ် ။ ထိုသို့အစောပိုင်းခံစားရမှုကို မူလအဆင့် ရောဂါ (primary or acute HIV infection) လို့ခေါ်ပါတယ်။ဒီအဆင့်မှာ ကူးစက်ခံဝေဒနာရှင်မှတဆင့် အခြားတစ်ယောက်ဆီကို ကူးစက်ဖို့အတွက် အကောင်းဆုံးအခြေအနေပဲဖြစ်ပါတယ် ။

ခံစားရတတ်တဲ့ လက္ခဏာတွေကတော့ -
၁) အဖျားတက်ခြင်း ။
၂) အဆစ်များနှင့် ကြွက်သားများ နာကြင်ခြင်း ။
၃) လင့်အကျိတ်များ(lymph nodes)ယောင်ရမ်းခြင်း ။ အထူးသဖြင့် လည်ပင်းအကျိတ်များယောင်တတ်ပါတယ် ။ နာကျင်မှုမရှိပါ ။

ဒီလက္ခဏာတွေဟာ ၂ ပါတ်လောက်ကြာရှည်တတ်ပါတယ် ။ အချို့သော ဝေဒနာရှင်တွေဟာ မိမိတို့မှာ ရောဂါဝင်ရောက်ကူးစက်ခံနေရတယ်ဆိုတာကိုတောင် မသိကြပါဘူး ။ နောက်ပိုင်းမှာ ရောဂါလက္ခဏာမပြဘဲ ကာလကြာရှည်စွာ ရှိနေတတ်ပါတယ် ။ ၉ -၁၀ နှစ်လောက်ထိတောင်ကြာတတ်ပါတယ် ။ ဒီကာလကို ဟာကွက် ( Window Period ) လို့ခေါ်ပါတယ် ။

အဓိကလက္ခဏာများ
၁) ကြာရှည်စွာ အဖျားတက်ခြင်း ။
၂)ကိုယ်အလေးချိန်လွန်စွာကျဆင်းခြင်း။ တစ်လအတွင်း ရှိရင်းကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း လောက်ထိကို ကျဆင်းသွားတတ်ပါတယ် ။
၃) ၀မ်းပျက်ဝမ်းလျှောခြင်း ။
၎) အခြား လက္ခဏာများ
- အရေပြားနှင့် အစာလမ်းကြောင်းတစ်လျှောက် အနာများဖြစ်ခြင်း ။
- အရေပြားတွင် အနီစက်များထွက်လာခြင်း ။
- အစားအသောက်ပျက်ခြင်း ။
- ချောင်းဆိုးခြင်း ။
- ရေယုန်များထွက်လာခြင်း ။
- လိင်အင်္ဂါများတွင် အနာများဖြစ်ခြင်း ။
- အသည်းရောင်ခြင်း ။
- ဘေလုံးကြီးခြင်း ။
- ပန်ကရိယ ( Pancreas ) ရောင်ခြင်း ။
- ဦးဏှောက်အမြှေးပါးရောင်ခြင်း ။
- ကင်ဆာရောဂါများ - ကာပိုးစီးစာကိုးမား ( Kaposi's sarcoma )
- အခြား ဆင့်ပွါးရောဂါများ ( Oppotunistic Infection ) ၏ လက္ခဏာများ ။
Free Image Hosting at www.picturetrail.com

Photo Sharing and Video Hosting at Photobucket
( Kaposi's carcoma )

Free Image Hosting at www.picturetrail.com
( Herpes )

Free Image Hosting at www.picturetrail.com

( Oral Thrush )
( ဒီလက္ခဏာတွေဟာ AIDS ဖြစ်တဲ့အခါမှာ ဆင့်ပွားဝင်ရောက်လာတတ်ပေမယ့် ဒီလက္ခဏာတွေရှိတိုင်း AIDS ဖြစ်တယ်လို့ပြောလို့မရပါဘူး ။ ဒီရောဂါတွေဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေလည်းရှိပါသေးတယ် ။ နားလည်မှုလွဲပြီး ကြောက်လန့်နိုင်သဖြင့် မကြောက်လန့်ဖို့ပြောလိုပါတယ်။ တကယ် ခုခံအားကျဆင်းမှုရောဂါရှိမရှိကို ( Antibody ) စစ်ဆေးပြီးမှသာ သေချာစွာပြောနိုင်မှာဖြစ်ပါတယ် ။ )

ကာကွယ်မှုနည်းလမ်းများ
ဒီရောဂါဟာ လိင်ဆက်ဆံခြင်းနှင့် သွေးမှတဆင့် ကူးစက်တတ်သောကြောင့် အောက်ပါနည်းလမ်းများကို သတိပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ် ။
၁) အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှ ရှောင်ရှားခြင်း ။ ( condom ) အသုံးပြုပါ ။
၂) အပျော်အပါးလိုက်စားခြင်းကို ရှောင်ရှားခြင်း ။ ( avoid having sex with CSW - commercial sex workers )
Free Image Hosting at allyoucanupload.com
၃) သွားပွတ်တံ ၊ မုတ်ဆိတ်ရိတ်ဓါးများကို အတူတကွ လက်ဆင့်ကမ်း အသုံးပြုခြင်းမှ ရှောင်ရှားခြင်း ။
၎) ဆေးမင်ကြောင်ထိုးခြင်းမှ ရှောင်ရှားခြင်း ။ နားဖောက်ရာတွင် တစ်ခါသုံးအပ်များကို အသုံးပြုခြင်း ။
၅) တစ်ခါသုံးဆေးထိုးအပ်များကို အသုံးပြုခြင်း ။
၆) သွေးမသွင်းမီ HIV ပိုးစစ်ဆေးခြင်း ။
၇) ခွဲစိတ်ခန်းသုံး ကရိယာများကို စနစ်တကျ ပိုးသတ်ခြင်း ။
၈) မူးယစ်ဆေးသုံးစွဲခြင်းမှ ရှောင်ရှားခြင်း ။

