Monday, September 29, 2008

[ဆုံဆည်းရာ] 25 New Entries: ကုလားသွေးပါသော သားကလေး၏ အဖေရှာပွဲနှင့် ဆက်စပ်နေသော ငါးလောင်းပြိုင်လူသတ်မှုကြီး

ကုလားသွေးပါသော သားကလေး၏ အဖေရှာပွဲနှင့် ဆက်စပ်နေသော ငါးလောင်းပြိုင်လူသတ်မှုကြီး

အောင်ချမ်း

၂၀၀၆ ခုနှစ်က တကမ္ဘာလုံး အံ့သြရလောက်အောင် ကြီးမား တဲ့ စိန်ဘယက်ကြီးကို အခန့် သားဆွဲရင်း စင်္ကြ၀တေးမင်း မဟုတ်သော ဘယ်ကမှန်း မကျိန်းသေသည့်အနောက်တိုင်းသားတယောက်၏ မျိုးစေ့ကို လွယ်ကာ လူပုံအလည်၌ မျက်နှာထား တင်းတင်းဖြင့် နွားရွေးပွဲ ကို ဆင်နွှဲခဲ့သည့် မိကြိုင် နှင့် ငသန်းရွှေတို့၏ ရှုမငြီးသော သမီးကညာ၏ မင်္ဂလာ ပွဲ မှ စတင်ကာ ကံခေသော သူကြွယ် မိသားစု ခမျာ လုပ်ကြံခံလိုက်ရသည့်ဇာတ်လမ်းအား ပြည်ထဲရေး နှင့် တပ်မတော် အတွင်းပိုင်းမှပေါက်ကြား ငြီးငြူ လာသော သတင်းစစ် သတင်းမှန်များအား အံ့ဖွယ်လိလိ ယခုကဲ့သို့ ကြားသိရပါသည်။

ထိုကမ္ဘာကျော်ကြွားပွဲကြီးတွင် သတို့သမီးဖြစ်သူ စူပုတ်မ ၀တ်ဆင်ထားသော ရတနာများသည်ကား လုပ်ကြံခံရသူ မိသားစု ထံမှ ငှားရမ်းကာ ၀တ်ဆင်ထားသော ရတနာများဖြစ်ကြသည်ကို မိကြိုင် ၊ ငသန်းရွှေ နှင့် သူတို့ အသိုင်းအ၀ိုင်းသာလျှင်သိမည်ဟု အထင်ရှိနေသ်ာလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၊ ရဲချုပ် ခင်ရီ နှင့် တကွ တပ်မတော် အထက်ပိုင်းတခုလုံး
ကောင်းကောင်းသိရှိသည့်ကိစ္စဖြစ်သည်။ သို့သော် ယခု မြန်မာ့တပ်မတော်သည် အခြောက်များဖြင့် ဖွဲ့စည်းထားသည်နှင့်အညီ ယူနီဖောင်းဝတ် ဗိုက်ရွှဲရွှဲ အဆီပြန်ပြန် တယောက်ကို တယောက် ကြိတ်ကြိုက် နေကြသည့် ဗိုလ်ချုပ်များ ၊ ဗိုလ် မှူးကြီးများ ၊ ဗိုလ်မှူးများ ၊ ဗိုလ်ကြီးများ စသော စသော အရာရှိများသည် ရေငုံနှုတ်ပိတ်ခေါင်းငုံ့ကာ ကြီးစဉ်ငယ်လိုက် အချစ်တော်လျှော့မှာ
ကြောက်တော်မူသည့်အခြောက်တို့၏ ထုံးစံအတိုင်း မသိယောင်ဆောင်ကာ ကွယ်ရာတွင်သာ အပါတ်စဉ်တူသူ အခြောက်ခြင်း တွတ်တီးတွတ်တာ အတင်းပြောကြ၏။

ဖြစ်ပုံမှာကား....

လုပ်ကြံသတ်ဖြတ်ခံရသည့်မိသားစုသည် ၄င်းတို့ မိသားစု ပိုင်သော ဘိုးစဉ်ဘောင်ဆက်ရတနာကို ပြန်လည်ကာ မိကြိုင်ထံမှ ဖုန်းဆက်တောင်းခံရာ နေ့ ရွှေ့ ညရွှေ့ လုပ်နေသည့် ချစ်တီးမယားအကျင့် ကျင့်ကြံသော မိကြိုင်က စိတ်ကွက်တော်မူခြင်းဖြစ်၏။

အမှန်မှာ မင်္ဂလာဆောင်ပြီးသည်မှာကြာယုံမက မိကြိုင် ငသန်းရွှေတို့၏ မြေးတော်လေး စွပ်ပရား သန်းရွှေ ပင် လူဖြစ်ကာ အူဝဲ ဆိုကတည်းက ပထွေး က ပွေ့ ချီခိုက် ပထွေးမျက်နှာ သေးဖြင့်ပန်းပြီးလောက်ပြီပင်ဖြစ်သည်။ သို့သော် စိန်ဘယက်များ လက်ဝတ်ရတနာများကို ကား မိကြိုင်တို့ကပြန်မပေး ။ ထိုကဲ့သို့ မြန်မာပြည်တွင်း ဆက်သွယ်ပြောဆိုသော တယ်လီဖုန်း လိုင်းတိုင်းမှ အချီအချစကားများကို လက်ရှိထောက်လှမ်းရေးမှအမြဲ ဖမ်းယူနားထောင် နေသည်ကို မေ့လျော့နေလို့တော့ ဟုတ်ချင်မှဟုတ်မည်။ ထောက်လှမ်းရေးကိုလဲ ဂရုစိုက်စရာသတ္တ၀ါတွေဟု ယူဆပုံမပေါ် ။

သို့နှင့်ပြသနာမှာတစတစကြီးမားလာကာ နောက်ဆုံးတွင် မိကြိုင် စိတ်ကွက်တော်မူကာ ၀ လူမျိုးတစ်ယောက်နှင့် ယိုးဒယား လူမျိုးလေးယောက်ပါသော ကြေးစားလူသတ်သမားအဖွဲ့ကိုငှားရမ်းကာလုပ်ကြံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မိကြိုင် ၏ ဒေါသအိုးကို တုတ်နှင့်ထိုးသကဲ့သို့ ကိုယ့်ပစ္စည်းကိုယ်ပြန်တောင်းမိသော မိသားစုကို သတ်ရန် အတွက် ငသန်းရွှေ၏ သားကြီးက ငသန်းရွှေကိုင်ဆောင်သော ပစ္စတိုအပါအ၀င် သေနတ်အတိုများကိုယူကာ လူသတ်သမားများ အား ငှားရမ်းခဲ့၏။ ထိုကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီနှင့်တကွ ထို စူပုတ်မ၏ လင်ကောင်ဖော်ပွဲတွင် ကျော်ဆန်းစကားပြောနေသည်ကို ကြည့်ပြီး တခြား ဗိုလ်ချုပ်တယောက်ကို လက်တို့ကာ "ဟော...ငဖား လေပေါ သချီးထူ ကျော်ဆန်း ပါးစပ်က မနားတန်း ဖြဲနေတာ ကြည့်ပါဦးဗျာ" ဟု ပြောဖူးသော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ နှစ်ယောက်လုံး သိကာ ထိုအမှုကို ဆက်လက်ကိုင်တွယ်ရန် လက်တွန့်နေကြ၏။ သို့သော် ထိုဖြစ်ရပ်ကို ဗိုလ်ချုပ်ကြီး အေး နှင့် နိုင်ငံတကာ သံရုံးများသို့ တိုးတိုးတိတ်တိတ် သတင်းပေးပို့ခဲ့ကြကာ သူတို့ ပါဝင်ပတ်သက်မှုမရှိဟု လက်ဦးမှုရယူထားပေသည်။ ဗိုလ်ချုပ် မြင့်ဆွေ ၊ဗိုလ်ချုပ် တင်အောင်မြင့်ဦး ၊ ဗိုလ်ချုပ် ရွှေမန်းတို့ လည်း ထိုကိစ္စကို သိရှိကြသော်လည်း မိကြိုင် နှင့် ငသန်းရွှေ တို့ လုပ်သည့် ကိစ္စဖြင့်သဖြင့် ထို ရဲစွမ်းသတ္တိနှင့် အလွန်တရာ ပြည့်စုံဟန် ဟန်ရေးပြလေ့ရှိသော ဗိုလ်ချုပ်များလည်း ထမိန်ဖြင့်အအုပ်ခံရမည်ကို ကြောက်ရွံ့လှသဖြင့် နှာစေးနေကြပေသည်။

ရဲချုပ် ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကတော့ သတ္တိရှိ၍ ပေလော ပိုမိုအကြောက်လွန်၍ လောမသိ ထိုအမှုကို ဗိုလ်ချုပ်ကြီး အေးနှင့်တကွ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းသို့ အသိပေးလိုက်ပြီးဖြစ်ပေသည်။

အောင်ချမ်း

ဆိုင်ဘာမှသုံးသူများ အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်

တေဇာတေ

တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ .. ။ ဘာလို့သူများ password ကို သိချင်ကြမှန်းမသိဘူး .. ။ ဘာမှ ကောင်းကျိုးမရှိဘူး ။ ရေးတဲ့လူတွေ ရှိတော့လည်း ပြောပြရတော့မှာပေါ့ဗျာ .. ။ ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ .. ။ အင်း ...အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။

အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ ... ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ .. ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ .. ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊ password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့ .. ။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ .. ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)



အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ ... ။

ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc(or)Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ် Task Manager ကို အထက်ပါအတိုင်းကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီးခေါ်ယူလဲရပါတယ်။အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆိုရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကိုရီ ကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်းအားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။ ဒီပို့စ်လေးကိုရေးပြီး မိတ်ဆွေတို့ အားလုံးကို ပို့ရတဲ့အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ တစ်ရက်ကပဲ ကျွန်တော့်ကိုပြည်တွင်းက မိတ်ဆွေတစ်ယောက်က ကျောက်မြောင်းထဲက အိုကေဆိုတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်ပြည်ပနဲ့ ဆက်သွယ်နေတာတွေ့လို့ဆိုပြီး အဖမ်းခံရတယ်ပြောလို့ ပြည်တွင်းက တတ်ကြွလှုပ်ရှားသူတွေ အနေနဲ့ နည်းပညာပိုင်းအရ ရှောင်လို့ရတဲ့ အချက်လေးတစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူဖြစ်စေချင်လို့ပါပဲ.. မိတ်ဆွေတို့ရဲ့ ပြည်တွင်းအဆက်အသွယ်တွေကို ဒီပို့စ်လေးကို ဖော်ဝဒ်လုပ်ပြီးပေးဖတ်ရင်း သူတို့ရဲ့ အန္တရာယ်ကင်းရေးအတွက် အထောက်အကူပြုကြပါခင်ဗျာ။

တေဇာတေ ( မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖွဲ့) ဒိန်းမတ်အထက်ပါပို့စ်လေးကိုဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကိုပြန်မှီငြမ်းထားပါတယ်။

ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် ဦးဝင်းတင် ပြောဆို

ဧရာဝတီ-ကိုစိုး | စက်တင်ဘာ ၂၇၊ ၂၀၀၈

မကြသေးခင်က ပြန်လည်လွတ်မြောက်လာသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်က မြန်မာ့ဒီမိုကရေစီရေး အတွက် အန်အယ်လ်ဒီ တဖွဲ့တည်းနှင့် လုပ်ဆောင်၍မရကြောင်း တိုင်းရင်းသားများ အပါအ၀င် ဒီမိုကရေစီ အင်အားစုများ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ ယနေ့ ကျင်းပသော နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပြောကြားလိုက်သည်။

ထို့အပြင် ထောင်ဝတ်စုံ အပြာရောင်ပုံစံအင်္ကျီ ၀တ်ဆင်ထားသော ဦးဝင်းတင်က စစ်အစိုးရ၏ ဖမ်းဆီးခံထားရဆဲ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိရာတွင် အားလုံး လွတ်မြောက်ခြင်း မဟုတ်ဘဲ ၎င်း လွတ်မြာက်လာရသည်ကို ရှက်ရွံ့ မိကြောင်း အခမ်းအနားမိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာ ၀င်းနိုင်က ပြောဆိုသည်။

