နေ့သစ်အတွေး
နှင်းလား မိုးလား
မကွဲပြားဘဲ
အိမ်ခေါင်မိုးပေါ်
တဖျောက်ဖျောက်…။
ပြတင်းတံခါးဖွင့်
မျှော်ငေးမိစဉ်
ဝေသီမှုန်မှိုင်း
မြူခြေဆိုင်းလို့
နေမင်းရောင်ခြည်
မထွန်းလင်းသေး…။
တခဏကြာ
နေရောင်လာသော်
မြူတို့ကွယ်ပျောက်
အလင်းရောက်သည်
ရောင်စဉ်ဖြာသော
နံနက်ခင်းအလှ
ရှုမ၀တည့်…။
လူ့ဘုံလောက
သဘာဝလည်း
ဤသို့သာပင်
သောကမြူနှင်း
ကြွေသက်ဆင်းလဲ
ဒုက္ခမိုးသား
အုံ့ကာထားလဲ
နေခြည်အလင်း
ဖြန့်ကျက်ခင်းသည့်
နေ့သစ်တို့နှင့်
တစ်နေ့သောခါ
တွေ့ရမည်မှာ
မလွဲပါပဲ
စိတ်ဓါတ်ခွန်အား
မြင့်မြင့်မားဖြင့်
မနက်ခင်းများကို
ကြိုကြစို့…။
ခံစားချက်နဲ့ အတွေးအခေါ်
လူတစ်ယောက်ရဲ့ စိတ်ထဲမှာ သူရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေပေါ်မူတည်ပြီး ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ပျော်စရာတွေ့ရင် ပျော်မယ်၊ ၀မ်းနည်းစရာ ကိစ္စရှိရင် ပူဆွေးဝမ်းနည်းမယ်၊ ဒေါသဖြစ်စရာ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရရင် စိတ်ဆိုးဒေါသထွက်မယ်၊ ရင်ခုန်လှုပ်ရှားဖွယ်ကောင်းတဲ့ အဖြစ်အပျက်နဲ့ ကြုံရရင် စိတ်ထဲမှာ လှုပ်ရှားပြီး ရင်ခုန်တဲ့ ခံစားချက် ဖြစ်လာမယ်။ ဒါဟာ သဘာဝပါပဲ။ လူ့စိတ်ခံစားမှုဆိုတာ တသမတ်တည်း မနေဘဲ အမြဲပြောင်းလဲနေတတ်တာမျိုးပါ။
ဒါပေမယ့် စိတ်ထဲက ခံစားချက်ကိုလိုက်ပြီး အတွေးအခေါ် အယူအဆတွေပါ ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ကြတာမျိုးကိုတော့ ကျွန်မ လက်မခံနိုင်ပါဘူး။ ခံစားချက်ဆိုတာ နှလုံးသားကနေ ဖြစ်လာတာပါ။ အတွေးအခေါ် အယူအဆဆိုတာက ဦးနှောက်အသိနဲ့ စဉ်းစားချင့်ချိန်ပြီး လက်ခံယုံကြည်ထားတာပါ။ ခံစားချက်ကြောင့် အရင်က လက်ခံထားတဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားတယ်ဆိုရင်လဲ အဲဒီအတွေးအခေါ်ကို ကိုယ်တိုင်က ခိုင်ခိုင်မာမာ မယုံကြည်ထားတာကြောင့် ဖြစ်မှာပါပဲ။
ဒီအတွေးရပ်ဝန်းဘလော့မှာ တင်သမျှ ပို့စ်တွေအကုန်လုံးဟာ ကျွန်မရဲ့ အတွေးနဲ့ခံစားချက်၊ ကျွန်မကိုယ်တိုင် လက်ခံယုံကြည်ထားတာတွေကို စာဖွဲ့ရေးပြထားတာတွေပါ။ ခံစားချက်နဲ့ရေးတဲ့ စာတွေက ပေးတဲ့ရသက တစ်ခုနဲ့တစ်ခု မတူနိုင်ပေမယ့် ဦးနှောက်အသိနဲ့တွေးပြီး ရေးတဲ့စာတွေရဲ့ ခံယူချက်ကတော့ တသမတ်တည်းပဲဆိုတာကို အချိန်မရွေး အာမခံရဲပါတယ်။