ကုသခြင်း
AIDS ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သော ဆေးမရှိသေးပါ ။ မျက်မှောက်ကာလတွင် အသုံးပြုနေသော ဆေးများစွာရှိသော်လည်း ထိုဆေးများမှာ ဗိုင်းရပ်စ်ပိုးပေါက်ဖွားမှုကို လျှော့ချပေးခြင်း ၊ ကိုယ်ခံအားကို မြင့်မားအောင်မြှင့်တင်ပေးခြင်း ၊ ဆင့်ပွါးရောဂါများကို တားဆီးပေးခြင်းများကိုသာ ဆောင်ရွက်ပေးနိုင်ပါတယ် ။ ဒါကြောင့် မို့လို့ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုမိုကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။အသုံးပြုနေကြသော ဆေးများ -
Photo Sharing and Video Hosting at Photobucket
( Abacavir )

Photo Sharing and Video Hosting at Photobucket
( Atazanavir )

ရင်သွေးငယ်များနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ
Photo Sharing and Video Hosting at Photobucket
( ဝေဒနာရှင်ကလေးငယ် )
ယနေ့ ကမ္ဘာပေါ်မှာ နှစ်စဉ်ကလေးငယ်ပေါင်း ၃၈၀ ၀၀၀ ဟာ ခုခံအားကျဆင်းမှုရောဂါကြောင့်သေဆုံးနေရပါတယ် ။ ကိုယ်ဝန်ဆောင်စဉ် ၊ မီးဖွားစဉ်နှင့် နို့ဆို့ကလေးငယ်များတွင် ရောဂါပိုးရှိသော မိခင်မှတဆင့် ရောဂါကူးစက်ခံရပါတယ် ။ ကာကွယ်ကုသမှုများမလုပ်လျှင် သက္ကရာဇ် ၂၀၁၀ တွင် ကလေးငယ်ပေါင်း တစ်သန်းကျော်ဟာ ဒီရောဂါကြောင့်သေဆုံးလိမ့်မယ်လို့ ခန့်မှန်းကြပါတယ် ။

ရင်သွေးငယ်များ ခုခံအားကျဆင်းမှုရောဂါကာကွယ်ရေး ကန်ပိန်း ( Stop AIDS in Children Campaign )

Photo Sharing and Video Hosting at Photobucket
ဒီ ကန်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ ကလေးငယ်တွေမှာ AIDS ရောဂါခံစားရမှု ပမာဏကို ၂၀၁၀ ခုနှစ်တွင် တစ်ဝက်လျှော့ချရန်ဖြစ်ပါတယ် ။

မိခင်မှ ရင်သွေးသို့ရောဂါကူးစက် နိုင်ပါသလား

ကာကွယ်လို့ရပါတယ် ။ ရောဂါပိုးရှိသော မိခင်မှ ရင်သွေးသို့ ကိုယ်ဝန်ဆောင်စဉ် ၊ မွေးဖွားစဉ်နဲ့ နို့တိုက်ကျွေးခြင်းများမှတဆင့် ကူးစက်နိုင်ပါတယ် ။ ဒါကြောင့် မိခင်တွင် ရောဂါပိုးရှိပါက HIV ဗိုင်းရပ်စ်ကို ကာကွယ်သော ဆေးဝါးများသုံးစွဲခြင်း ၊ ရင်သွေးငယ်များကို မိခင်နို့မတိုက်ဘဲ နို့မှုန့် ( formula ) တိုက်ခြင်း ဖြင့် ကာကွယ်နိုင်ပါတယ် ။ထိုသို့ဆောင်ရွက်ခြင်းကို မိခင်မှ ကလေးသို့ ကူးစက်မှုကာကွယ်ခြင်း ( prevention of mother-to-child transmission - PMTCT) လို့ခေါ်ပါတယ် ။ထိုသို့မကာကွယ်ပါက ရောဂါပိုးရှိသော မိခင်မှ မွေးသော ကလေး ၃ ယောက်တွင် ၁ ယောက်မှာ ရောဂါခံစားရမှာဖြစ်ပါတယ် ။

ဘယ်လောက်ထိရောက်စွာကာကွယ်နိုင်လဲ
ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ရောဂါပိုးရှိသော မိခင်တိုင်း PMTCT ကို ဆောင်ရွက်ကြသဖြင့် မိခင်မှ ကလေးသို့ ကူးစက်မှု နှုန်းမှာ ၂ ရာခိုင်နှုန်းအောက်ကို ရောက်ရှိလာပါတယ် ။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ဒီကာကွယ်ခြင်းကို ကျယ်ပြန့်စွာ မလုပ်ဆောင်နိုင်သေးတဲ့အတွက် ရောဂါကူးစက်မှု နှုန်းမှာ ဆက်လက်မြင့်မားနေဆဲဖြစ်ပါတယ် ။

ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါနေ့ ( World AIDS Day )
နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါနေ့ အဖြစ်သတ်မှတ်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ၁၉၈၈ ခုနှစ်ကစတင်ပြီး အရှိန်အဟုန်မြှင့်ပြီးဆောင်ရွက်လာပါတယ် ။ ၂၀၀၇ အတွက် Theme ကတော့ Stop AIDS, Keep The Promise-Leadership ဖြစ်ပါတယ် ။

အနီရောင် ဖဲပြားလေး ( Red Ribbon )
Photo Sharing and Video Hosting at Photobucket
AIDS ရောဂါကာကွယ်ရေးလှုပ်ရှားမှုများနှင့် ရောဂါဝေဒနာရှင်များအတွက် အမှတ်အသားအဖြစ် ဒီအနီရောင်ဖဲပြားလေးကို သတ်မှတ်ခဲ့ကြပါတယ် ။