"အဓိကသူပြောတာက အခု ဒီမိုကရေစီ တိုက်ပွဲက မပြီးဆုံးသေးဘူး၊ အန်အယ်လ်ဒီ တဖွဲ့ တည်းနဲ့လည်း မရနိုင် ဘူး၊ ဒါကြောင့် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး ညီညီညွတ်ညွတ် ဆောင်ရွက် ကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်၊ သူ အခုလို လွတ်မြောက်လာ ပေမယ့် ထောင်ထဲမှာ ရဲဘော်တွေ ၂၀၀၀ ကျော် လောက် ကျန်နေသေးတဲ့ အတွက် ရှက်ရွံ့တယ်တဲ့၊ သူ့အနေနဲ့ ၀မ်းသာရမယ့်အစား သူ့စိတ်ထဲမှာ ရဲဘော်တွေ အတွက် ခံစားရတယ်၊ သူရှက်တယ်တဲ့"ဟု ဒေါက်တာ ၀င်းနိုင်က ဧရာဝတီ သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်အရှင်မြတ် များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရန် ၀ိုင်းဝန်း ကြိုးပမ်းကြရန်လည်း ဦးဝင်းတင်က တိုက်တွန်းပြောကြားသွားသည်ဟု ၎င်းကဆိုသည်။

အခမ်းအနားသို့ ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ဦးဝင်းတင် အပါ အ၀င် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ တို့ လည်း တက်ရောက်လာ ကြပြီး အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေက သဘာပတိ မိန့်ခွန်း ပြောကြားရာတွင် ၎င်းတို့၏ မူလ တာဝန်များကို ပြန်လည် အပ်နှင်းကြောင်း ပြောကြားသည် ဟုလည်း သိရသည်။

"အခမ်းအနား မစခင်မှာ ဥက္ကဌ ဦးအောင်ရွှေက နေပြီးတော့ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဦးဝင်းတင် နဲ့ ဦးခင်မောင်ဆွေတို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ တာဝန်ပြန်လည် ထမ်းဆောင်ဖို့၊ ဒေါက်တာ သန်းငြိမ်းကို လည်း ရန်ကုန်တိုင်းစည်းရုံးရေး ဒု ဥက္ကဌ တာဝန်ကို ပြန်လည် ထမ်းဆောင်ဖို့ ပန်ကြားပါတယ်၊ သူတို့အားလုံးက လည်း သဘောတူညီပါတယ်"ဟု ဒေါက်တာ ၀င်းနိုင်က ပြောပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က"ဦးဝင်းတင်ဆိုရင် ကျနော်နဲ့ ရန်ကုန် ဆေးရုံကြီးမှာ လပေါင်းများစွာအကြာကြီး အတူတူနေလာတော့ သူရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး အမြင် တွေကို တော်တော် လေး လေ့လာခွင့်ရခဲ့ပါတယ်၊ ဒေါက်တာ သန်းငြိမ်းလည်း ထို့အတူပါပဲ၊ ဒီလိုပုဂ္ဂိုလ်တွေ အန်အယ်လ်ဒီထဲမှာ ၀င်ရောက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသား ခေါင်း ဆောင်များ၊ ပါတီများ အနေနဲ့လည်း အန်အယ်လ်ဒီကို ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အရင်က ထက်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ တကယ့်ကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ဖို့ကတော့ လူတဦးတယောက်တည်းအပေါ်မှာ မှုမတည်ဘူး၊ တိုင်းပြည် တခုလုံးနဲ့တကွ နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း၊ ခေါင်းဆောင်အားလုံးအပေါ်မှာ တည်ပါတယ်"ဟု ပြောသည်။

ယင်းအခမ်းအနားတွင် စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုပြီး မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒကို ယနေ့ အထိ ငြင်းဆန်နေကြောင်း၊ပြီးခဲ့သည့် မေလက ပြုလုပ်သော အခြေခံဥပဒေ အတည်ပြု ဆန္ဒခံ ယူပွဲသည် ပြည်သူ့ဆန္ဒကို မရိုးမသား လိမ်လည်ရယူခြင်းဖြစ်၍ လက်မခံကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း အသိအမှတ်မပြုကြောင်း စသည့် အချက်များ ပါဝင်သည့် စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်သည်။

အန်အယ်လ်ဒီ အနှစ် ၂၀ လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ သည် ပြည်သူများနှင့် နိုင်ငံရေး အင်အားစု များ မျှော်မှန်းသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရန် မလုပ်ဆောင်နေသေးကြောင်း ဦးအေးသာအောင်က သုံးသပ်သည်။

"အဓိကကတော့ အန်အယ်လ်ဒီ ဟာ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ တရှိန်ထိုး ပြည်သူတွေရဲ့ အားကိုး ယုံကြည်မှုကို ရခဲ့တယ်၊ ဒါပေမယ့် အန်အယ်လ်ဒီဟာ ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ မျှော်မှန်းသလို တကယ့် ဒီမိုကရေစီလမ်း ကြောင်းပေါ် ရောက်အောင်ယနေ့အထိ မလုပ်နိုင်သေးဘူး၊ အဲဒီမှာ ဘာပဲပြောပြော တဘက်မှာ စစ်အာဏာရှင်တို့ရဲ ဖိနှိပ်မှုတွေရှိသော် ငြားလည်း ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ဖို့ တကယ်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘူးဆိုတာကိုတော့ ၀န်ခံရလိမ့်မယ်"ဟု ဦးအေးသာအောင်က ပြောသည်။

၎င်းက ဆက်လက်ပြီး"အဲဒီအခါမှာကျနော်တို့အပါအ၀င် နိုင်ငံရေးပါတီတွေမှာ၊ နိုင်ငံရေးခေါင်းဆောင်တွေမှာ ဘာပဲဖြစ်ဖြစ် တစုံတခု အတိုင်းအတာအထိ ကြိုးပမ်းအားထုတ်မှုနဲ့ စွမ်းဆောင်မှုပိုင်းမှာ အားနည်းချက်ရှိတယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါ တယ်"ဟုလည်း ဆိုသည်။

အန်အယ်လ်ဒီ အနှစ် ၂၀ ပြည့် အခမ်းအနား မကျင်းပမီနှင့် ကျင်းပပြီးချိန်တွင် အဖွဲ့ဝင် ၉ ဦး ခန့် ဖမ်းဆီး ခံရ ကြောင်းနှင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်းလည်း သိရသည်။

ယနေ့ အန်အယ်လ်ဒီ အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် ဒီမိုကရေစီပါတီစသည့် တခြားသော နိုင်ငံရေး အင်အားစုများက သ၀ဏ်လွှာများပေးပို့ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည့် နိုင်ငံခြားသံတမန်များနှင့် တခြားသောဖိတ်ကြားထားသူများ တက်ရောက် ကြကြောင်း အန်အယ်လ်ဒီက ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့တွင် အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ကြေညာချက်အား ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရုပ်သိမ်းပေးရန် ကြာသပတေး နေ့က အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ခေါ်ယူပြောဆိုခဲ့သည်။
အန်အယ်လ်ဒီ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့် ပါတီစုံ အထွေ ထွေရွေး ကောက်ပွဲ၌ ၈၀ ရာခိုင်နှုန်းကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သောပါတီဖြစ်သော်လည်း စစ်အစိုးရ က ယင်းရွေး ကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။

စစ်တွေမြို့ မှ ဆန္ဒပြ သံဃာတော် (၇) ပါးကိုဖမ်းဆီး

ခေတ်ပြိုင်-မင်းနိုင်သူ /၂၈ စင်တင်ဘာ ၂၀၀၈။ ။

စက်တင်ဘာ (၂၇) ရက် စနေနေ့က စစ်တွေမြို့ ပေါ်တွင် လမ်းလျှောက်စီတန်းမေတ္တာပိုခဲ့ကြသည့် သံဃာတော်များထဲမှ သံဃာတော် (၇)ပါးကို အာဏာပိုင်များက ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တွေမြို့ ခံများက ပြောသည်။

စက်တင်ဘာလ (၂၇) ရက်ကို န.အ.ဖ.စစ်အစိုးရက ပတ္တနိက္ကုစ္ဇန ကံဆောင် သံဃာတော်များအား ကျောင်းတိုက်များအထိ လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများနှစ်ပတ်လည် နေ့အဖြစ် စစ်တွေ သံဃာတော်များက အမိန့်ရှိသည်။ မြန်မာစစ်အစိုးရက သံဃာတော်များအား နှိမ်နင်း သည့် နှစ်ပတ်လည်တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားသည့်ကြားမှ စစ်တွေမြို့ခံ သံဃာတော်များကို ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ် သည်။

" ဦးဇင်းတို့က စီတန်းလှည့်လည်မေတ္တာပို့တယ်ဆိုပေမဲ့ အာဏာပိုင်တွေ နဲ့ ထိပ်တိုက် ရင်မဆိုင်ချင်တာကြောင့် အသံတိတ်၊ စိတ်ထဲကပဲ မေတ္တာပို့ပြီး လမ်း လျှေက်ခဲ့ကြတာပါ။ ဒီလိုငြိမ်းချမ်းစွာစီတန်းလှည့်လည်တာကိုတောင် လက်မခံဘဲ သံဃာတွေကိုဖမ်းဆီးတယ်ဆိုတော့ န. အ. ဖ အစိုးရဟာ ဘယ်လောက်တောင် မိုက်ရိုင်းသလဲ စဉ်းစားသာကြည့်ကြပါတော့ " ဟု စစ်တွေသံဃာတော်တပါးက မိန့်ကြားသည်။

အဆိုပါစီတန်းလှည့်လည်မူကို မြင်တွေ့သည့် စစ်တွေမြို့ ခံ မျက်မြင်သက်သေတဦးကမူ-

" သံဃာ တော်တွေဟာ အော်ဟစ်ခြင်းကြွေးကြော်ခြင်းမရှိခဲ့ကြပါဘူး ပိုစတာတွေဘာတွေ လည်းကိုင်ဆောင်ထားတာမတွေ့ရပါဘူး။ အသံတိတ်စုပေါင်းလမ်းလျှေက်သွား ကြတာပါ။ ဒါကိုတောင်ညပိုင်းမှာကျောင်းတိုက်ထဲကိုဝင်ပြီးသံဃာတော် (၇)ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကြားတယ်။ အာသောကာရုံကျောင်းတိုက်က နယ်လှည့် ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တဓမ္မ၀ံသ ကိုလည်း (၂၇) ရက် ညပိုင်းကတခါ (၂၈) ရက် မနက်ပိုင်းတခါလာပြီး မေးမြန်းစစ်ဆေးနေကြတယ် " ဟု ပြောသည်။

ယမန်နှစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် စစ်တွေမြို့မှ သံဃာတော် အပါး (၅၀၀၀) ကျော် အာဏာပိုင်များရုံးကို ၀ိုင်းပြီး ဖမ်းဆီး ထားသည့် သံဃာများကို ပြန်လွှတ်ဖို့ တောင်းဆိုခဲ့သည်။ ထိုနေ့မတိုင်မှီက စစ်တွေ သံဃာတော်များ ဆန္ဒပြပွဲကို စစ်တပ်က မျက်ရည်ယိုဗုံး သုံးကြိမ်ခွဲပြီး သေနတ် မိုးပေါ်ထောင် ပစ်ခဲ့သည်။

နေ့သစ်

ရေးသားသူ - ရဲသွေး

ပြက္ခဒိန်တွေကိုပဲ ငေးငေးနေတတ်တာ
ပြစ်တင်မစောလိုက်ပါနဲ့ ညီမလေးရေ…။

အမှောင်ထုကို ဖြတ်သန်းဘူးမှ
အလင်းရဲ့တန်ဘိုးကိုသိရမယ်။
ပဋိပက္ခတွေကို ရင်ဆိုင်ဘူးမှ
ငြိမ်းချမ်းခြင်းကို ခံစားနိုင်မယ်။
အနှောင်အဖွဲ့ကြားမှာ ရှင်သန်ဘူးမှ
လွတ်လပ်ခြင်းကို နားလည်နိုင်လိမ့်မယ် မဟုတ်လား။

အခုတော့…
သံတိုင်တွေကြားကပဲ
ပြက္ခဒိန်တွေကိုငေးမော
အနာဂတ်အတွက်တွေးတောလို့
ရင်မောစွာငံ့လင့်နေတတ်ပြီလေ။