ကျွန်မအရင်က အွန်လိုင်းမှာ ချက်တင်ထိုင်ကြတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေအတွက် ညီမလေးများသို့
ဆိုတဲ့ ပို့စ်တစ်ခု တင်ဖူးပါတယ်။ အင်တာနက်ကနေ တခြားဗဟုသုတရစရာတွေ ရှာဖွေဖတ်ရှုဖို့ထက် ချက်ရွန်းတွေထဲဝင်ပြီး ရည်းစားရှာနေကြတဲ့ ကောင်မလေးအများစုကိုကြည့်ပြီး ရေးဖြစ်ခဲ့တဲ့ပို့စ်ပါ။ အွန်လိုင်းကို ချက်တင်ထိုင်ဖို့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ မသုံးဘဲ ချက်တာလဲချက်၊ ကျန်တဲ့ website တွေ၊ blog တွေကိုလဲ ဖတ်ရှုလေ့လာစေချင်တဲ့ စေတနာကို အရင်းခံပြီး ရေးခဲ့တာပါ။ တစ်ခုဝန်ခံရရင်တော့ အွန်လိုင်းမှာတွေ့တဲ့ အချစ်ဆိုတာကို သိပ်မယုံကြည်တဲ့ စိတ်အခံနဲံ့ ရေးခဲ့တာလဲ ပါပါတယ်။
ဒါပေမယ့် မထင်မှတ်ထားဘဲ အွန်လိုင်းကနေ လူတစ်ယောက်ကို ကျွန်မ ချစ်မိသွားပါတယ်။ မော်နီတာမျက်နှာပြင်မှာ တက်လာတဲ့ စာကြောင်းလေးတွေကို ကြည့်ပြီး ရင်ခုန်တတ်လာခဲ့ပါတယ်။ ဒါဟာ ကျွန်မစိတ်ထဲမှာ ဖြစ်လာတဲ့ ခံစားချက်အပြောင်းအလဲတစ်ခုပါ။ အဲဒီလို ကျွန်မချစ်သူရှိသွားတာကို တဆင့်စကားနဲ့ သိသွားတဲ့သူတစ်ယောက်က ကျွန်မဟာ ကိုယ်ရေးတဲ့စာရဲ့ စံနှုန်းကို ပြန်ချိုးဖောက်တဲ့သူဆိုပြီး ညီမလေးများသို့… ပို့စ်အတွက် တောင်းပန်စာရေးပေးပါလို့ တိုက်ရိုက်မဟုတ်ဘဲ မိတ်ဆွေတစ်ယောက်ကနေတဆင့် ပြောလာပါတယ်။ သူ ကျွန်မကို ပြောတာတွေ အများကြီးပါပဲ။ ပြောထားသမျှကိုလဲ ကျွန်မကို ပြန်ပြခိုင်းပါတယ်။ အားလုံးပြောပြီးတော့မှ သူ့စကားတွေကို သူပြန်လျှောချသွားပါတယ်။
သူ ဘာဖြစ်လို့ ဒီလိုစကားတွေပြောလဲ ကျွန်မ မသိပါဘူး။ ဒါပေမယ့် ကျွန်မရေးတဲ့စာရဲ့ ဆိုလိုရင်းကို နားမလည်ဘဲ လိုရာဆွဲပြောတဲ့ကိစ္စကိုတော့ နည်းနည်းပြောချင်ပါတယ်။ အသက် ၁၆၊ ၁၇ ပတ်ဝန်းကျင် မိန်းကလေးတွေ ချက်တင်စွဲနေတာကို ကျွန်မ လုံးဝသဘောမကျပါဘူး။ ကျွန်မစာသင်တဲ့အခါတိုင်းလဲ အသက်ငယ်တဲ့ သင်တန်းသူတွေဆိုရင် Chatting ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်ကမ္ဘာလုံးကလူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်ပြီး information တွေ ရလာနိုင်တယ်ဆိုတဲ့ ချက်တင်ထိုင်ခြင်းရဲ့ အားသာချက်တွေကိုသာမက ချက်တင်ကနေရလာမယ့် ဆိုးကျိုးတွေကိုပါ ထည့်ပြောပြတတ်ပါတယ်။ ဒါဟာ ညီမလေးအရွယ် မိန်းကလေးတွေအပေါ်မှာ ကျွန်မထားတဲ့ စေတနာပါ။