အရှေ့ တောင်အာရှ မှ ခုခံအားကျဆင်းမှုကူးစက်ရောဂါ
WHO ရဲ့ သတ်မှတ်ချက်အရ အရှေ့တောင်အာရှဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး HIV ပိုးတွေ့ရှိရတဲ့ ဒေသဖြစ်ပါတယ် ။အဓီက အဖြစ်အများဆုံးနိုင်ငံတွေကတော့ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ မြန်မာ ၊ နီပေါ ၊ ထိုင်း နိုင်ငံ တို့ပဲဖြစ်ပါတယ်။ အရှေ့တောင်အာရှတွင် ပထမဆုံးရောဂါပိုးစတင်တွေ့ရှိခဲ့တာကတော့ ၁၉၈၄ ခုနှစ်က ထိုင်းနိုင်ငံမှာစတင်တွေ့ခဲ့တာဖြစ်ပါတယ် ။
Photo Sharing and Video Hosting at Photobucket
Photo Sharing and Video Hosting at Photobucket
South East Asia region has the 2nd highest burden of HIV/AIDS

ဆွေးနွေးပွဲများ

အာရှ-ပစိဖိတ် ခုခံအားကျဆင်းမှုရောဂါလှုပ်ရှားမှု စုပေါင်းဆွေးနွေးပွဲကို( scaling up HIV testing and counselling in Asia and Pacific ) ကန်ဘောရီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၂၀၀၇ ခုနှစ် ဇွန်လ ၄-၆ ရက်နေ့များမှာ ကျင်းပခဲ့ပါတယ် ။
-World Health Orginization (WHO )
-United Nations Children's Fund (UNICEF )
-the joint United Nations Programme on HIV/AIDS ( UNAIDS )
-Secretariat of the Pacific Community ( APC )
-South Asia association for regional cooperation (SAARC )
မှ တာဝန်ရှိသူများနှင့် အခြားအဖွဲ့အစည်းများမှလည်းတက်ရောက်ဆွေးနွေးခဲ့ကြပါတယ် ။

၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကွန်ဂရက်
Photo Sharing and Video Hosting at Photobucket
အာရှ-ပစိဖိတ်ဒေသအတွင်း AIDS ရောဂါနှင့်ပက်သက်သော အပြည်ပြည်ဆိုင်ရာ ကွန်ဂရက် ( 8th International Congress on AIDS in Asia and Pacific ) ကို သီရီလင်္ကာနိုင်ငံ ကိုလန်ဘိုမြို့တွင် ၂၀၀၇ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိကျင်းပဆွေးနွေးမှာဖြစ်ပါတယ် ။

အချုပ်အားဖြင့်ဆိုသော် ကုရာနတ္ဘိဆေးမရှိသေးတဲ့ ဒီခုခံအားကျဆင်းမှုကူးစက်ရောဂါကို ကြီုတင်ကာကွယ်ခြင်းဖြင့် စုပေါင်းတွန်းလှန်ကြပါစို့လို့တိုက်တွန်းရင်း လောကတခွင် AIDS ကင်းစင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ် ။

ကိုးကားစာရင်း :
1.http://www.projectinform.org/index_pub.html
2.http://en.wikipedia.org/wiki/World_AIDS_Day
3.http://www.herpes-coldsores.com/std/aids.htm
4.http://www.avert.org/aidssoutheastasia.htm
5.http://www.searo.who.int/en/section10/section18.htm
6.http://www.aegis.com/topics/oi/
7.http://www.infoplease.com/ce6/sci/A0856515.html
8.http://patients.uptodate.com/topic.asp?file=hiv_aids/4460
9.http://www.healthscout.com/ency/68/101/main.html

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်းသိကောင်းစရာ ( အပိုင်း - ၁ )


ယနေ့ကမ္ဘာပေါ်မှာ ကုရာနတ္လိဆေးမရှိသေးတဲ့ ရောဂါဆိုးကြီးကတော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ ( AIDS ) ပဲဖြစ်ပါတယ် ။နိုင်ငံအသီးသီး ၊ လူတန်းစားအလွှာအသီးသီး ကြားမှာ အရှိန်အဟုန်နဲ့ ဒုက္ခပေးနေပါတယ် ။ လူကြီး ၊ လူငယ် ၊ ကျား ၊ မ မရွေး ခံစားရနိုင်တဲ့ ရောဂါလဲဖြစ်ပါတယ် ။ AIDS ကြောင့်ကျရတဲ့မျက်ရည်တွေ ၊ ငိုကြွေးသံတွေဟာ ကမ္ဘာတ၀န်းလုံး ရိုက်ခတ်နေပါပြီ ။အချိန်မတန်ဘဲ ကြွေလွင့်ခဲ့ရတဲ့ ဘ၀ပေါင်းများစွာလည်း ပျက်သုဉ်းခဲ့ရပါပြီ ။ 1995ခုနှစ်ကုန်ပိုင်းလေ့လာချက်များအရ အရွယ်ရောက်သူပေါင်း ၁၉ မီလီယန် နှင့် ကလေးငယ်ပေါင်း ၂ မီလီယန်ဟာ ရောဂါကူးစက်ခံနေရပါတယ်။ ဆက်လက်ပြီးလည်း အသက်တွေကို ချွေဖျက်ဖို့ အသင့်ရှိနေဆဲပါ ။ ဒါကြောင့် လူတိုင်းလူတိုင်း ကျန်းမာရေး အသိရှိစွာဖြင့် ဒီရောဂါဆိုးကြီးကို ကာကွယ်ရမှာဖြစ်ပါတယ် ။ ကုသဖို့ဆေးမရှိသောရောဂါဖြစ်သဖြင့် ကြိုတင်ကာကွယ်ခြင်းဖြင့်သာ တွန်းလှန်နိုင်မှာဖြစ်ပါတယ် ။ ဒါကြောင့် ဒီခုခံအားကျဆင်းမှုရောဂါနှင့်ပက်သက်သော ကျန်းမာရေးအသိလူတိုင်းမှာ ရှိရမှာဖြစ်ပါတယ် ။