27.10.07

မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှု စစ်ဆေးမှုများလုပ်

မဇ္ဈိမ-သဲသဲ၊ စက်တင်ဘာလ ၂၆ ရက် ၂၀၀၈

နယူးဒေလီ။ ။ ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ အနီး ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူစည်ကားရာ လမ်းဆုံ မီးပွိုင့်၊ ဈေး၊ လိုင်းကား မှတ်တိုင်များတွင် အာဏာပိုင်များမှ စစ်ဆေးမှုများ ပြုလုပ်နေသည်။

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာဈေး၊ ဆူးလေ လိုင်းကား မှတ်တိုင်များ၊ ပန်းဆိုးတန်း ကမ်းနားလမ်းများရှိ လိုင်းကားများပေါ်တွင် ခရီးသည်များအား လိုက်လံ စစ်ဆေးမှုများ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။

"မြို့ထဲ အထွက်လမ်းတွေကို ဗုံးပေါက်ပြီးတော့ ဘတ်စ်ကားတိုင်း၊ အဌားယာဉ်ကား၊ လိုင်းကားတိုင်းပေါ် တက်ပြီးတော့ ခရီးသည်တွေကို လိုက်စစ်နေတယ်။ နာမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင် နံပတ်၊ ဘာကိစ္စနဲ့ လာလဲ။ ဘယ်ကနေ လာသလဲ မေးတယ်လေ။ ကားနံပတ်တွေ လိုက်မှတ်နေတယ်" ဟု ဘတ်စ်ကားပေါ် စစ်ဆေးခံရသူ တဦးက ပြောသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် လိုင်းကားများပေါ်တွင် ပါလာသည့် အိမ်များကို ဖွင့်ကြည့်ကာ ရှာဖွေစစ်ဆေးမှုများ လုပ်ခဲ့ကြောင်း တာမွေ လိုင်းကားစီးသည့် ခရီးသည် တဦးက မဇ္ဈိမကို ယခုလို ပြောသည်။

"ဒီတာမွေမှာက ဘတ်စ်ကားစီးသူတွေကို စစ်ဆေးနေတယ်လေ။ အိတ်တွေ ဖွင့်ကြည့်တာတွေ လုပ်နေတယ်။ ခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်တာပေါ့။ အဲလို စစ်လား ဆေးလား လုပ်တော့ ကတိကအောင့် ဖြစ်တာပေါ့နော်" ဟု သူက ပြောသည်။

ယခုလို ခရီးသည်တင် လိုင်းကားများကို စစ်ဆေးမှု လုပ်ရာတွင် ရဲဝတ်စုံအပြည့် လုံခြုံရေး တပ်ဖွဲ့များ၊ အရပ်ဝတ် ထောက်လှမ်းရေး၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင်များ နှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ ရှာဖွေ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း အမှတ် (၄၅) လိုင်းကား မှတ်တိုင်နောက်ရှိ ခြံစည်းရိုးထောင့် အမှိုက်ပုံ အနီးမှ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည့်အတွက် လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အလားတူ နောက်ထပ် ချိန်ကိုက်မိုင်း တပ်ဆင်ထားသည့် ကက်ဆက်တလုံးအားလည်း မပေါက်ကွဲမီ အချိန်မီ တွေ့ရှိခဲ့ကြောင်း ဖော်ပြ ရေးသားထားသည်။

သို့သော် ပေါက်ကွဲမှုအား မည်သူမည်ဝါ လက်ချက်ဖြစ်သည် ဆိုခြင်းကို ဖော်ပြ ရေးသားထားခြင်း မရှိသော်လည်း အာဏာပိုင်များအနေဖြင့် ၎င်းဖောက်ခွဲ ဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် မတိုင်မီ စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ တစုံတရာ မသင်္ကာသူများအား အာဏာပိုင်များမှ ပိုက်စိပ်တိုက် စစ်ဆေးမှုများ လုပ်နေခဲ့သည်။

ဗန္ဓုလပန်းခြံ ဗုံး လူ ၇ ဦးဒဏ်ရာရဟု အစိုးရပြော

မဇ္ဈိမ၊ စက်တင်ဘာလ ၂၆ ရက် ၂၀၀၈
ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတွင် ယမန်နေ့က ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ဦး ဒဏ်ရာ ရရှိသွားသော်လည်း စိုးရိမ်ရသည့် အခြေအနေ မဟုတ်ဟု စစ်အစိုးရက သတင်းထုတ်ပြန်သည်။

မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်ဖက်ခြမ်းရှိ အမှတ် ၄၅ ဘတ်စ်ကားမှတ်တိုင် နောက် ဘက်ရှိ ခြံစည်းရိုးထောင့် အမှိုက်ပုံ အနီးမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှ ၁၀ ပေခန့်အကွာ ကားမှတ်တိုင်ထိုင်ခုံပေါ်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော ချိန်ကိုက်မိုင်း တပ်ဆင်ထားသော ကက်ဆက်တလုံးကိုလည်း ထပ်မံတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း သတင်းစာက ရေးသားထားသည်။

လွှတ်တော်ခေါ်ယူပေးရေးတောင်းဆိုမှု ပြန်ရုပ်သိမ်းရန် ရဲချုပ်ဖိအားပေးမှုကို အန်အယ်လ်ဒီငြင်းဆန်

ခေတ်ပြိုင်-ပီတာအောင်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ပြည်သူ့လွှတ်တော်ခေါ်ယူ၍ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် ကမ်းလှမ်းထားသည့် ကြေညာ ချက်ကို ပြန်ရုပ်သိမ်းရန် ရဲချုပ်၏ တောင်းဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လက်မခံဘဲ ငြင်းဆန်လိုက်ကြောင်း ခေတ်ပြိုင်သို့ ပြောကြားသည်။

ယမန်နေ့ မွန်းလွဲ (၂) နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၆) ဦးကို ပြည်ထဲရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံ ကာ ခေါ်ယူသတိပေးသည့်အပေါ် အန်အယ်လ်ဒီက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလဆန္ဒခံယူပွဲ၌ အာဏာပိုင်များကိုယ်တိုင် မမှန်မကန် လုပ်ဆောင်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအများစုနှင့် အန်အယ်လ်ဒီက လက်မခံနိုင်ကြောင်း အန်အယ်လ်ဒီ၏ ကြေညာချက်၌ ဖော်ပြခြင်းသည် ပြည်သူလူထုကို လှုံ့ဆော်ရာရောက်သဖြင့် ရုပ်သိမ်းပေးရန် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ခေါင်းဆောင် များနှင့်တွေ့ဆုံရာ၌ သတိပေးပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောသည်။

၎င်းက "မနေ့ကဆွေးနွေးတဲ့အထဲမှာ သုံးသပ်ရေးကော်မတီဖွဲ့ဖို့တို့ဘာတို့နဲ့ ပတ်သက်ပြီး တလုံးတပါဒမှမပြောပါဘူး။ No လည်းမပြောဘူး။ Yes လည်းမပြောဘူး။ ပြည်သူလူထုကို လှုံ့ဆော်တဲ့သဘောရှိတဲ့အတွက် ရုပ်သိမ်းပေးပါလို့ပဲ ပြော တယ်။ ကျနော်တို့ အဖွဲ့ချုပ်လူကြီးတွေကတော့ ဒီဥစ္စာတွေဟာ အကုန်လုံးအမှန်အကန်တွေ သက်သေ အထောက်အထား တွေလည်း အကုန်ရှိတယ်။ အဲတော့ ဒီဟာတွေနဲ့ပတ်သက်ပြီး ပြန်ပြီးရုပ်သိမ်းမပေးနိုင်ဘူးလို့ပဲ ဖြေကြားခဲ့ပါတယ်" ဟု ပြောကြားသည်။

ယခုကဲ့သို့ ကြေညာချက် ပြန်ရုပ်သိမ်းပေးရန် ခေါ်ယူသတိပေးမှုမျိုး ယခင်က မရှိခဲ့ဘူးကြောင်း၊ သတိပေးမှုကို ငြင်းဆန် လိုက်သဖြင့် နောင်အကျိုးဆက် မည်သို့ဖြစ်လာမည်ကို မပြောနိုင်သေးကြောင်းနှင့် အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်အပေါ်၌ သာ မူတည်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

စက်တင်ဘာ (၂၂) ရက်က ထုတ်ပြန်သည့် အန်အယ်လ်ဒီ အထူးကြေညာချက်၌ ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူ ဖွဲ့စည်းပေးရန်နှင့် ထိုလွှတ်တော်က တပ်မတော်၊ တိုင်းရင်းသားများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့စည်းကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် တောင်းဆိုထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အာဏာပိုင်တို့ စိတ်ကြိုက်ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့် တဖက်သတ် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ မေလ ဆန္ဒခံယူပွဲ သည်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကို ချိုးဖောက်၍ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ မလျော်သြဇာသုံးခြင်းတို့ပြုလုပ်၍ အတင်းအဓမ္မ အတည်ပြုထားသဖြင့် ပြည်သူလူထုအများစုက လက်မခံနိုင်ကြောင်းလည်း အချက်အလက်များဖြင့် ထောက်ပြဝေဖန်ထားသည်။

ထိုကြေညာချက်သည် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်ခြင်း၊ နိုင်ငံတော်အစိုးရအပေါ် ပြည်သူ များက အထင်မှားအကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနှင့် ချစ်ကြည်ရင်း နှီးမှု၊ ပူးပေါင်းဆောင်ရွက်နေမှုများကို သိက္ခာကျဆင်းစေခြင်း၊ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသော အများပြည်သူများအား စော်ကားရာ ရောက်စေခြင်းတို့ ရေးသားဖော်ပြထားသဖြင့် ရဲချုပ်က ခေါ်ယူသတိပေး ပြောကြားခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရသတင်စာများတွင် ဖော်ပြသည်။

ယမန်နေ့က ရဲချုပ်က ခေါ်ယူတွေ့ဆုံရာသို့ ကျန်းမာရေးမကောင်းသည့် ဦးလွန်းတင်မှအပ အန်အယ်လ်ဒီပါတီမှ ဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်သည့် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေနှင့် သခင်စိုးမြင့်တို့ သွားရောက်ခဲ့ကြကြောင်း သိရ သည်။

၂၀၀၇ ခု ဖေဖော်ဝါရီ (၁၅) ရက်ကလည်း ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို ခေါ်ယူတွေ့ဆုံကာ သဘောထား တောင်းဆိုချက်များ ထုတ်ပြန်ခြင်းမပြုလုပ်ရန်နှင့် စီအာပီပီသည် တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း၊ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ပြစ်ဒဏ် (၅) နှစ်အထိ ချမှတ်နိုင်ကြောင်း သတိပေးခဲ့ဖူးသည်။

ဗိုလ်ကြီးဝင်းထိန်ကို ကသာထောင်မှာ မိသားစုက ထောင်ဝင်စာတွေ့

ခေတ်ပြိုင်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ထောင်မှလွတ်လာပြီးမှ ပြန်အဖမ်းခံရသည့် ဗိုလ်ကြီးဝင်းထိန်သည် စစ်ကိုင်းတိုင်း ကသာထောင်၌ ပြန်လည် အကျဉ်းကျ ခံနေရသည်ဟု ဗိုလ်ကြီးဝင်းထိန်၏ မိသားစုက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

ယမန်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သည့် ဗိုလ်ကြီးဝင်းထိန်၏ ဇနီးဖြစ်သူက "အန်တီက မန္တလေးပဲ ရောက်သေးတယ်။ ရန်ကုန်ပြန်ဆင်းရမှာဆိုတော့ လောလောဆယ်တော့ အန်ကယ်လ်က နဂိုနေရာမှာပေါ့နော်။ အန်တီတို့က ထောင်ဝင်စာ သဘောမျိုး သွားတွေ့တာပဲရှိတယ်။ လောလောဆယ်တော့ ထောင်ဝင်စာသွားတွေ့တယ်လို့ ဒါပဲပြောလို့ရသေးတယ်။ အန်တီအချိန်မရလို့ပါ" ဟု ပြောသည်။