အဲဒီလို စေတနာကို အရင်းတည်ပြီး ရေးဖြစ်ခဲ့တဲ့ စာတစ်ပုဒ်အတွက် ကျွန်မက ဘာကို တောင်းပန်ရမှာလဲ။ အချစ်ဆိုတာက အချိန်တန်လာရင် အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် တွေ့လာမယ့်အရာပါ။ အခုအချိန်မှာ အွန်လိုင်းကနေ အချစ်ကို ခံစားမိသွားတဲ့အတွက် ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ စိတ်ခံစားမှုကိုလဲ နားလည်မိပါတယ်။ ဒါပေမယ့် ခံစားချက်ဆိုတာကို အသိတရားနဲ့ ပြန်ပြီး ထိန်းချုပ်ရမှာပါပဲ။ ကျွန်မတို့အသက်အရွယ်က စိတ်လှုပ်ရှားမှုတစ်ခုနောက်ကို လိုက်ပြီး သာယာတတ်တဲ့အရွယ်ကို ကျော်လွန်သွားကြပါပြီ။ နှစ်ယောက်လုံးရဲ့ ရင်ထဲမှာ အနာဂတ်အတွက် စိတ်ကူးတွေကိုယ်စီနဲ့ အွန်လိုင်းမဟုတ်တဲ့ အပြင်လောကမှာ ဘ၀တစ်ခုကို လက်တွေ့ကျကျ ထူထောင်ဖို့ ရည်စူးပြီးသားပါ။
စဉ်းစားချင့်ချိန်နိုင်စွမ်း အားနည်းသေးတဲ့ အရွယ်တွေအတွက်တော့ ချက်ရွန်းတွေထဲမှာပဲ အချိန်ကုန်နေကြတာဟာ အကျိုးမရှိတဲ့အပြင် လူလည်တွေနဲ့သာ တွေ့သွားခဲ့ရင် အန္တရာယ်လဲ များလှပါတယ်။ အဲဒါကြောင့် ညီမလေးတွေကို ချက်တင်ထိုင်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ပဲ အင်တာနက်မသုံးကြဖို့ ကျွန်မ ထပ်ပြီး ပြောချင်ပါတယ်။ အွန်လိုင်းကနေ ချစ်သူတစ်ယောက် ရလိုက်တာနဲ့ လူငယ်တွေ ချက်တင်စွဲနေတာ မကောင်းပါဘူးလို့ ရေးခဲ့တာကို ပြန်ပြင်ပြီး တောင်းပန်စရာ မလိုပါဘူး။
အချစ်ကြောင့် စိတ်ခံစားချက်တွေ ပြောင်းလဲလာပေမယ့် ကျွန်မဦးနှောက်ထဲမှာ လက်ခံထားတဲ့ အတွေးအခေါ်၊ အသိတရားတွေကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ကျွန်မရေးတဲ့ စာတွေအပေါ်မှာထားတဲ့ စေတနာနဲ့ ယုံကြည်ချက်တွေကလဲ လျော့ပါးသွားမှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။
မင်းမသိတဲ့အချစ်အကြောင်း
အချစ်ဆိုတာ ငါ့အတွက်
သံယောဇဉ်နဲ့ ပျိုးခဲ့ရတဲ့ပန်းတစ်ခင်း
အပေါ်ယံမဟုတ်တဲ့ တန်ဖိုးထားမြတ်နိုးခြင်း
အထီးကျန်ညတွေရဲ့ မျှော်လင့်ချက်အလင်း
ရင်ထဲမှာခံစားမိတဲ့ ချစ်ခြင်းအတွက်
ဖြေရှင်းချက်တောင်းတဲ့မင်းကို
ငါ သနားမိပါရဲ့ …
အချစ်ဆိုတာ
နှလုံးသားက ပေါက်ဖွားလာတဲ့အရာတစ်ခု
အရာရာကို ရင်ဆိုင်အံတုနိုင်စွမ်းရှိတယ် …
အချစ်ဆိုတာ
နားလည်မှုကနေ ဖြစ်တည်လာတဲ့ခံစားချက်
ပျောက်ပျက်ဖို့လဲ ခက်လိမ့်မယ် …
အချစ်ဆိုတာ
နှစ်ယောက်အတူမက်ကြတဲ့ အိပ်မက်
ယုံကြည်ချက်တွေနဲ့ အနာဂတ်ခရီးဆက်ကြမယ် ...