ခုခံအားကျဆင်းမှုကူးစက်ရောဂါ ( AIDS )ဆိုတာ ဘာလဲ

ခုခံအားကျဆင်းမှုကူးစက်ရောဂါ ( AIDS ) ကို Acquired Immuno Deficiency Syndrome လို့ခေါ်ပါတယ် ။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုယ်ခံအား ( Immune ) ကျဆင်းမှုကြောင့် ၀င်ရောက်လာသော ရောဂါလက္ခဏာများကို စုစည်းထားသော ရောဂါလက္ခဏာစု ( Syndrome ) လို့ မှတ်သားနိုင်ပါတယ် ။ ဒီလိုရောဂါလက္ခဏာစုကိုဖြစ်စေတာကတော့ ( HIV ) ဗိုင်းရပ်စ်ပိုးပဲဖြစ်ပါတယ် ။

HIV virus ဆိုတာဘာလဲ
Free Image Hosting at www.picturetrail.com
( HIV virus and T lymphocyte )

Free Image Hosting at www.picturetrail.com

( HIV virus )
HIV ဆိုတာ Human Immunodeficiency Virus ( Retro virus ) ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာ HIV နဲ့ AIDS ကွဲပြားစွာ မသိတာမျိုးကိုလည်းတွေ့ရပါတယ် ။ HIV ဆိုတဲ့ ရောဂါပိုးကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS ဖြစ်တယ်လို့ အလွယ်တကူမှတ်သားနိုင်ပါတယ် ။

ခုခံအားကျဆင်းမှုရောဂါသမိုင်းကြောင်း
ခုခံအားကျဆင်းမှုရောဂါကူးစက်ခြင်းကို စတင်တွေ့ရှိခဲ့တာကတော့ ၁၉၈၁ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ( Centers for Disease Control and prevention - CDC ) က စတင် သတိပြုမိခဲ့ပါတယ် ။
လော့စ်အိန်ဂျယ်လိ ( Los Angeles) မြို့ မှာရှိတဲ့ လိင်တူဆက်ဆံသူ ( homosexual ) အမျိုးသား ၅ ယောက်တွင် နူမိုစစ်စတစ် နမိုးနီးယား (Pneumocystis Pneumonia) ရောဂါ ဖြစ်ပွါးမှုပေါ်မှာမူတည်ပြီး သတိပြုမိခဲ့ခြင်းဖြစ်ပါတယ် ။ GRID ( Gay Related Immune Deficiency ) လို့အစပိုင်းမှာအမည်ပေးခဲ့ပါတယ် ။ မကြာခင်မှာပဲ ရောဂါခံစားရသူတွေရဲ့ တစ်ဝက်လောက်ဟာ လိင်တူဆက်ဆံသူတွေမဟုတ်ဘူးဆိုတာသိလာပါတယ်။ ၁၉၈၂ ခုနှစ်မှာ AIDS လို့အမည်ပြောင်းလဲဖို့ ( CDC ) က အဆိုပြုခဲ့ပါတယ် ။

၁၉၈၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံတွင် Luc Montagnier ဦးဆောင
်တဲ့သိပ္ပံ ပညာရှင်များအဖွဲ့ က AIDS ရောဂါဖြစ်ပွါးစေတဲ့ virus ပိုးကို စတင်တွေ့ရှိခဲ့ပါတယ် ။ Lymphadenopathy-associated Virus ( LAV ) လို့ခေါ်ခဲ့ကြပါတယ် ။ တစ်နှစ်ကြာသောအခါ အမေရိကန်နိုင်ငံမှာရှိတဲ့ Robert Gallo ဦးဆောင်တဲ့ အဖွဲ့ က (Human T lymphotropic Virus type 3 ) လို့အမည်ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ( HIV ) လို့ အမည်အတည်တကျသတ်မှတ်ခဲ့ပါတယ် ။

HIV ဟာ အမျိုးအစားအားဖြင့် HIV-1 နှင့် HIV2 ဆိုပြီး နှစ်မျိုးနှစ်စားရှီပါတယ် ။ ဒီဗိုင်းရပ်စ်ပိုးတွေဟာ နှစ်ဆယ်ရာစုအတွင်း တောင်ကင်မရွန်းမှာရှိတဲ့ ချင်ပန်ဇီမျောက်များမှ လူတွေဆီကို ကူးစက်လာတယ်လို့ ယူဆကြပါတယ် ။ HIV-1 ပိုးဟာ ပိုပြင်းထန်ပြီး အခုသိနေတဲ့ AIDS ရောဂါကိုအဓိကဖြစ်စေတဲ့ ပိုးဖြစ်ပါတယ် ။

HIV ပိုးရှိသောနေရာများ
HIV ပိုးဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့
၁) သွေး
၂) မျက်ရည်
၃) တံတွေး
၎) နို့ရည်
၅) သုတ်ရည်
၆) မအင်္ဂါမှထွက်သောအရည်
များတွင်ရှိနေတတ်ပါတယ် ။ သို့သော် သွေးနှင့် သွေးထွက်ပစ္စည်းများ ၊ လိင်အင်္ဂါမှ ထွက်သောအရည်များမှတဆင့်သာ ကူးစက်ပါတယ် ။

ကူးစက်မှု နည်းလမ်းများ
၁) လိင်မှတဆင့်ကူးဆက်ခြင်း
ခုခံအားကျဆင်းမှုရောဂါ အဓိက ကူးစက်သောနည်းလမ်းဖြစ်ပါတယ် ။ ကာကွယ်မှုအရှိဘဲလိင်ဆက်ဆံခြင်းဖြင့်( unprotected sexual relation ) ရောဂါခံစားသူမှတစ်ဆင့် အခြားတစ်ယောက်ဆီကို ကူးစက်ပါတယ် ။