ဗိုလ်ကြီးဝင်းထိန်သည် စက်တင်ဘာ (၂၃) ရက်က အကျဉ်းသား (၉၀၀,၂) ဦးကို စစ်အစိုးရက ပြန်လွှတ်ပေးရာတွင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးခင်မောင်ဆွေ စသူတို့နှင့်အတူ ပြန်လွတ်လာပြီး နေအိမ်သို့ပြန်မရောက်ခင် ကသာမြို့ရှိ ဧရာ ဟိုတယ်၌ ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက် ဗိုလ်ကြီးဝင်းထိန်ကို အာဏာပိုင်များက ပြန်ဖမ်းသည်ကိုမူ ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထောင်မှပြန်လွတ်လာပြီးကာစပြုလုပ်ခဲ့သည့် ဒီဗွီဘီ အသံလွှင့်ဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတွင် ဗိုလ်ကြီးဝင်းထိန်က လူတိုင်းနိုင်ငံရေးလုပ်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ တဖက်စောင်းနင်း မလုပ်သည့်နိုင်ငံရေး၊ မျှမျှတတ လုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံရေးစနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ကြီးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၉၆ မေလတွင် နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် သတင်းပေးပို့သည်ဆိုသော စစ်အစိုးရ၏ စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် (၁၄) နှစ် အကျဉ်းကျခံခဲ့ရသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရမည်ဟု တစညပါတီမျှော်လင့်

ခေတ်ပြိုင်-သွင်ဇော်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က အနိုင်ရ ရှိရန် မျှော်လင့်ထားကြောင်း ယင်းပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက စက်တင်ဘာ (၂၄) ရက်က ရှားရှားပါးပါးပြုလုပ်သည့် တစညပါတီ သတင်းစာရှင်းလင်းပွဲ၌ ပြည်တွင်း ပြည်ပ သတင်းစာဆရာများကို ပြောကြားသည်။

ဦးခင်မောင်ကြီးက "၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျနော်တို့ ရှုံးခဲ့ရတယ်ဆိုတာ အဲဒီတုန်းက ပြည်သူတွေက ကျနော်တို့အပေါ်မှာ နာကြည်းချက်ရှိခဲ့ကြလို့ အန်အယ်လ်ဒီကို မဲပုံပေး ခဲ့ကြတာပါ။ အဲဒီလိုနာကြည်းချက်တွေ ရှိတဲ့ကြားထဲက ကျနော်တို့ပါတီဟာ မဲဆန္ဒနယ် (၁၂) ခုမှာ အနိုင်ရရှိခဲ့ပါ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ပါတီအပေါ်မှာ သံယောဇဉ်ရှိသူတွေ အများအပြားရှိနေ တယ်ဆိုတာ ထင်ရှားပါတယ်။ အခုအချိန်မှာ တိုင်းပြည်ရဲအခြေအနေဟာ အရင်အနှစ် (၂၀) က ထက်စာရင် အများကြီး ပြောင်းလဲတိုးတက်သွားပါပြီ။ ပြည်သူလူထုရဲ့သဘောထားဟာလည်း အများကြီးပြောင်းသွားပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲရဲ့ရလဒ်ကို တသမတ်တည်း ဖက်တွယ်ထားလို့ မရတော့ပါဘူး။ ဒါကြောင့်မို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျနော်တို့ပါတီ အနိုင်ရရှိလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်" ဟု ပြောသည်။

ပါတီ၏ လက်ရှိတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို အန်အယ်လ်ဒီ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကျင်းပဖို့ အလားအလာ ရှိမရှိနှင့် တစည ပါတီ၏ စီးပွားရေးပေါ်လစီသည် ယခင် မဆလ စီးပွားရေးပေါ်လစီနှင့် အတူတူဖြစ်ပါသလား စသည့် မေးခွန်းများကို နိုင်ငံခြားသတင်းထောက်အချို့က မေးမြန်းရာ တစည ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ပြန်လည်ဖြေကြားနိုင်ခြင်း မရှိဟု စုံစမ်းသိရှိရသည်။

"ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အတည်ပြုပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့အညီ အကောင်အထည်ဖော် မယ့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ချီတက်ကြတဲ့အခါ ကိုယ့်ပါတီအကျိုး၊ ကိုယ့်အစုအဖွဲ့ အကျိုး ထက် တိုင်းပြည်အကျိုးကို ဦးစားပေးဖို့လိုပါတယ်။ ဒါကြောင့်မို့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကြီးမှာ နိုင်ငံရေးပါတီတွေအားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ပြီး တရားသဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြ ဖို့ကိုလည်း တိုက်တွန်းပါတယ်" ဟု ဦးခင်မောင်ကြီးက ဆက်လက်ပြောကြားသည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကပင် တစညခေါင်းဆောင် ဗိုလ်ချုပ်ထွန်းရီနှင့်အဖွဲ့ကို စစ်အစိုးရက ပြည်တွင်း လွတ်လပ်စွာ စည်းရုံးခွင့်ပေးထားသော်လည်း အန်အယ်လ်ဒီပါတီကို မည်သည့်အတွက် စည်းရုံးခွင့်မပေးသည်ကိုမူ ဦးခင်မောင်ကြီးက ပြောဆိုခြင်းမရှိပေ။

ဦးခင်မောင်ကြီးသည် အမျိုးသားညီလာခံ တက်ရောက်နေစဉ်ကာလကပင် ၂၀၁၀ ရွေးကောက်ပွဲ၌ စစ်အစိုးရက ပါတီကြီးသုံးလေးခုသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးမှာဖြစ်ပြီး အဖျက်ခံထားရသည့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ ၀င်ရောက်ခွင့်မရှိဟု ပြောခဲ့သူဖြစ်သည်။ ထို့ပြင် ကြံ့ဖွံ့အဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် စစ်အစိုးရက ပြောင်းလဲမှာဖြစ်သည်ဟုပါ တစညပါတီ သတင်းစာရှင်းလင်းပွဲတခုတွင် ဦးခင်မောင်ကြီးက ပြောခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) သည် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်ဖွဲ့စည်းခဲ့ သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို အမည်ပြောင်းလဲထားသော နိုင်ငံရေးပါတီတခု ဖြစ်သည်။ ၁၉၈၈ ခုတွင် ပေါ်ပေါက်ခဲ့သော ပြည်သူလူထု၏ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုကြီး အတွင်း အာဏာကို စစ်တပ်လက်သို့ လွှဲပေးပြီးနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟူသောအမည်ကို ပြောင်းလဲခဲ့သည်။

ယင်းပါတီသည် ၁၉၉၀ ပြည့်နှစ် မေလရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ဘက် ပါတီဖြစ်သော ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ) ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည် တစညပါတီ၏ လက်ရှိဥက္ကဋ္ဌမှာ မဆလ ဗဟို ကော်မတီဝင်ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သူ ဦးထွန်းရီ ဖြစ်သည်။

တစညပါတီသည် ပါတီဝင်ငွေရရန်အတွက် စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်ခွင့်ရထား သကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးငယ်တဦးက ရန်ကုန်ရွှေတောင်ကြားရိပ်သာ(၁) ခေါ် ဗိုလ် ချုပ်ရွာရှိ တစညရုံးချုပ်ပိုင် မြေအချို့ကို ပိုင်းဝယ်ထားပြီး အိမ်ဆောက်ထားသည်ဟု စုံစမ်းသိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီအချို့ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတင်ပို့ခွင့်ရ

ခေတ်ပြိုင်-မင်းနိုင်သူ/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ယခင်က မြန်မာအလုပ်သမားများ တရားဝင် ၀င်ရောက် အလုပ်လုပ်ခွင့်မရခဲ့သည့် ထိုင်းနိုင်ငံသို့ အောက်တိုဘာလမှ စတင်၍ မြန်မာအလုပ်သမားများ တရားဝင် သွားရောက်အလုပ်လုပ်ခွင့်ရတော့မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတခုက ခေတ်ပြိုင်သို့ ထုတ်ဖော်ပြောဆိုသည်။

မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ စေလွှတ်ရာတွင် စစ်အစိုးရနှင့် နီးစပ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ (၅) ခုကိုသာ အလုပ်သမားတင်ပို့ခွင့် ပေးခဲ့သည်ဟု စုံစမ်းသိရသည်။

အဆိုပါ အလုပ်သမား တင်ပို့ခွင့်ရ ကုမ္ပဏီ (၅) ခုထဲမှ လုပ်ငန်းရှင်တဦးက "Agent (၅) ခုကိုပဲ ချထားပေးတာပါ။ ဒီဘက်က မြန်မာအလုပ်သမားတွေကို လေကြောင်းနဲ့လည်းပို့မယ်၊ နယ်စပ်ကနေလည်း တရားဝင်ပို့မယ်၊ နယ်စပ်က သွားချင်သူတွေကတော့ ၀န်ဆောင်ခ FEC (၁၀၀) လောက် သက်သာလိမ့်မယ်။ ဒါက (၂) နိုင်ငံ အလုပ်သမားဝန်ကြီး ဌာနတွေရဲ့ တရားဝင် သဘောတူညီချက်နဲ့ လုပ်ဆောင်ခဲ့တာပါ" ဟု ဆိုသည်။

စေလွှတ်ခွင့်ရသော ကုမ္ပဏီများအနေဖြင့် ထိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူ မြန်မာအလုပ်သမားများထံမှ ၀န်ဆောင်ခအဖြစ် လေကြောင်းမှဆိုလျှင် FEC (၆၀၀)၊ နယ်စပ်မှဆိုလျှင် FEC (၅၀၀) နှုန်း ကောက်ခံသွားမည်ဖြစ်ကာ မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်မြို့တို့တွင်လည်း ၎င်းတို့၏ Sub-Agent များ ခန့်ထားသွားမည်ဖြစ်ကြောင်း သိရသည်။

"ပညာအရည်အချင်း ကန့်သတ်ချက်မရှိပါဘူး။ CE လက်မှတ်လည်း ရှိစရာမလိုဘူး။ အသက် (၁၈) နှစ်ကနေ (၄၀) နှစ် အတွင်း ဖြစ်ရမယ်။ လုပ်ရမှာက စက်ရုံ၊ အလုပ်ရုံတွေမှာဖြစ်ပြီး လောလောဆယ် လူ (၁) သောင်းလောက် ရှာဖွေပေး ရမှာပါ။ အခြေခံလစာ ဘတ် (၅) ထောင်နဲ့ (၆) ထောင်အကြား ရရှိပါမယ်။ OT က သပ်သပ်ပေါ့။ နေစရာပေးမယ်၊ စားတာက ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ" ဟု အထက်ပါ Agent က ပြောသည်။

ယခုနှစ် သြဂုတ်လမှစတင်၍ အဆိုပါ ကုမ္ပဏီများသည် ထိုင်းသို့ အလုပ်သမားစေလွှတ်နိုင်ရန် အထက်အညာဒေသများမှ လူငယ်များကို စုဆောင်းနေပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့ခံတဦးထံမှ သိရသည်။

"အညာဘက်မှာက နိုင်ငံခြားသွား အလုပ်လုပ်ဖို့ လူလာစုတဲ့လူတွေ ပြတ်တယ်၊ မရှိပါဘူး။ အများအားဖြင့်တော့ မလေး ရှား သွားကြတာများပါတယ်။ အခုလည်း ထိုင်းမှာ တရားဝင်အလုပ်ရမယ်၊ မလေးရှားမှာရမယ့် လစာငွေကြေးနဲ့ အတူ တူရမယ်၊ ထိုင်းအစိုးရကို အခွန်ငွေ ပေးစရာမလိုဘူး၊ မလေးမှာလို LEVY ကြေး ပေးစရာမလိုဘူးဆိုပြီး လာဆွယ်နေတဲ့ လူတွေလည်း ရောက်နေကြပါတယ်" ဟု ကျောက်ပန်းတောင်းမြို့ခံက ပြောသည်။