စစ်မှန်တဲ့အချစ်ဆိုတာ
မင်းထင်သလို မိုက်ရူးရဲမဆန်ဘူး
မင်းမြင်သလို အသိတရားမကင်းဘူး
ဘ၀နှစ်ခု တစ်သားတည်းကျစွာပေါင်းစည်းဖို့
ခိုင်မာလေးနက်တဲ့ အပြန်အလှန်နားလည်မှုတွေနဲ့
တစ်သက်တာအတွက်ရည်ရွယ်
ငါတို့ချစ်ခဲ့ကြတယ် …
အတ္တကဲတဲ့စိတ်
လိုရာဆွဲထားတဲ့ အတွေးအခေါ်တွေနဲ့
ငါ့သိက္ခာကို ချနင်းပစ်ဖို့ မစဉ်းစားနဲ့
ငါ့အချစ်ကို တန်ဖိုးချဖို့ မကြိုးစားနဲ့
တို့နှစ်ယောက်ရဲ့ ချစ်ခြင်းအောက်မှာ
မင်းပြောသမျှစကားလုံးတွေ အကုန်ဝပ်စင်းလို့
မောသွားလိမ့်မယ် သူငယ်ချင်း … ။
ကျွန်မ၏ ရွက်လှေ
တကယ်တော့လည်း ကျွန်မတို့ လူ့ဘ၀ဆိုတာ ကမ်းမမြင် လမ်းမမြင်သည့် ပင်လယ်သမုဒ္ဒရာပြင်ကျယ်ကြီးမှာ ကိုယ်တိုင် ထိန်းချုပ်ပဲ့ကိုင်သော ရွက်လှေတစ်စင်းစီဖြင့် ခရီးနှင်နေကြရခြင်းပဲ မဟုတ်လား… ။
ကျွန်မတို့ ခရီးနှင်ရာ၏ အဆုံးပန်းတိုင်က ဘာလဲ။ အမှန်အတိုင်း ပြောရလျှင် ကျွန်မ မသိပါ။ နစ်မြုပ်ခြင်းသည် ခရီးဆုံးလား၊ မနစ်မြုပ်ဘဲ ခရီးဆက်ခွင့်သာ ရခဲ့လျှင် ဟိုဘက်မှာ ဘာရှိသလဲ၊ ဘာကိုမျှော်လင့်ပြီး ကျွန်မတို့ ရွက်လွှင့်နေကြတာလဲ။ မေတ္တာတရား အတွက်လား၊ ဗြဟ္မစိုရ်တရား အတွက်လား၊ ဒါမှမဟုတ် နိဗ္ဗာန်ဟု စကားအရသာ သိပြီး တကယ့်လက်တွေ့ ကျွန်မ မသိမြင်နိုင်သော စိတ်အခြေအနေတစ်ခုဆီသို့လား၊ သီးသန့်နေရာ တစ်ခုဆီသို့လား… ။
ကျွန်မ၏ ရွက်လှေပေါ်မှာလည်း လိုချင်၍ သယ်ယူခဲ့သော ပျော်ရွှင်မှုများ၊ မလိုချင်ပါဘဲနှင့် လက်ခံယူခဲ့ရသည့် အမှားများ၊ လွှင့်ပစ်လို့ရလျှင် ချက်ချင်း လွှင့်ပစ်လိုက်ချင်သော နောင်တများ စသည်ဖြင့် ကုန်စည်ပစ္စည်းများလည်း အသင့်အတင့် စုံခဲ့ပြီ… ။
ကျွန်မ၏လှေထဲမှာ သယ်ယူခဲ့သည့် ပျော်ရွှင်ခြင်းဆိုတာတွေက အခုအချိန်မှာ ပြန်လည်သုံးလို့ မရတော့သည့် တစ်ခါသုံးပစ္စည်းတွေ၊ စွန့်ပစ်အမှိုက်တွေသာ ဖြစ်တော့သည်။ လူ့ဘ၀မှာ တကယ်လိုအပ်သည်က ပျော်ရွှင်ခြင်းမဟုတ်၊ သတိသာဖြစ်သည်ဟု ကျွန်မ တွေးတောစပြုလာပြီ… ။