၂) သွေး နှင့် သွေးထွက်ပစ္စည်းများမှတဆင့် ကူးစက်ခြင်း
အောက်ပါအခြေအနေများမှတဆင့် ကူးစက်တတ်ပါတယ် -
- ရောပါပိုးပါသောသွေးသွင်းခြင်း ။
- မူးယစ်ဆေးသုံးဆွဲသူများ ။
- ဆေးထိုးအပ်များမှတဆင့်ကူးစက်ခြင်း ။
- ဆေးရုံ ၊ ဆေးခန်းများတွင် ဆရာဝန်များ ၊ သူနာပြုများ ၊ ဓါတ်ခွဲခန်းများတွင် မတော်တဆ ရောဂါပိုးပါသော သွေးများ ၊ ဆေးထိုးအပ်များဖြင့် ထိခိုက်မိခြင်း ။
- နားဖောက်ခြင်း ၊ ဆေးမင်ကြောင်ထိုးခြင်း ၊ နှင့် ရောဂါပိုးပါသော ပစ္စည်းများမှ တဆင့် ကူးစက်ခြင်း ။

၃) မိခင်မှ ရင်သွေးသို့ ကူးစက်ခြင်း ( Mother to child transmission -MTCT )
ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် မီးဖွားစဉ်ကာလများအတွင်း မိခင်မှ ရင်သွေးငယ်သို့ ကူးစက်တတ်ပါတယ် ။မိခင်နို့ရည်မှတဆင့်လည်းကူးစက်တတ်ပါတယ် ။

မကူးစက်နိုင်သောနည်းလမ်းများ
အောက်ပါနည်းလမ်းများဖြင့် မကူးစက်နိုင်ပါ ။
၁) ဆီး ၊ ၀မ်း ၊ ချွေး နှင့် တံတွေးများတွင် ဗိုင်းရပ်စ်ပိုးပါဝင်မှုမှာ နည်းပါးသောကြောင့် ၎င်းတို့မှတဆင့် ကူးစက်မှုကိုမတွေ့ရပါ ။
၂) ခြင် ၊ ကြမ်းပိုးများ ကိုက်ခြင်းမှ တဆင့် မကူးစက်နိုင်ပါ ။
၃) ရောဂါပိုးရှိသူနှင့် အတူတူအိပ်ခြင်း ၊ အတူတူစားခြင်း ၊ အတူတူရေကူးခြင်း ၊ မျက်နှာသုတ်ပ၀ါအစရှိသည်တို့ကို အတူသုံးခြင်း ၊ ထိတွေ့ကိုင်တွယ်ခြင်း တို့ဖြင့် မကူးစက်နိုင်ပါ ။
၎) တယ်လီဖုန်းများ ၊ အိမ်သာများ ၊ တံခါးလက်ကိုင်များကို အတူတကွအသုံးပြုခြင်းဖြင့်လည်း မကူးစက်နိုင်ပါ ။

AIDS နှင့် ခုခံအားစနစ် ( Immune System)
ကျွန်တော်တို့တွေဟာ နေ့စဉ် ရောဂါပေါင်းဆုံနဲ့ ထိတွေ့နေပေမယ့် အလွယ်တကူ ရောဂါမခံစားရတတ်ပါဘူး ။ အဲဒါဘာကြောင့်လဲ ဆိုတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကြောင့်ပဲဖြစ်ပါတယ် ။ ခုခံအားစနစ်မှာ အရေးအကြီးဆုံးက CD4+ T ဆဲလ်တွေပဲဖြစ်ပါတယ် ။ ဒီဆဲလ်တွေဟာ ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့ ရောဂါပိုးတွေကို ချေဖျက်ပေးပါတယ် ။ ကျန်းမာနေတဲ့ သာမန်လူတစ်ယောက်မှာ CD4+ Tဆဲလ်ဟာ 1,000 နှင့်အထက်ရှိပါတယ် ။ HIV ပိုးဟာ ကိုယ်ခန္ဓာထဲဝင်ရောက်သွားပြီဆိုရင် CD4+T ဆဲလ်တွေကို အဓိက တိုက်ဖျက်ပါတယ် ။ အဲဒီလို CD4+ T ဆဲလ်တွေ ပျက်ဆီးသွားတာနဲ့ အမျှ ကိုယ်ခံအားစနစ်မှလဲ အင်အားနည်းသွားပါတယ် ။ ကိုယ်ခံအားစနစ်အားနည်းသွားတာနဲ့ သာမန်အခြေအနေမှာ ခုခံနိုင်သော ရောဂါများကိုပင် မခုခံနိုင်တော့ပေ ။ ထိုအခါ အခြားရောဂါပိုးများပါ ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး ရောဂါပေါင်းစုံကို တစ်စုတစ်ဝေးတည်းခံစားရပါတယ် ။ ဒါကြောင့် ရောဂါလက္ခဏာစု (Syndrome ) လို့ အမည်ပေးခြင်းဖြစ်ပါတယ် ။

ဘယ်အချိန်မှာ ရောဂါလက္ခဏာတွေကို စတင်ခံစားရမလဲ
CD4+T ဆဲလ်အရေအတွက်ဟာ 200 အောက်ရောက်သွားပြီဆိုရင်တော့ ရောဂါလက္ခဏာတွေကို စတင်ခံစားရပါတယ် ။ တစ်ခါတစ်ရံမှာရောဂါလက္ခဏာပြဖို့ ၉ နှစ်မှ ၁၀ နှစ်ထိကြာတတ်ပါတယ် ။ အဲဒီလိုကာလကြာရှည်စွာ လက္ခဏာမပြဘဲနေတဲ့ကာလကို Window period လို့ခေါ်ပါတယ် ။

ခုခံအားကျသောအခါ ၀င်ရောက်လာတတ်သော ဆင့်ပွါးရောဂါများ ( opportunistic infections )
၁) တီဘီရောဂါ ( tuberculosis )
၂) ဆစ်ဖလစ် ( syphilis )
၃) မှိုကြောင့်ဖြစ်သောရောဂါများ (eg . candidiasis )
၎) ကင်ဆာရောဂါများ ( eg. Kaposi's sarcoma )
၅) နမိုးနီယား ( Pneumonia )
၆) အသည်းရောင်ရောဂါ ( Hepatitis )
ရ) ရေယုန် ( Herpes simplex and zoster )
၈) ငှက်ဖျားရောဂါ ( Malaria )
ဒါတွေကတော့ အဖြစ်များတဲ့ ရောဂါအနည်းငယ်ပါ ။ အခြားရောဂါတွေအများကြီးရှိပါသေးတယ် ။