ထိုင်းနိုင်ငံသည် ၂၀၀၄ ခုနှစ်မှ စတင်ပြီး ထိုင်းနိုင်ငံတွင်းရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို တရားဝင် ဖြစ်အောင် နိုင်ငံသားစီစစ်ရေး စီမံချက်ဖြင့် လုပ်ကိုင်နေရာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ အလုပ် သမားများကို မိမိနိုင်ငံသားဖြစ်ကြောင်း သက်ဆိုင်ရာ နိုင်ငံများက ထောက်ခံဖို့ တောင်းဆိုခဲ့သည်။ မြန်မာ စစ်အစိုးရ မှလွဲပြီး အခြားနိုင်ငံများမှ အရာရှိများကို ထိုင်းနိုင်ငံသို့လာရောက်ပြီး ၎င်းတို့အလုပ်သမားများအား မိမိတို့နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက်ပေးခဲ့သည်။ မြန်မာစစ်အစိုးရဘက်က ထိုင်းမှ တရားမ၀င် အလုပ်သမားအားလုံး မြန်မာနိုင်ငံ့ ပြန်လာပြီးမှ ပြန်သွားဖို့ တောင်းဆိုသော်လည်း ထိုအစီအစဉ် အဆင်မပြေခဲ့ပေ။

နောက်ပိုင်း မြန်မာစစ်အစိုးရက မြ၀တီ တာချီလိပ်စသည့် နယ်စပ်မြို့များမှာ ထိုင်းနိုင်ငံသွားမည့် အလုပ်သမားများ အတွက် ယာယီ ပတ်စ်ပို့များ ထုတ်ပေးမည်ဟု လွန်ခဲ့သည့် တနှစ်ကျော်က ကြေညာခဲ့သော်လည်း အဆိုပါရုံးများ ပြန်ပိတ်သွားသည်ဟု စုံစမ်းသိရသည်။

ထိုင်းနိုင်ငံတွင်း တရားမ၀င် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား အရေအတွက်မှာ ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားဦးရေ၏ (၇၅) ရာနှုန်းရှိသည်ဟု လူအခွင်အရေးအဖွဲ့များက ပြောသည်။ အကယ်၍ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ဖို့ ထုတ်ပေးသည့် ယာယီ ပတ်စ်ပို့နှင့်လာသူ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ မည်သည့်ပြည်နယ်မဆို သွားရောက်လုပ်ကိုင်ခွင့်ပေးမှာဖြစ်သလို ထိုင်းအလုပ်သမားများရမည့် ခံစားခွင့်ပါပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာခဲ့သည်။

ရန်ကုန်မြို့လယ် ဗုံးကွဲပြီးနောက် လုံခြုံရေး ထပ်မံတင်းကျပ်

ဧရာဝတီ-အေးချမ်းမြေ့| စက်တင်ဘာ ၂၅၊ ၂၀၀၈

ယနေ့နံနက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးများ ကို ထပ်မံ တိုးမြှင့်ချထားလိုက်ပြီ ဖြစ်ပြီး ယနေ့ညတွင် ရှာဖွေရေးများတင်းကျပ်စွာ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရဲ အသိုင်းအဝန်းမှ ကြားသိ ရသည်။

ယခုတပတ်အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးအပြည့် ယူထားသည် (ဓာတ်ပုံ - မြတ်မိုးမောင်)

လက်ရှိရန်ကုန်တွင် လုံခြုံရေးအနေဖြင့် ရဲ တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ကို နေရာအနှံ့ ချထားပြီး အဝေးပြေးကားဂိတ်များတွင် ရှာဖွေရေးများ တင်းကျပ်စွာ ပြုလုပ်လျှက် ရှိသည်ဟု ရဲ ဝန်ထမ်းတဦးကပြောသည်။ ထို့ပြင် ရန်ကုန်မြို့ထဲတွင်လည်း ကားလမ်းများ ကိုပိတ်ကာ ရှာဖွေရေးများ ပြုလုပ်လျှက်ရှိကြောင်း ကြားသိရသည်။

"ယုဇန ပလာဇာရှေ့မှာ ကားလမ်းကို ပိတ်ပြီး ရှာနေတာ။ ရဲတွေကတော့ အများကြီးပဲ။ မှတ်ပုံတင်မပါရင် အပြင်သွားဖို့ တောင်မလွယ်ဘူး" ဟု မြို့တွင်း ခရီးသွား တဦးက ပြောသည်။

ရန်ကုန်တွင် နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် အစိုးရရုံးဌာနများရှိဝန်ထမ်းများမှာ အထိတ် တလန့်ဖြစ်ပြီး စောစီးစွာ ပြန်ရန် စီစဉ်ကြကြောင်း ဒေသခံများကပြောပြသည်။ ပတ်စ်ပို့စ် ရုံးကို ဗုံးခွဲမည်ဟူသော သတင်း ဖြစ်ပေါ်နေသောကြောင့်လည်း ရုံးကို စောစီးစွာ ပိတ်လိုက် ကြောင်းလည်း ကြားသိရသည်။

"အခု ဗုံးကွဲတဲ့ ကိစ္စကို အန်အယ်လ်ဒီ လူငယ်ကိုပဲစွပ်စွဲချင်ပုံရတယ်" ဟု ရန်ကုန် ရဲ အသိုင်း အဝန်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဗုံးပေါက်ကွဲမှု တမှုဖြစ်ပွားလျင် စစ်အစိုးရက အတိုက်အခံများကို စွပ်စွဲသကဲ့သို့ ပြည်သူ လူထုကလည်း အစိုးရဟုသာ ထင်မြင်ယူဆကြောင်း တွေ့ရှိရသည်။

"လုံခြုံရေးတွေ များနေကတည်းက တခုခုဖြစ်တော့မယ်လို့ ထင်နေတာ။ အမြဲတမ်း အဲလိုပဲ လေ။ ဒါမျိုးက ရိုးတောင်နေပြီ" ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။

အခြားမြို့ခံတဦးကလည်း ယခုကဲ့သို့ ဗုံးခွဲသည့် လုပ်ရပ်ကို လုပ်မည့်သူမှာ အစိုးရသာ ဖြစ်နိုင်သည်ဟု ဆိုသည်။

"အဲဒီနေရာတွေမှာ ရဲတွေချည်းပဲ။ သူတို့ပဲဖြစ်မှာပဲ" ဟု ၎င်းကသုံးသပ်သည်။

လုံခြုံရေး ရဲများကို ယခုကဲ့သို့ တိုးမြှင့်ချထားခြင်းမှာ နောက်တကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားဦးမည်ဟူသော ကောလာဟလ သတင်းထွက်ပေါ်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ တချို့က ပြောဆို နေကြသည်။

ယနေ့သည် စက်တင်ဘာ ၂၅ ရက်နေ့ဖြစ်ပြီး စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်များမှာ သံဃာ တော်များနှင့် ပြည်သူတို့ သွေးမြေ ကျခဲ့ရသည့် နှစ်ပတ်လည် နေ့များဖြစ်နေသည်။ ရန်ကုန်မြို့တွင် သြဂုတ်လကုန်ပိုင်းမှစ၍ လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိရာ တဖြည်းဖြည်းနှင့် တိုးမြှင့်သည်ထက် တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။

ကြားနေရသော ကောလာဟလစကားများအရ နက်ဖြန် စက်တင်ဘာ ၂၆ ရက်နေ့တွင် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့ ရသည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြ၊ လမ်းလျှောက် ရန် စီစဉ်မှုများရှိနေကြောင်း ကြားသိရသဖြင့် အစိုးရအနေနှင့် လုံခြုံရေး များကို တိုး၍ ချထားခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက ဆိုသည်။

ယမန်နှစ် စက်တင်ဘာ အရေးတော်ပုံအတွင်း သံဃာတော်နှင့် မယ်သီလရှင်များ အပါအဝင် ပြည်သူလူထု ၃၁ ဦး သေဆုံးခဲ့ ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ရန်ကုန်တွင်သာမက ရခိုင်ပြည်နယ်နှင့် ပခုက္ကူမြို့များတွင်လည်း စက်တင်ဘာ လဆန်းကတည်းက လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း ကြားသိရသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့ပေါ်နှင့် အခြားဒေသများရှိ လူထုအုံကြွမှုများကို စစ်တပ်က မနှိမ်နင်းတော့ဘဲ ရဲကသာ နှိမ်နင်း တော့မည် ဖြစ်သောကြောင့် ရဲ အင်အားကို ထပ်မံ တိုးချဲ့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးက ၆/ ၂၀၀၈ ပြည်ထဲရေး ဝန်ကြီးဌာန စည်းရုံးရေး ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

"ရဲအပြည့်နဲ့ ကားတွေ တခါ တခါ ဖြတ်သွားရင် ၅ စီး ၆ စီးပဲ။ မြို့ထဲမှာ အဲလိုတွေ မြင်နေရ တော့ မလုံခြုံသလို ခံစားရတယ်။ မနှစ်က စက်တင်ဘာအရေးအခင်း ပြီးခါစကလည်း အဲလိုပဲ။ နေရတာ ဘယ်လိုမှမပျော်ဘူး" ဟု ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တဦးက ပြောပြသည်။
ယနေ့နံနက် ဗုံးပေါက်ကွဲမှုတွင် လူ ၈ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦးမှာ အသေးစား ထိခိုက်မှုသာ ရှိခဲ့ကြောင်း မျက်မြင်တဦးထံမှ သိရှိရသည်။

ဗုံးပေါက်သည့် ဓါတ်ပုံများ (၂၅ ရက် စက်တင်တဘာ ၂၀၀၈ မနက် ၁၀ နာရီ ၄၀)




စိုင်းဝဏ္ဏဆီမှ ကူးယူဖော်ပြသည်။

ဆူးလေ အနီး မြို့တော်ခန်းမ ရှေ့တွင် ဗုံးပေါက်ကွဲ သည့် ဓါတ်ပုံ

ဓါတ်ပုံ - ဆုံဆည်းရာ (photo by soneseayar)



ဆူးလေ အနီး မြို့တော်ခန်းမ ရှေ့တွင် ဗုံးပေါက်ကွဲ

ဆုံဆည်းရာ၊ စက်တင်ဘာလ ၂၅ ရက် ၂၀၀၈

ယနေ့နံနက် ၂၅၊ ၉၊ ၀၈ ဆယ်နာရီခွဲခန့်တွင် ဆူးလေ အနီး မြို့တော်ခန်းမ ရှေ့တွင် ဗုံးပေါက်ကွဲကြောင်းသိရှိရသည်။ ထိုပေါက်ကွဲမှုကြောင့် ၇ ဦး ဒါဏ်ရာရခဲ့ကြောင့် ရန်ကုန်မြို့ခံတဦးက ဆုံဆည်းရာအားပြောသည်။

ယခုလောလောဆယ်တွင် ရဲများက ပေါက်ကွဲမှုဖြစ်သည့် အနီးနားတ၀ိုက်တွင် လမ်းများကို ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

ဗိုလ်ကြီးဝင်းထိန်ကို ထောင်ထဲ ပြန်ထည့်သွားပြန်

မဇ္ဈိမ၊ စက်တင်ဘာလ ၂၄ ရက် ၂၀၀၈

ချင်းမိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို ကသာမြို့နယ် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီးမှ ယနေ့နံနက်တွင် ပြန်လည် ဖမ်းဆီးလိုက်သည်။

မည်သည့်အတွက်ကြောင့် ပြန်လည် ဖမ်းဆီးသွားသည်ကို စုံစမ်းဆဲ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးဝင်းထိန် လွတ်မြောက်လာပြီဆို၍ သူမိသားစုဝင်များပင် သွားရောက် ခေါ်ယူရန် ရန်ကုန်မှ ခရီးထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

ထောင်မှ လွတ်လာပြီးနောက် ဦးဝင်းထိန်သည် မြန်မာနိုင်ငံ မြောက်ပိုင်း ကသာမြို့နယ်ရှိ တည်းခိုခန်းတခုတွင် တည်းခိုနေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက် ခေါ်ယူသွားခြင်း ဖြစ်သည်ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

"ကျနော်တို့ အခုနောက်ဆုံး ကြားနေရတာကတော့ ဒီနေ့ပြန်ပြီးတော့ ကသာထောင်ကို ဗိုလ်ကြီးဝင်းထိန် ရောက်နေပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘာကြောင့် ဘယ်လို ဖြစ်တယ်ဆိုတာတော့ ကျနော်တို့ မသိရသေးပါဘူး" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်ရန်ဆိုကာ အကျဉ်းသား ၉၀၀၂ ယောက်ကို စစ်အစိုးရက လွတ်ပေးခဲ့ရာ ဦးဝင်းထိန် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၇ ဦး ပါဝင်ခဲ့သည်။ အခြားသူများမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးသိန်းနိုင်တို့ ဖြစ်သည်။

ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေးအရာရှိဖြစ် ထမ်းဆောင်ခဲ့သည်။

သူသည် ၁၉၉၆ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အဖမ်းခံရပြီး နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပို့သည်ဆိုကာ အစိုးရက စွပ်စွဲ ထောင်ချခဲ့သည်။

၁၉၈၉ ခုနှစ်ကလည်း ကာလတို ချုပ်နှောင်ခံရပြီး စစ်ကြောရေးတွင် ထောက်လှမ်းရေးများ၏ ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရသည်။

၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်သူ ဗိုလ်ကြီးဝင်းထိန်သည် ကာကွယ်ရေး ၀န်ကြီးဌာနအောက်တွင် ငါးနှစ်ကြာ စစ်မှုထမ်းခဲ့ပြီးနောက် တပ်တွင်းမှ အစိုးရ အာဏာသိမ်းရန် ကြိုးပမ်းမှုတခုတွင် ပါဝင် ပတ်သက်နေမှုကြောင့် တပ်မှ ထွက်ခဲ့ရသည်။

တပ်တွင်း အမှုထမ်းစဉ်ကလည်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး၏ ကိုယ်ရေးအရာရှိ ဖြစ်သည်။ သေဒဏ်ပေးခံရသည့် ဗိုလ်ကြီး အုန်းကျော်မြင့်က နိုင်ငံတော် ပုန်ကန် အာဏာသိမ်းရန် ကြံစည်ခြင်းကို အထက်အာဏာပိုင်များသို့ သတင်းပို့ရန် ပျက်ကွက်သည်ဆိုကာ ဗိုလ်ချုပ်ကြီး သူရတင်ဦးသည် ထောင် ၇ နှစ် အပြစ်ပေးခံခဲ့ရသည်

ရန်ကုန်မြို့ တာမွေရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်

ဧရာဝတီ | စက်တင်ဘာ ၂၄၊ ၂၀၀၈

ရန်ကုန်မြို့ရှိ တာမွေရဲစခန်း၌ လွန်ခဲ့သည့် ၂၁ ရက်နေ့ည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားကြောင်း ဒေသခံများက တဆင့် သိရသည်။

ပေါက်ကွဲမှုကြောင့် ရဲစခန်းနံရံ အနည်းငယ်ပြိုသွားသော်လည်း ထိခိုက်မှုတစုံတရာမရှိကြောင်း တာမွေရဲစခန်းအနီးတွင် နေထိုင်သူတဦးက ဧရာဝတီကို ပြောသည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ တာမွေရဲစခန်းက အနီးပတ်ဝန်းကျင်ရှိလူ များအား မိုးကြိုးပစ်သည်ဟု လိမ်လည်ထားကြောင်း ရဲစခန်းအနီး နေထိုင်သူက ဆိုသည်။

"ည ၇း၃၀ လောက် မိုးတွေအရမ်းရွာနေတဲ့အချိန်မှာ မိုးကြိုးပစ်သလို အသံကြီးတခုကြားတယ် .. အစကကားဘီးပေါက် တယ် .. ဒါမှမဟုတ် အနီးနားမှာ မိုးကြိုးပစ်တယ်လို့ပဲ အားလုံးကထင်တာ" ဟု တာမွေရဲစခန်းအနီးတွင် နေထိုင်သူက ပြောသည်။

ဧရာဝတီက တာမွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်းဖြေသူက မိုးကြိုးပစ်သည်ဟုသာပြောပြီး အသေးစိပ်ကို ဖြေဆိုခွင့်မရှိကြောင်း ပြောသည်။

တာမွေရဲစခန်းဘေး လမ်း ၁၅၀ ရှိ ဆိုင်များကို အာဏာပိုင်တို့က ယနေ့ဝင်ရောက်ရှာဖွေကြောင်းလည်း စုံစမ်းသိရှိရသည်။
ယခုလ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ဗီဒီယိုရုံတရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရသတင်းစာက ရေးသားထားသည်။

http://soneseayar.blogspot.com/feeds/7010950014687002524/comments/default



မီးစင်ကြည့်က နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေဟု ပြည်ထဲရေးဝန်ကြီးပြောဆို

ဧရာဝတီ-အေးချမ်းမြေ့| စက်တင်ဘာ ၂၃၊ ၂၀၀၈

မြန်မာနိုင်ငံတော်အစိုးရ၏ လက်ရှိနိုင်ငံခြားရေး မူဝါဒမှာ မီးစင်ကြည့် က ဆိုသည့် ရည်မှန်းချက်အတိုင်း သွားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြည်ထဲရေးဝန်ကြီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၆/ ၂၀၀၈ စည်းဝေးတွင် ပြောကြားသွားသည်။

"နိုင်ငံတော်အစိုးရအနေနဲ့ အကြပ်အတည်းက ရှိနေတယ်။ ဒီနေ့လုပ်နေတဲ့ မူဝါဒက မီးစင် ကြည့်ကရမှာပဲ။ ဒါပေမယ့် မူကိုတော့မပြောင်းနိုင်ဘူး" ဟု ၎င်းက ဇူလိုင် ၆ ရက်နေ့တွင် ကျင်းပသော အစည်းအဝေး၌ ပြောကြားသွားခြင်းဖြစ်သည်။

သူက မြန်မာနိုင်ငံအနေနှင့် တရုတ်ကို ပူးပေါင်းရသည့်အနေအထားနှင့် ပတ်သက်၍ လည်း ရှင်းပြသည်။

"တရုတ်ကိုကပ်ရတဲ့အကြောင်းရင်းက လက်ရှိအစိုးရအနေနဲ့ တရုတ်ကမျက်နှာသာ ပေးနေလို့၊ တရုတ်နဲ့ ပေါင်းစည်းနေလို့၊ တရုတ်ကို အမှီပြုချင်လို့ ဝန်ကြီးကပြောတယ် ဆိုပြီး ခင်ဗျားတို့က ထင်ကြဦးမယ်" ဟု သူကဆိုသည်။

အမှန်မှာ ထိုကဲ့သို့မဟုတ်ဘဲ ယနေ့ မြန်မာနိုင်ငံအနေနှင့် တနိုင်ငံတည်း နေ၍ မရတော့ သဖြင့် ချမှတ်ထားသည့်မူအရ ပတ်ဝန်းကျင်နိုင်ငံများအားလုံးနှင့် ဆက်ဆံပြီး အာဆီယံအဖွဲ့အစည်းနှင့်လည်း သင့်မြတ်အောင်နေရခြင်းဖြစ်သည်ဟု ပြောသည်။

ယခုလက်ရှိအနေအထားအရ အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အသုံးချ၍ မြန်မာနိုင်ငံကို ကျဉ်းထဲကျပ်ထဲရောက်အောင် ဝိုင်းဝန်း လုပ်ဆောင်လျှက် ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

"လုံခြုံရေးကောင်စီ ဥက္ကဌက ထုတ်ပြန်ကြေညာချက် ၂ ခါလုပ်ပြီးပြီ။ ၃ ကြိမ်လုပ်ပြီးရင် ဆုံးဖြတ်ချက်ချပြီး Must do လုပ်ကိုလုပ်ရမယ်ဆို ကျန်တဲ့ ၁၉၂ နိုင်ငံက မလုပ်လို့ကို မရတော့ဘူး" ဟု သူက ဆိုသည်။

ထိုကဲ့သို့ ချမှတ်မည့် ဆုံးဖြတ်ချက်ထဲတွင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ရန်၊ လက်နက် ခဲယမ်း ရောင်းချခြင်းများ ပိတ်ဆို့ရန် စသည်တို့ လုပ်ဆောင်ကြမည်ဖြစ်ရာ မပြင်းထန်သော်လည်း နောင်တွင် မြန်မာနိုင်ငံကို သိုးမည်း တကောင်ကဲ့သို့ ဖြစ်ရန် အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံများက ကုလသမဂ္ဂ အားကိုးဖြင့် လုပ်တော့မည်ဟု ၎င်းကပြောကြား သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသည် စီးပွားရေးအရ စစ်ရေး အင်အားကြီးလာသည့် နိုင်ငံဖြစ်သောကြောင့် ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ သီးခြားစီမယှဉ်နိုင်သော နိုင်ငံ တနိုင်ငံဖြစ်နေရာ ထိုသုံးနိုင်ငံပေါင်းပြီး အမေရိကန်၏ လွှမ်းမိုးမှုကို ပြန်ယှဉ်နိုင်ရန် လုပ်ရမည့် ကာလ ဖြစ်သည် ဟု ဗိုလ်ချုပ်မောင်ဦးက သုံးသပ်သည်။

အမေရိကန်က ချမှတ်သော အမိန့်များကို တခြားနိုင်ငံများက မလိုက်နာလျင် ဖြစ်နိုင် သော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကိုမူ တခြားသော အဖွဲ့ဝင် ၁၉၂ နိုင်ငံက လိုက်နာလုပ်ဆောင် ရလိမ့်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေနှင့် အကြပ်အတည်း ရှိနိုင်သည်ဟုလည်း သူက ရှင်းပြသည်။

စက်တင်ဘာ ကာလက ဖြစ်ပေါ်လာသည့် လူထုလှုပ်ရှားမှု အားလုံးကို စစ်တပ်ဖြင့် နှိမ်နင်းသည့်အပေါ် နောက်ပိုင်း၌ နိုင်ငံတကာ အသိုင်းအဝန်းက အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရားမဝင်ဟု ထောက်ပြခဲ့ကြသည်ဟု သူကဆိုသည်။ အမှန်မှာ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ရသည့် ပြည်ထဲရေးဌာနအနေနှင့် လူမုန်းခံပြီး လုပ်ရသည့် ဌာနဖြစ်နေသည်ဟု ဆက်ပြောသည်။

"အရပ်သားနဲ့ ပတ်သက်တာကို တပ်မတော်ကဝင်မရှင်းတော့ဘဲ ရဲနဲ့ပဲရှင်းရတော့မယ် ဆိုတာတွေ့လာတယ်။ နိုင်ငံတကာကလည်း အုပ်ချုပ်ရေးအရ အားနည်းချက်ကို အမြဲ ထောက်နေတာ။ နိုင်ငံတော်ကလည်း ဒီဌာနကို လုပ်ပိုင်ခွင့်၊ အာဏာ ပေးထားတယ် ဆိုပေမယ့် တကယ်က လူမုန်းခံပြီး လုပ်ရမယ့်ကိစ္စအားလုံး ဒီဌာနက လုပ်နေရတယ်" ဟု ဗိုလ်ချုပ်မောင်ဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက အမေရိကန်၊ အိုင်အန်ဂျီအို နှင့် ယူအန် အဖွဲ့အစည်းများ အနေနှင့် မြန်မာနိုင်ငံကို အမျိုးမျိုးခေါင်းစဉ်တပ်ကာ အကြောင်းရှာ အမြတ်ထုတ်နေသည်ဟု စွပ်စွဲသည်။

"နာဂစ် ဆိုင်ကလုန်းအတွက် အမေရိကန်က အကူအညီပေးတယ်ဆိုတာ စတိပဲ။ သောက်ရေသန့်ရယ်၊ ကြာရှည်ခံအစားအစာရယ်၊ ဆေးဝါးရယ် ဒါပဲ။ သောက်ရေသန့် တဘူးကို ဘယ်လောက် စာရင်းတင်မလဲ တောင် မသိနိုင်ဘူး" ဟု သူက ပြောသည်။

အဓိက ပြဿနာမှာ အမေရိကန်က ပေးပို့သည့် ကယ်ဆယ်ရေးလုပ်သားများ သည် အစိုးရကို ဆန့်ကျင်သည့် ကျောင်းသားအဖွဲ့၊ အန်အယ်လ်ဒီအဖွဲ့၊ နိုင်ငံရေးသမားဟောင်း များ အဖွဲ့၊ စီးပွားရေးအရ မကျေနပ်သူများ တို့ကို သုံးကာ မြစ်ဝကျွန်းပေါ်ဒေသ၌ စုစည်း အုံကြွရန် ကြံစည်ကြခြင်းသာ ဖြစ်သည်ဟု ၎င်းက စွပ်စွဲ လိုက်သည်။