ကျွန်မက ကျွန်မလိုအပ်သည့်အရာမှာ ပျော်ရွှင်မှုဟု ထင်ခဲ့ဖူး၏။ ငွေကြေးဥစ္စာဟု ထင်ခဲ့ဖူး၏။ အောင်မြင်ကျော်ကြားမှုဟု ထင်ခဲ့ဖူး၏။ အဲဒါတွေကို ရမှဖြစ်မည်ဟုထင်ကာ မနိုင်မနင်း သယ်ယူခဲ့ပြီးပြီ။ ကျွန်မလိုအပ်တာ ဒါမဟုတ်ဘူးဟု သိသလိုလို ရှိလာချိန်မှာ ဒါတွေကို လွှင့်ပစ်ဖို့လည်း မဖြစ်နိုင်၊ အဲသည့်အရာတွေနှင့် ကျွန်မက တော်တော်ကြီး ပေါင်းစပ်ငြိတွယ်နေခဲ့ပြီးပြီ မဟုတ်လား။ လှေကလေးပေါ့အောင်၊ ကိုယ်ထိန်းသိမ်းတိုင်း လိုရာရောက်အောင်က အဲဒါတွေကို ပစ်ချခဲ့မှရမည်ထင်ပါရဲ့… ။
အပေါ်ကစာလေးတွေက ဆရာမဂျူးရဲ့ ` ရွက်လှေများ´ဆိုတဲ့ ၀တ္ထုတိုထဲက စာသားလေးတွေပါ။ အဲဒီဝတ္ထုလေးကို ဖတ်တုန်းက သဘောကျလို့ ကူးယူထားခဲ့တာတွေက အခုအချိန်မှာတော့ ကျွန်မပြောချင်ပြီး ပြောမထွက်တဲ့ စကားလုံးတွေနဲ့ တထပ်တည်း ဖြစ်နေပါပြီ။
ဆရာမရေးခဲ့သလိုပဲ ကျွန်မရဲ့ ရွက်လှေလေးဟာလည်း အတော်ကြီး ခရီးပေါက်ခဲ့ပါပြီ။ ပျမ်းမျှလူ့သက်တမ်းရဲ့ ထက်ဝက်မရှိရင်တောင် သုံးချိုးတစ်ချိုးမကကိုတော့ ကျော်လွန်ခဲ့ပြီဆိုတာ သတိထားမိလိုက်တဲ့အချိန်မှာ ကျွန်မ ဘာကိုနှမြောမှန်း မသိတဲ့စိတ်တွေ ၀င်လာမိပါတယ်။ ကုန်လွန်ခဲ့ပြီးတဲ့ နှစ်ဆယ့်ခြောက်နှစ်တာ အချိန်ကာလတွေကိုလား၊ အခြေအနေအရ လွှတ်ချပစ်ခဲ့ရတဲ့ ရည်မှန်းချက်ပန်းတိုင် တစ်ခုကိုလား … သေချာတာကတော့ ကျွန်မ ပဲ့ကိုင်မောင်းနှင်နေတဲ့ ရွက်လှေလေးဟာ ပန်းတိုင်ဆိုတာကို ရေရေရာရာ မသိသေးဘူး ဆိုတာပါပဲ။
ကျွန်မငယ်ငယ်က မိုးရွာပြီးလို့ အိမ်ရှေ့ရေမြောင်းမှာ ရေတွေပြည့်လျှံနေပြီဆိုရင် စက္ကူလှေလေးတွေခေါက်ပြီး လွှတ်လေ့ရှိပါတယ်။ ကျွန်မလွှတ်လိုက်တဲ့ လှေလေးတစ်စင်း ချောချောမောမောနဲ့ မြောင်းဟိုဘက်ထိပ်ကို ရောက်သွားရင် ၀မ်းသာပျော်ရွှင်မိတယ်။ အဲဒီလိုမှမဟုတ်ဘဲ သစ်ကိုင်းသစ်ခက်တွေ၊ အမှိုက်သရိုက်တွေနဲ့ ငြိပြီး မှောက်သွားခဲ့ရင် စိတ်ထဲမှာ အလိုမကျဖြစ်မိတယ်။ ဒါပေမယ့် အဲဒီလို တိမ်းမှောက်သွားခဲ့ရင်လဲ နောက်ထပ် စက္ကူလှေလေးတစ်စင်းကို ခေါက်ပြီးလွှတ်ဖို့ ကျွန်မမှာ အခွင့်အရေး အပြည့်အ၀ရှိခဲ့ပါတယ်။ တစ်ကြိမ်မက အကြိမ်ကြိမ် အခါခါ စိတ်ကူးရှိသလောက် စက္ကူလှေ အစင်းပေါင်းများစွာကို ကိုယ်ရည်မှန်းထားတဲ့နေရာ မရောက်မချင်း လွှတ်လို့ရပါတယ်။