ရင်သွေးငယ်များ နှင့် သွေးလွန်တုပ်ကွေးရောဂါ


အခုလိုမိုးရာသီကာလရောက်လာပြီဆိုရင် ကလေးငယ်များအတွက် စိုးရိမ်းဖွယ်ရာ ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုကတော့ သွေးလွန်တုပ်ကွေးရောဂါပဲဖြစ်ပါတယ် ။ ဒီရောဂါဟာ သာမာန်တုပ်ကွေးလိုအဖျားရောဂါအနေနဲ့ စဖြစ်တတ်ပေမယ့်
တစ်ခါတစ်ရံမှာ သွေးလွန်ခြင်း ၊ သွေးလန့်ခြင်းများထိ ဖြစ်တတ်ပါတယ် ။ကလေးငယ်များရဲ့ အသက်ဆုံးရှုံး ရသည်အထိလည်းဆိုးရွားတတ်ပါတယ် ။ ရင်သွေးငယ်တွေဆိုတာ အနာဂါတ်အတွက် အားသစ်တွေပါ ။ သူတို့လေးတွေရဲ့ ဘ၀ ကျန်းမာသန်စွမ်းဖို့ ၊ လှပဖို့အတွက် ဒီသွေးလွန်တုပ်ကွေးရောဂါကို အလေးထားပြီး ကာကွယ်ရမှာဖြစ်ပါတယ် ။



သွေးလွန်တုပ်ကွေးဆိုတာ
ကျွန်တော်တို့သိထားတဲ့ သွေးလွန်တုပ်ကွေးဆိုတာ ဒန်ဂီးအဖျား ( Dengue fever ) ရဲ့အမျိုးအစားတစ်ခုဖြစ်ပါတယ် ။ ဒန်ဂီးအဖျား (Dengue fever) အဆင့် ၊ သွေးထွက်လွန်သောအဆင့် ( Dengue hemorrhagic fever ) နှင့် သွေးလန့်သောအဆင့် ( Dengue shock syndrome ) ဆိုပြီး အမျိုးမျိုးရှိပါတယ် ။ ဒီရောဂါဟာ ဒန်ဂီးဗိုင်းရပ်စ် ( Dengue virus ) ကြောင့်ဖြစ်ရတာပါ ။အစပိုင်းမှာ သာမန်ဒန်ဂီးအဖျားအနေနဲ့ စတင်ခံစားရပါတယ် ။ သဘောသဘာဝအရ သူ့ဘာသာပျောက်ကင်းသွားတတ်သောရောဂါ (self-limited) ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ နှာခေါင်း ၊ သွားဖုံးများမှ သွေးယိုဆီးတတ်ပြီး သွေးထွက်လွန်သောအဆင့် ( DHF )သို့ ကူးပြောင်းသွားတတ်ပါတယ် ။ ပိုဆိုးလာမယ်ဆိုရင်တော့ သွေးလန့်သောအဆင့်ထိရောက်ရှိနိုင်ပြီး အသက်ဆုံးရှုံးရမှုများ ဖြစ်တတ်ပါတယ် ။

အာရှ-ပစိဖိတ် သွေးလွန်တုပ်ကွေးကာကွယ်ရေး
Free Image Hosting at www.picturetrail.com
( Core Group Meeting in Singapore )

ဒီရောဂါဟာ ရင်သွေးငယ်တို့ရဲ့ အသက်တွေကို ကိုင်လှုပ်နေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဦးဆောင်ပြီး အာရှ နှင့် ပစိဖိတ်ဒေသများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ဆောင်ချက်များကိုဆောင်ရွက်လာပါတယ် ။ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် - ၁၀ ရက်နေ့တွေမှာ စင်္ကာပူနိုင်ငံတွင် ဒန်ဂီးတိုက်ဖျက်ရေး စီမံချက် ( Asia-pacific Dengue Framwork -APDF ) ရေးခဲ့ကြပါတယ် ။ လာမယ့်နိုဝင်ဘာလမှာလည်း ထိပ်သီးအစည်းအဝေးပွဲတစ်ခုကို စင်ကာပူနိုင်ငံမှာ ပြုလုပ်ဦးမှာဖြစ်ပါတယ် ။ဒီရောဂါဟာ အာရှ နှင့် ပစိဖိတ်ဒေသတွေမှာ လျင်မြန်စွာကြီးထွားလာပါတယ် ။ လူပေါင်း ၁.၈ ဘီလီယန်ဟာလဲ ရောဂါခံစားရနိုင်တဲ့အနေအထားမှာရှိတယ်လို့ ခန့်မှန်းကြပါတယ် ။ ဒါကြောင့် အာရှ နှင့် ပစိဖိတ်ဒေသ နှစ်ခုပူးပေါင်းပြီး ဒီရောဂါကို ကာကွယ်ကြဖို့ အစီအမံများဆောင်ရွက်နေကြခြင်းဖြစ်ပါတယ် ။

ဘာကြောင့်ဖြစ်ရတာလဲ
သွေးလွန်တုပ်ကွေးရောဂါဟာ ဒန်ဂီးရောဂါပိုးသ
ယ်ဆောင်ထားတဲ့ အေးဒီးစ် ( Aedes aegypti ) ခြင်ကိုက်လို့ဖြစ်ရတာပါ။

Free Image Hosting at www.picturetrail.com
( Aedes aegypti )

ဒီခြင်ရဲ့ ထူးခြားချက်ကတော့ ကိုယ်ခန္ဒာပေါ်မှာ အဖြူစက်များပါရှိခြင်း ၊ နေ့လည်ဘက်များတွင်သာကိုက်တတ်ခြင်း ၊ ရေကြည်ရေသန့်များတွင်သာပေါက်ဖွားတတ်ခြင်း တို့ဖြစ်ပါတယ် ။ အထူးသဖြင့် သောက်ရေအိုးများ ၊ ဘုရားပန်းအိုးများအစရှိသည်တို့ထဲတွင် ပေါက်ဖွားတတ်ပါတယ် ။