နိုင်ငံတော်အနေနှင့် တနေ့လျင် လူဦးရေ ၆ သောင်းကျော်ကို ထမင်းကျွေးနေသော်လည်း မည်သူမှ ထိုကိစ္စကိုအသိအမှတ်မပြုဟု ဆိုသည်။ ယူအန်အဖွဲ့အစည်းက ကူညီသည်၊ နိုင်ငံတကာက ငွေထည့်သည် ဆိုသော်လည်း အစိုးရဆီကို မဝင်ကြောင်းနှင့် အားလုံး ၎င်းအန်ဂျီအိုများက သူတို့ဘာသာ သုံးပြီး စာရင်းပြသွားခြင်းသာဖြစ်ကြောင်း ထို အစည်းအဝေး တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်။

"ကြာရှည်ခံအစားအစာတွေ၊ ဘီစကွတ်တွေ၊ ရေတွေ တော်ပါပြီ ရပ်ပါတော့လို့ပြောတော့ မရဘူး။ တကယ့်တကယ် အိမ်ဆောက်ပစ္စည်းလိုတယ်ဆိုတော့ ဘယ်သူမှပေါ်မလာဘူး။ တာပေါ်လင်စတွေပဲ ပေးတယ်" ဟု သူကပြောသည်။

ဦးဝင်းတင်အား အန်အယ်လ်ဒီက ပါတီတာဝန် ဆက်ပေးမည် အန်အယ်လ်ဒီကထုတ်ပယ်ထားသူများပါ ပြန်ခေါ်ရန် ဦးဝင်းတင်တိုက်တွန်း

ခေတ်ပြိုင်-ပီတာအောင်/ ၂၄ စက်တင်ဘာ ၂၀၀၈။ ။

ယမန်နေ့က အကျဉ်းထောင်မှပြန်လွတ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် သတင်းစာဆရာကြီး ဦးဝင်းတင်အား ၎င်း၏ မူလတာဝန်ကို ဆက်လက်ထမ်းဆောင်သွားရန် တာဝန် ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကပြောသည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်က "ဒါကရှိပါတယ်။ တာဝန်ပေးစရာရှိတယ်။ သူ့တာဝန်သူဆက်ပြီး တော့ ထမ်းဆောင်နိုင်ဖို့ အန်ကယ်တို့မျှော်လင့်တယ်။ သူကလည်း သူလုပ်မယ်လို့ ပြောတယ်။ ဒါရှင်းနေပါ တယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

အန်အယ်လ်ဒီပါတီက ပြန်လည်လက်ခံမည်ဆိုသည့် သဘောထားကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ဦးဝင်းတင်က ပြောကြားသည်။

၎င်းက "ကျနော်တယောက်တည်း ဘယ်တာဝန် ဘာညာ ဒါကအရေးမကြီးမပါဘူး။ ဒီသဘောထားက အားလုံးကို ကမ်းလှမ်းမယ်။ ကျနော်တို့ ရဲဘော်ဟောင်းတွေကို စုစည်းနိုင်သမျှစုစည်းမယ်ဆိုတဲ့ သဘောထားရှိရင် အ ကောင်းဆုံးပဲ။ ဒါကြောင့်မို့ လို့ကျနော် ဒီသဘောထားကို ကြိုဆိုပါတယ်လို့ပြောချင်တယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

သို့သော် စစ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် ၁၉၉၀ ခု ကတည်းက ဦးဝင်းတင်ကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးကြည်မောင်နှင့် ဦးတင်ဦးတို့နှင့်အတူ ပါတီမှ ထုတ်ထားပြီးဖြစ်၍ လက်တွေ့ အန်အယ်လ်ဒီပါတီထဲပြန်ဝင် ရောက်လုပ်ကိုင်ခွင့်ရမည် မရမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စစ်မှန်သည့် ဒီမိုကရေစီ ထွန်းကားရေး၊ အန်အယ်လ်ဒီပါတီ စုစည်းရေးနှင့် အန်အယ်လ်ဒီကို ၀န်းရံရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဒေါ်မြင့်မြင့်ခင်၊ မောင်ဝံသ၊ မောင်စူးစမ်း (ဦးချမ်းအေး) စသည့်ပုဂ္ဂိုလ်များအားလုံးကိုလည်း အန်အယ်လ်ဒီပါတီအနေဖြင့် စုစည်းနိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့်စုစည်းကာ ဆောင်ရွက်နိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက် အကြံပြုပြောကြားသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်ကို စစ်အစိုးရက အင်းစိန်ထောင်တွင်း၌ (၁၉) နှစ်ကျော်ထိန်းသိမ်းထားခဲ့ပြီးမှ ယမန်နေ့က အကျဉ်းသား (၉,၀၀၀) ကျော်ကို ပြန်လွှတ်ပေးရာတွင် အခြားနိုင်ငံရေးအကျဉ်းသားအချို့နှင့် အတူ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ အကျဉ်းသား (၉) ထောင်ကျော်လွှတ်ပေး

ခေတ်ပြိုင်-Agencies/ စက်တင်ဘာလ ၂၃ ရက် ၂၀၀၈

မြန်မာစစ်အစိုးရက အကျဉ်းသား (၉,၀၀၂) ဦးကို "မေတ္တာရှေ့ထားပြီး ရည်ရွယ်ချက်ကောင်းဖြင့်" ပြန်လည်လွှတ်ပေး လိုက်ကြောင်း ယနေ့ထုတ် ၎င်းပိုင်သတင်းစာများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် ဘာသာရေး ယုံကြည်ချက်တို့ကြောင့် အကျဉ်းကျနေသူ (၂,၀၀၀) ကျော်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ယခုကဲ့သို့ လွှတ်ပေးခြင်းသည် "၎င်းတို့ မိသားစုများအတွက် ငဲ့ညှာသောအားဖြင့်" လည်းကောင်း၊ ဒီမိုကရေစီလမ်းပြ မြေပုံအဆင့်ပါ ၂၀၁၀ ပြည့် ရွေးကောက်ပွဲ၌ တစိတ်တပိုင်း ပါဝင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း စစ်အစိုးရ သတင်းစာများက ဖော်ပြသည်။

ထို့အပြင် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများ ဖြစ်သောကြောင့်လည်း ယခုကဲ့သို့ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အကျိုးပြုစေမည့် နိုင်ငံသား များအဖြစ်သို့ ပြောင်းလဲပေးရန်လည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံအတွင်း ထူးခြားသည့် နေ့များ၌ ယခုကဲ့သို့ အကျဉ်းသားများပြန်လွှတ်ပေးလေ့ရှိသော်လည်း များသောအားဖြင့် ရာဇ၀တ်သားများသာ ဖြစ်သည်။

ယနေ့လွှတ်ပေးခြင်းသည်လည်း သံဃာတော်များ မေတ္တာပို့ဆုတောင်းပွဲ ပြုလုပ်ခဲ့မှုအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့် တနှစ်ပြည့် အထိမ်းအမှတ်ဖြစ်သော ယခုလ (၂၆-၂၇) ရက်များ နီးကပ်လာချိန်နှင့် တိုက်ဆိုင်နေသည်။

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်အချို့လည်း ထောင်မှလွတ်

ခေတ်ပြိုင်၊ ၂၃ စက်တင်ဘာ ၂၀၀၈

ယနေ့ ထောင်မှပြန်လွှတ်ပေးလိုက်သည့် အကျဉ်းသား (၉,၀၀၀) ကျော်ထဲတွင် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စား လှယ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးခင်မောင်ဆွေနှင့် ဦးအောင်စိုးမြင့်တို့လည်း ပါဝင်သည်။

ဦးခင်မောင်ဆွေသည် ၁၉၉၄ ခုတွင် မြင်းခြံထောင်တွင် ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး၂၀၀၁ ခု အောက်တို ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။ ဒေါက်တာမေ၀င်းမြင့်သည် ၁၉၉၇ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး ၂၀၀၄ ခု ဒီဇင်ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။

ဒေါက်တာသန်းငြိမ်းသည် အကျယ်ချုပ်ခံနေရသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ယောက်ဖတော်သူဖြစ်သည်။ ၁၉၉၇ ခုတွင် အဖမ်းခံရပြီး အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရသည်။ ဆက်တိုးသည့် ပြစ်ဒဏ်များအရ ၂၀၁၄ ခုတွင်မှ လွတ်ရမည့်သူဖြစ်သည်။

ဦးအောင်စိုးမြင့်မှာ တောင်ငူ မဲဆန္ဒနယ်အမှတ် (၁) မှဖြစ်ပြီး ၂၀၀၃ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ် ခံရသည်။၂၀၁၀ ပြည့်နှစ်တွင်မှ ပြန်လွတ်ရမည့်သူ ဖြစ်သည်။

ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ

မဇ္ဈိမ၊ စက်တင်ဘာ ၂၃ ရက် ၂၀၀၈ ခုနှစ်

အကျဉ်းထောင်အတွင်း ၁၉ နှစ်ကျော်ကြာနေခဲ့ရပြီးနောက် သတင်းစာဆရာကြီး ဦးဝင်းတင်သည် ယနေ့ အင်္ဂါနေ့ ညနေတွင် လွတ်မြောက်လာပြီဖြစ်သည်။

စစ်အစိုးရ၏ အဓိက အငြိုးထားခြင်းခံရသူ အသက် ၇၈ နှစ်အရွယ် ဦးဝင်းတင်သည် ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဦးဝင်တင်သည် ယခုအချိန်တွင် သူ၏မိတ်ဆွေရင်း ဦးမောင်မောင်ခင်၏ နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ယခုအချိန်အထိ အတည်ပြုနိုင်သော လွတ်မြောက်လာသူများ

- အင်းစိန်ထောင်မှ သတင်းစာဆရာကြီး ဦးဝင်းတင်

- ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့ တာဝန်ခံ ဗိုလ်ကြီးဝင်းထိန်

- စမ်းချောင်းလွှတ်တော်အမတ် ဦးခင်မောင်ဆွေ

- မရမ်းကုန်း လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်

- တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်

- သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်း

--------------------------------------

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွှန့် ပြောကြားချက်

ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့ ကျနော်အမှုသည်၊ ကျနော် လိုက်ခဲ့တာပါ။ သူတို့ လွတ်လာပြီဆိုတော့ ကျနော် အရမ်း ဝမ်းသာပါတယ်၊ ကျနော် ရှေ့နေအဖြစ် နှစ်ခု ပြောချင်တယ်။ သူတို့ ဘယ်အကြောင်းနဲ့ပဲ လွတ်လာ၊ လွတ်လာ ကျန်တဲ့ နိုင်ငံသားတွေ ထောင်ချ၊ အချုပ်မှာ ရှိနေတဲ့ လူတွေကိုရော လွတ်လာတာကိုရော မြင်ချင်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အပါအဝင် လွတ်လာတယ်ဆိုတော့ ဘာဘဲ ပြောပြောဗျာ၊ အမျိုးသာ ပြန်လည် သင့်မြတ်ရေးအတွက် ကောင်းတဲ့ဟြာ ဖစ်ပါစေဗျာ။ ကျနော် ဒီလောက်ပဲ ပြောချင်တယ်။
--------------------------------------

ဦးဝင်းတင်၏ မိတ်ဆွေကြီး ဦးမောင်မောင်ခင် ပြောကြားချက်

လွှတ်တော့ မလွှတ်သေးဘူးဗျ။ ထောင်ဗူးဝတော့ ရောက်နေပြီ။ မြင်ခဲ့တဲ့ လူတွေကတော့ သေချာပြောတာဘဲ။ ဦးဝင်းတင်နဲ့ ဒေါက်တာ မေဝင်းမြင့် တို့၊ နိုင်ငံရေးသမားကြီးတွေပေါ့ဗျာ။ နှစ်တွေ ထပ်ထပ် တိုးနေတဲ့ သူတွေကိုပေါ့ဗျာ။

ကျနော် ကြားတာကတော့ ၁၂း၃ဝ နာရီခွဲ ၁ ချက်တီးလောက်မှာ လူကြီးတွေက မိန့်ခွန်းချွေပြီး လွှတ်မယ်လို့ ပြောမယ်။ သတင်းတွေ လိုက်ပြီး စုစည်း လိုက်တဲ့အခါကျတော့ သေချာဘို့ တော်တော် နီးစပ်ပါတယ်။