တကယ်တမ်း ဘ၀သမုဒ္ဒရာ ပင်လယ်ပြင်ကြီးမှာ ကိုယ့်ဘ၀ကိုယ် ပဲ့ကိုင်ရင်း ရွက်လွှင့်တဲ့အခါမှာတော့ အခွင့်အရေးဆိုတာ ရှားပါးလွန်းလှပါတယ်။ အခွင့်အရေးပေးလို့ ပြန်ပြင်ဆင်ခွင့်ရှိမယ်ဆိုရင်လဲ အချိန်ဆိုတာကတော့ ဘယ်လိုမှ နောက်ပြန်လှည့်လို့ မရနိုင်တော့ပါဘူး။ အဲဒီတော့လည်း ရောက်နေပြီးသား ခရီးတ၀က်တပျက်မှာပဲ ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် ကမ်းတစ်ခုကို ရွေးချယ်သတ်မှတ်ပြီး အချိန်မီ ဆိုက်ကပ်နိုင်အောင် ကြိုးစားရုံပဲ ရှိတော့တာပေါ့။
အချိန်မီဆိုတာက ကိုယ့်ဘ၀ရဲ့ လက်ကျန်အချိန်တွေမှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်အတွက် အဓိပ္ပါယ်ရှိတဲ့ အလုပ်တွေ ဘယ်လောက်လုပ်ချိန် ကျန်ဦးမလဲဆိုတာနဲ့ တွက်ချက်ပြီး ပြောတာပါ။ လူဖြစ်လာရတဲ့ ဘ၀မှာတော့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ တ၀မ်းတခါးဝဖို့ ရုန်းကန်လှုပ်ရှားရင်း အချည်းနှီး အသက်ရှင်သွားရတာမျိုး မဖြစ်ချင်ပါဘူး။ Live to eat သဘောမျိုးနဲ့ အသက်ရှင်ရတာ လူဖြစ်ရကျိုး မနပ်ပါဘူး။ Eat to live ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို ငွေကြေးအရ မတွက်ချက်ဘဲ လုပ်ကိုင်ရင်း ဘ၀အချိန်တွေကို အဓိပ္ပါယ်ရှိရှိ ကုန်ဆုံးချင်တာ ကျွန်မရဲ့ အကြီးမားဆုံး စိတ်ဆန္ဒပါပဲ။
အဲဒီဆန္ဒ ပြည့်ဝနိုင်ဖို့အတွက် ကျွန်မရဲ့ ရွက်လှေလေးကို တက်ကုန်ရွက်ကုန် လွှင့်ရပါဦးမယ်။ လေပြင်းမုန်တိုင်းတွေနဲ့ ကြုံလာခဲ့မယ်ဆိုရင်လဲ မတိမ်းမမှောက်အောင် ရွက်လှေလေးကို အသိဥာဏ် ၀မ်းစာတွေအပြည့် ဖြည့်ရပါဦးမယ်။ မလိုအပ်တဲ့ အပိုစ္စည်းတွေကို သံယောဇဉ်ဖြတ် စွန့်ပစ်နိုင်ဖို့လဲ ကြိုးစားရပါဦးမယ်။
နေမင်းသို့ တမ်းချင်း
မိုးသည်းည သန်းခေါင်ယံအိပ်မက်က
ရုတ်တရက်လန့်အနိုး
နှုတ်ဖျားကနေ ခပ်တိုးတိုးရွတ်ဆိုမိတယ်
အဖေ …..