လက္ခဏာများ
သွေးလွန်တုပ်ကွေးရောဂါခံစားရပြီဆိုရင် ဒီလိုရောဂါလက္ခဏာတွေခံစားရပါတယ် :
၁ ) ရုတ်တရက်ဖျားခြင်း ...အဖျားဟာ ၃၉-၄၀ ဒီဂရီစယ်စီးရပ် လောက်ထိရှိတတ်ပါတယ် ။ အဖျားဟာ ၅ ရက်ကနေ ၇ ရက်လောက်ထိကြာတတ်ပါတယ် ။ ၃ရက်နဲ့ ၄ ရက်မြောက်နေ့တွေမှာ အဖျားကျသွားသလိုဖြစ်တတ်ပေမယ့် ၅ရက်မြောက်နေ့ မှာ ပြန်တက်လာတတ်ပါတယ် ။အဲဒီကာလမှာ သွေးလွန်တဲ့အဆင့်သို့ကူးပြောင်းတတ်သဖြင့် သတိထားရမယ့်ကာလလည်းဖြစ်ပါတယ် ။
၂) ကိုယ်လက်မအီမသာဖြစ်ခြင်း ။
၃) ခေါင်းကိုက်ခြင်း ။
၎) မျက်လုံးနောက်ဘက် ၊ ကြွက်သားများနှင့် အဆစ်အမြစ်များ နာခြင်း ။
၅) အရေပြားတွင် အနီစက်များပေါ်လာခြင်း ။
၆) ကော်ဖီရောင်များ အန်တတ်ခြင်း ။
အဲဒီလက္ခဏာတွေခံစားရပြီဆိုရင် သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ်ဆိုတာကို သတိပြုရပါမယ် ။အဆစ်အမြစ်များ ပြင်းထန်စွာ နာကြင်တတ်သဖြင့် break-bone-fever လို့တောင်ခေါ်ကြပါတယ် ။

ဘာလို့ကြောက်စရာကောင်းရသလဲ

ဒီရောဂါဟာ သွေးကြောလေးတွေကို ပျက်ဆီးစေတတ်ပါတယ် ။သွေးကြောနံရံလေးတွေပါးလာပြီး ကိုယ်တွင်းအင်္ဂါတွေထဲကို သွေးယိုဆီးမှုတွေဖြစ်လာပါတယ် ။နောက်ဆုံးမှာ သွေးကြောတွေလုံးဝပျက်ဆီးသွားပြီး သွေးလန့်ခြင်းများ (shock ) ဖြစ်လာကာ အသက်ဆုံးရှုံးရသည်ထိဖြစ်တတ်ပါတယ် ။ဒါကြောင့်မို့ ထိရောက်တဲ့ကုသမှုတွေလိုအပ်ပါတယ် ။ဒါဆိုရင်တော့ ပျောက်ကင်းနိုင်ပါတယ် ။

ကူးစက်တတ်ပါသလား
လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကိုတော့ တိုက်ရိုက်မကူးစက်နိုင်ပါဘူး ။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်မှသာ ကူးစက်နိုင်ပါတယ် ။

ကိုယ်ခန္ဓာထဲက ဖြစ်စဉ်များ
ဒန်ဂီးဗိုင်းရပ်စ် ပိုးဟာ ခန္ဒာကိုယ်ထဲဝင်ရောက်သွားပြီဆိုရင် ကိုယ်တွင်း လင့်ပ်အကျိတ်များ (lymph node)အတွင်းမှာ ပွားများလာတတ်ပါတယ် ။ခန္ဒာကိုယ်ထဲပိုးဝင်ရောက်ပြီး ၄ ရက်မှ ၆ ရက်ကာလအတွင်း လူကိုဒုက္ခပေးနိုင်တဲ့ပမာဏထိပွါးများလာပြီး ဝေဒနာစတင်ခံစားရပါတော့တယ်။

အိမ်မှာကုလို့ရပါသလား

လူနာအများစုကတော့ အိမ်မှာတင်ကုသလို့ရပါတယ် ။
၁) ကောင်းကောင်းအနားယူပါ
၂) အဟာရရှိသောအစားများစားပါ
၃) အရည်များများသောက်ပါ ။ ရောဂါရဲ့ သဘောသဘာဝအရ ခန္ဒာကိုယ်တွင်းမှ အရည်များဆုံးရှုံးတတ်သဖြင့် အရည်များများသောက်ဖို့လိုပါတယ် ။ အထူးအဖြင့် ဓါတ်ဆားရည် ( ORS ) ကိုများများသောက်ပေးရပါမယ် ။
အရေးအကြီးဆုံးက အန္ဒရာယ် လက္ခဏာများ ( Danger Signs ) များကိုစောင့်ကြည့်ရပါမယ် ။ အဲဒီလက္ခဏာတွေတွေ့ပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားပြရပါမယ် ။

အန္ဓရာယ်လက္ခဏာများ
ဒီလက္ခဏာတွေက သွေးလန့်ခြင်းမတိုင်မီ တွေ့ရမယ့် လက္ခဏာတွေဖြစ်ပါတယ် ။
၁) ပြင်းထန်စွာ ဗိုက်အောင့်ခြင်း ( intense and substained abdominal pain )
၂) ကော်ဖီရောင်များ အဆက်မပြတ်အန်ခြင်း ( coffee ground vomiting )
၃) ကိုယ်ပူနေရာမှ အပူချိန်ရုတ်တရက် ကျဆင်းခြင်း ( hypothermia ) - သွေးလွန်ခြင်း ၊ သွေးလန့်ခြင်း ( Shock ) ဟာ ၃ရက်နဲ့ ၅ ရက်မြောက်နေ့တွေမှာ ဖြစ်တတ်ပါတယ် ။ဖြစ်လာပြီဆိုရင် ကိုယ်အပူချိန်ရုတ်တရက် ကျသွားတတ်ပါတယ် ။ အဲဒီလိုကျသွားတာကို တစ်ချို့က နေပြန်ကောင်းသွားတယ်လို့ ထင်မှတ်ပြီး ပေါ့ဆမိတတ်ပါတယ် ။ဒါကြောင့် အလွန်သတိထားရပါမယ် ။
၎) ဂနာမငြိမ်ဖြစ်ခြင်း ( restlessness )
၅) ၀မ်းအမဲများသွားခြင်း
၆) နှာခေါင်း ၊ သွားဖုံးများမှ သွေးယိုခြင်း
ဒီလက္ခဏာတွေတွေ့ပြီဆိုရင်တော့ ဆေးရုံသို့အမြန်ဆုံး သွားရပါ့မယ် ။