ကျနော်တို့ကတော့ လွှတ်ပြီဆိုမှ လွတ်ပြီလို့ ကျနော်တို့ ယုံရမှာပေါ့နော်။

၂ဝ ရက်နေ့က ကျနော် သူ့ကို သွားတွေ့တယ်။ သူသိတယ်။ သူတို့ ထောင်သားတွေကို လွှတ်လိမ့်မယ်ကွ၊ အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတဲ့။ အသက်ကြီးတဲ့ သူတွေ၊ နာမကျန်းတဲ့ သူတွေ။ ငါတော့ အဲဒါကို ငြင်းထားတယ်။ ငါ့ကို နိုင်ငံရေးအရ ဖမ်းရင်တော့ နိုင်ငံရေးအရ လွှတ်ရမယ်လို့ ကျနော် ပြောထားတယ်တဲ့။

သူ့ကို နိုင်ငံရေးအရ လွှတ်ရင်တော့ သူထွက်လာမှာပါ။

၂ဝဝ၅ ခုနှစ်ကလည်း မိန့်ခွန်းတွေ ပါတွေချွေ၊ သူ့အကြောင်းတွေ ပါတွေပြော၊ ထမင်းတွေ ဘာတွေ ကျွေးပြီးတော့ အထဲ ပြန်ခေါ်သွားတာ။

ကျနော်က ဒီမှာ တယ်လီဖုန်းတွေ စောင့်နေတာ။ လွှတ်လာရင် အစိုးဘက်က လူကြီးတွေ ကျနော့်အိမ်ကိုဘဲ လာပို့ပေးမှာပါ။ ကျနော့်အိမ်က ထောင်နဲ့ မျက်နှာချင်းဆိုင်မှာဘဲလေ။ ဒီမှာလည်း စောင့်နေကြတာ။
--------------------------------------

မြန်မာစံတော်ချိန် မွန်းလဲ ၂း၁၀ မိနစ်တွင် ဦးဝင်းတင်၏ မိတ်ဆွေကြီး ဦးမောင်မောင်ခင် ပြောကြားချက်

"နောက်ဆုံး ကြားရတဲ့ သတင်းကတော့ ထောင်ဗူးဝတော့ ရောက်နေပြီလို့ ကြားတယ်။ ညနေပိုင်းမှ လွတ်မယ်လို့ ကြားတယ်။

"ခုက လွှတ်တော့ လွှတ်နေတယ်ဗျ။ ခါးပိုက်နိုက်တွေ၊ သူခိုးတွေ၊ မှောင်ခိုတဲ့ မိန်းမတွေ၊ ချဲအမှုတွေနဲ့ ဖမ်းထားတဲ့ သူတွေလည်း တသုတ်ပြီး တသုတ် လွှတ်နေတာပဲလေ။

"လွတ်နေတာကတော့ ၉ဝ၊ ၁ဝဝ တော့ မကတော့ဘူး။ ထောင်ကားတွေနဲ့ လိုက်ပို့နေတယ်။ လုံခြုံရေးတွေတော့ မရှိပါဘူး။ ဒီနေ့တော့ လွှတ်မဲ့သူတွေရဲ့ မိသားစုဝင်တွေ အပြင်မှာ စောင့်နေတာတွေတော့ အများကြီးဘဲ ရာဂဏန်းတော့ ရှိတယ်။ တခြား အစောင့်တွေတော့ မရှိပါဘူး။

"ဦးဝင်းတင်ကို သွားစောင့်တာတော့ ကျနော်တို့ မိသားစုဘဲ ရှိမယ်။ နောက်ထပ် တနာရီခြား ခေါ်ပေးပါ။"

နောက်ဆက်တွဲကို ဆက်လက် ထုတ်ပြန်သွားမှာ ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးလုပ်ရန် မြန်မာကို လုံခြုံရေးကောင်စီ ထပ်မံတောင်းဆိုဖွယ်ရှိ

ခေတ်ပြိုင်၊ ၂၂ စက်တင်ဘာ ၂၀၀၈

မြန်မာကို အရေးယူမည့်အချက်များမပါရှိဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ထပ်မံ တောင်းဆိုမည့် လုံခြုံရေး ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်သာ ထွက်ရှိလာနိုင်ကြောင်း စက်တင်ဘာ (၁၀) ရက် ထုတ်ပြန် သည့် လုံခြုံရေးကောင်စီ အစီရင်ခံစာ၌ ခန့်မှန်းရေးသားထားသည်။

မြန်မာအစိုးရအား ဒဏ်ခတ်ရေး ဆွေးနွေးချက်များ မှေးမှိန်သွားပုံရသည့်အတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ယခင် ကြေညာချက် (၂) ခုပါ အချက်များအပါအ၀င် သံတမန်ရေးနည်းလမ်းများသုံးရန် ဖိအား ပိုပေးလာနိုင်သည်ဟု အစီရင် ခံစာက သုံးသပ်သည်။ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ ဆွေးနွေးမည့် အချက်များ၌ ထည့်သွင်းနေခြင်းကို တရုတ်က ဆက်ပြီး စိတ်မသက်မသာ ဖြစ်နေသည့်ပြင် မြန်မာစစ်အစိုးရအား လုံခြုံရေးကောင်စီက အရေးမယူရေးကို တရုတ်က လိုလားသည်။

လုံခြုံရေးကောင်စီက ဆောင်ရွက်နိုင်သည့် ရွေးချယ်စရာ နည်းလမ်းများအနက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် မစ္စတာ ဂမ်ဘာရီ၏ ဆွေးနွေးမှုကို နားထောင်ပြီး မည်သည့်အရေးယူဆောင်ရွက်မှုမှ မလုပ်ဘဲ သဘောထားထုတ်ပြန် နိုင်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရန် လိုအပ်ကြောင်းနှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန် တို့ ပါဝင်သည့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ယခင်ကြေညာချက် (၂) ခုပါ အဓိကအချက်များကို ထပ်မံကြေညာနိုင် ကြောင်းနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ပြီးခဲ့သည့် အောက်တိုဘာလ ထုတ်ပြန်ချက်ပါ အဓိကအချက်များကို ပြန်လည် အလေးထား ထုတ်ပြန်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက်၌ အားလုံးပါဝင်သည့် အမျိုးသားပြန်လည် သင့် မြတ်ရေးလုပ်ဆောင်ရန်၊ ကုလသမဂ္ဂက မြန်မာ့အရေး ဆက်လက်ပါဝင်ဆောင်ရွက်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ရန်၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးကိစ္စများ ဆောင်ရွက်ရန်၊ ပြည်သူလူထု အတွက် စီးပွားရေးနှင့် လူသားချင်းစာနာမှု လိုအပ်ချက်များကို ကိုင်တွယ်လုပ်ဆောင်ရန်တို့ တောင်းဆိုထားသည်။

ထို့အပြင် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ထုတ်ပြန်မည့် ကြေညာချက်၌ ပြီးခဲ့သည့် မေလ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒ ခံယူပွဲ အပေါ် သဘောထားနှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်ကဲ့သို့ ကိစ္စများလည်းပါဝင်နိုင်ပြီး အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ လုံခြုံရေးကောင်စီနှင့် ကြိုတင်တွေ့ဆုံရန်တို့ ပါရှိနိုင်သည်ဟုလည်း အစီရင်ခံစာ၌ ဖော်ပြသည်။

ထိုအစီရင်ခံစာကို သြဂုတ် (၁၈)မှ (၂၃) ရက်အထိ မြန်မာနိုင်ငံသွားရောက်ခဲ့သည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ် အပြီး၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်၌ ကုလသမဂ္ဂ၏ တောင်းဆိုချက် (၅) ချက်ကို မြန်မာအစိုးရက ပိုမိုသဘောပေါက် လက်ခံလာသဖြင့် ထိုခရီးစဉ်ကို မစ္စတာဂမ်ဘာရီက ပိုမိုအကောင်းမြင်သည်ဟုလည်း အစီရင်ခံစာ၌ ရေးသည်။

မြန်မာအရေးနှင့် ပတ်သက်ပြီး အဓိကအရေးပါသည့် အချက်များကို စဉ်းစားရာ၌ မြန်မာနိုင်ငံသွားရန်များသည့် အတွင်း ရေးမှူးချုပ် ဘန်ကီမွန်း၏ ခရီးစဉ်မှ ခိုင်မာသည့် အောင်မြင်မှုရအောင် မည်သို့လုပ်ရမည်ဆိုသည့်အချက်အပါအ၀င် ဘန် ကီမွန်း မြန်မာနိုင်ငံသွားခြင်းသည် မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံကို ထောက်ခံခြင်းဟု အသုံးချမခံရအောင် မည်သို့ လုပ်ရမည် စသည့်အချက်များပါဝင်သည်။ ထို့ပြင် ကုလသမဂ္ဂသည် မြန်မာနှင့် ဆက်ဆံရာတွင် တိုးတက်မှုမရှိဆိုသည့် မကောင်းမြင်သတင်း ပျံ့နှံ့မှုကိစ္စအတွက် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီက မည်သို့ကိုင်တွယ်ရမည်ဆိုသည့် ကိစ္စ ဖြစ်သည်ဟု ရေးထားသည်။

လှုံ့ဆော်မှုများ ပြုလုပ်ဟု အတိုက်အခံများပြော

မဇ္ဈိမ-သန်းထိုက်ဦး၊ စက်တင်ဘာလ ၂၂ ရက် ၂၀၀၈

ချင်းမိုင်။ ။ နေအိမ် အကျယ်ချုပ်ကျခံနေရသော သူတို့၏ ခေါင်းဆောင် လွတ်မြောက်ရေး လှုပ်ရှားမှုတခု အနေဖြင့် ငွေစက္ကူများတွင် "ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ" ဟု ရေးသားခဲ့ကြကြောင်း အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများက ပြောသည်။

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်အတွင်း ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူ တစုမှ ကျပ်ငွေ ၅ဝဝ၊ ၂ဝဝ၊ ၁ဝဝ၊ ၅ဝ နှင့် ၁ဝ တန်တို့တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းစာများ ခဲတံဖြင့် ရေးသားထားပြီး နီးစပ်ရာ ဈေးဆိုင်များတွင် ဈေးဝယ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သူတို့က ပြောသည်။

သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်ပါ။

"ဒေါ်အောင်ဆန်းစုကြည်ကို လွတ်စေချင်တဲ့ လူတွေကနေပြီးတော့ လုပ်လိုက်တဲ့ လှုပ်ရှားမှုတခု ဖြစ်တယ်။" ဟု အစဉ်အလာအားဖြင့် တက်ကြွစွာ လှုပ်ရှားလေ့ရှိသူ တယောက်က ပြောသည်။

ဈေးဆိုင်များက အမှတ်မထင် လက်ခံသူများရှိသလို အချို့ ဆိုင်ရှင်များက သိလျက်ပင် ၎င်းငွေစက္ကူများကို လက်ခံပေးခဲ့သည်ဟု ပြောသည်။

ငြိမ်းချမ်းစွာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်ကျနိုင်သည့် နိုင်ငံတွင် ၁၂ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်နှင့်ပတ်သက်၍ ပြောဆိုရေးသားမှုကို စစ်အစိုးရသည် အစဉ်အလာအားဖြင့် ပြစ်မှုတခုဟု မြင်လေ့ရှိသည်။

အလားတူ လှုပ်ရှားမှုကို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် အတွင်း တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည်။ ထို့အပြင် "သံဃာတော်များကို သတ်သည့် စစ်အာဏာရှင် အစိုးရ ပြုတ်ကျပါစေ" ဟု ရေးသားထားသည့် စာရွက်များကိုလည်း လူစည်ကားသည့် ဈေးများ၊ လမ်းများတွင် ဖြန့်ဝေခဲ့သည်ဟု ဒေသခံ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။

လတ်တလောက မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) မှ ဦးဆောင်ကာ "နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အလိုရှိသည်" ဟု ရေးသားထားသည့် ဓာတ်ပုံပါ စာတမ်းအား ရန်ကုန်မြို့ နေရာအချို့တွင် လိုက်လံ ဖြန့်ဝေခဲ့သည်ဟု အဖွဲ့ဝင်တဦးဖြစ်သူ ကိုမိုးသွေးက ပြောသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.