ပျေက်ကင်းအောင်ကုသနိုင်ပါသလား
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောရောဂါဖြစ်သဖြင့် လုံးဝပျောက်ကင်းအောင်ကုသနိုင်သောဆေးမရှိပါ ။ ပဓိဇီဝဆေးများ ( antibiotics ) များဖြင့်လည်းမပျောက်ကင်းနိုင်ပါ ။ အဖျားတက်ခြင်း နှင့် ကြွက်သား ၊ အဆစ်များ နာကျင်ခြင်းအတွက် ( Paracetamol ) ကိုတိုက်နိုင်ပါတယ် ။

( လုံးဝ ) မပေးရမည့် ဆေးများ (လုံးဝ )
ဒီဆေးတွေဟာ သွေးယိုဆီးမှုကို ဖြစ်စေတတ်လို့ လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ် ။
၁) Asprin
၂) Brufen ( ibuprofen )

သွေးလန့်ခြင်း ( Shock )
ဆေးရုံတွင် ထိရောက်သောကုသမှုများဖြင့် ပျေက်ကင်းအောင်ကုသနိုင်ပါတယ် ။ တစ်ခါတစ်ရံ သွေးသွင်းဖို့လိုအပ်တတ်ပါတယ် ။

ကာကွယ်ဆေး (Vaccine )
စမ်းသပ်ဆဲကာလမှာပဲရှိပါသေးတယ် ။ နောင်နှစ်အနည်းငယ်အတွင်းမှာ ဈေးကွက်ထဲရောက်လာနိုင်ပါတယ် ။

ဘယ်တော့ပျောက်မှာလဲ

များသောအားဖြင့် ၁ပါတ် - ၂ ပါတ်အတွင်းမှာ ပျောက်ကင်းနိုင်ပါတယ် ။ ဆက်ပြီးခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။

ဘယ်လိုကာကွယ်ကြမလဲ
ခြင်ကိုက်လို့ဖြစ်တဲ့အတွက် ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ခြင်ကိုက်မခံရအောင်နေခြင်းနဲ့ ၊ ခြင်ပေါက်ဖွားမှုကို ကာကွယ်ဖြင်းပဲဖြစ်ပါတယ် ။

ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်း
ခြင်က နေ့လည်ဘက်များတွင်သာကိုက်တတ်ပါတယ် ။
၁) အ၀တ်အစားကို လုံခြုံစွာဝတ်ပါ ။
၂) ခြင်ဆေးခွေကို သုံးပါ ။
၃) ခြင်ထောင်ထောင်အိပ်ပါ ။ ဆေးစိမ်ထားသော ခြင်ထောင်များ ( Insecticide treated Nets )ကို သုံးနိုင်ပါတယ် ။
၎) အိမ်များတွင် ခြင်လုံသံဇကာများတပ်ဆင်ပါ ။

ခြင်မပေါက်ဖွားအောင်ကာကွယ်ခြင်း
ခြင်ခိုအောင်းပေါက်ဖွားနိုင်သော နေရာများကို ဖယ်ရှားရပါမယ် ။
၁) သောက်ရေအိုး ၊ ဘုရားပန်းအိုးများကို အမြဲရေလဲပေးပါ
၂) ရေတင်တတ်သော အိုးခွက်အဟောင်းများ ၊ ကားတာယာများ ကိုဖယ်ရှားပါ ။
၃) အိမ်ဝန်းကျင် ချုံများကို ရှင်းလင်းပါ ။
အပါတ်စဉ် သန့်ရှင်းနေ့သတ်မှတ်ပြီး ခြင်အန္လရာယ်မှကာကွယ်ပါ ။



Cool Slideshows!

( ခြင်ပေါက်ဖွားတတ်သောနေရာများ )

အချုပ်အားဖြင့်ဆိုသော် သွေးလွန်တုပ်ကွေးရောဂါကို အားလုံးစုပေါင်းတိုက်ဖျက်ခြင်းဖြင့် ရင်သွေးငယ်တို့ဘ၀ လှပအောင် ဖန်တီးပေးကြပါစို့လို့တိုက်တွန်းလိုက်ပါတယ် ။

( ဒီဆောင်းပါးလေးကိုဖတ်ခြင်းဖြင့် ကျန်းမာရေးအသိလေးတစ်ခုရရှိသွားမယ်ဆိုရင် ၀မ်းသာပါတယ် ။ လိုအပ်ချက်များရှိပါက နားလည်ပေးကြပါလို့ ပြောချင်ပါတယ် ။ အသိပညာ မျှဝေပေးရုံသက်သက် ရေးသားခြင်းဖြစ်ပါတယ် ။ )

Ref: 1. Nelson Text Book Of Pediatrics
2. Ghai Essential Pediatrics
3. WHO Dengue Project -regional office for South-East Asia ( http://www.searo.who.int/)
4. Dengue:clinical and public health aspect
( http://www.cdc.gov/ncidod/dvbid/dengue/slideset/set1/iii/slide10.htm)
5.Medicine.org.uk ( http://medguides.medicines.org.uk/ )
6.National Library of Medicine -us ( http://www.nlm.nih.gov/)

You received this email because you are subscribed to the real_time feed for http://healtheducation-thiha.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.