ချွဲနွဲ့တီတာ ခေါ်ခွင့်မရခဲ့တာ
မိုးဥတု ခြောက်ခုမြောက်ခဲ့ပြီ … ။
အဖေ့ရင်ခွင် တိုးဝှေ့အိပ်စက်
စောင်ရဲ့အနွေးဓါတ်တောင်မလိုခဲ့တဲ့
ငယ်ငယ်က မိုးညတွေကို
ပြန်တမ်းတမိတော့
အေးစက်စက် ညဉ့်နက်အမှောင်ထဲ
ဝမ်းနည်းအားငယ်စိတ်တွေနဲ့
မိုးနဲ့အပြိုင် တိုးတိတ်ရှိုက်ငိုမိတယ် … ။
တစ်ချိန်တစ်ခါကတော့
နေမင်းရဲ့ ခွန်အားရှိတဲ့အလင်း
လမင်းရဲ့ အေးမြတဲ့အဆင်းနဲ့
လုံခြုံနွေးထွေးမှုအပြည့်ရှိတဲ့
ကောင်းကင်တစ်ခုရဲ့ အုပ်မိုးမှုအောက်
သမီးရဲ့စိတ်တွေ ပြည့်စုံငြိမ်းချမ်းခဲ့ပါတယ် … ။
မမျှော်လင့်တဲ့ ကံကြမ္မာရဲ့ရိုက်ချက်
သေမင်းရဲ့ ညှာတာခြင်းကင်းတဲ့လက်တစ်ဖက်က
မိုးရာသီရဲ့ ဇူလိုင်ရက်စွဲတစ်ခုမှာ
သမီးဘ၀ထဲကနေ အဖေ့ကိုဆွဲထုတ်လို့
နေမင်းကွယ်တဲ့ နေ့ရက်တွေကို
ခါးသီးစွာ ရင်ဆိုင်စေခဲ့တယ် … ။
အဖေမရှိပေမယ့်
အဖေပေးခဲ့တဲ့အားမာန်
အဖေထားခဲ့တဲ့ အသိဥာဏ်အမွေတွေကြောင့်
ဘ၀ခရီးကို ရဲရဲလျှောက်
သမီး လမ်းမပျောက်ခဲ့ပါဘူး … ။
ဒါပေမယ့်လဲ
တစ်ခါတစ်ခါမှာတော့
အရာရာကို ငွေကြေးနဲ့ချိန်စက်
ဈေးတွက်ပဲ တွက်တတ်တဲ့
လူတွေကြားမှာ ရှင်သန်လှုပ်ရှားရတာ
သမီး အသက်ရှူကြပ်လှတယ် … ။
ခံစားမိသမျှ အဖေ့ကိုတိုင်တည်
ဟန်ဆောင်ထားသမျှ အဖေ့ရှေ့မှာခ၀ါချလို့
ရင်ဖွင့်ပြောပြချင်စိတ်တွေ ပြည့်လျှံလာတိုင်း
နာကျင်စွာ ကြိတ်မှိတ်
ရင်တွင်းခံစားချက်တွေကို မြိုသိပ်ရင်း
ဖခင်မဲ့သမီးတစ်ယောက်ရဲ့ နှလုံးသားမှာ
အဆိပ်သင့်ဒဏ်ရာတွေ များခဲ့ပါပြီ … ။
အခုအချိန်မှာ
အဖေ့ရဲ့ နွေးထွေးတဲ့အပြုံးတစ်ချက်
`သမီး´လို့ခေါ်သံ တိုးသက်သက်လေးများ
မြင်ခွင့် ကြားခွင့်ရမယ်ဆိုရင်
ဘယ်အရာနဲ့မဆို
အလဲအလှယ် လုပ်ပစ်ရဲတယ်ဆိုတာ
သမီး ကြေကွဲစွာပြောပါရစေ အဖေရယ် … ။
အားကျမိပါရဲ့…
မနေ့ညက MRTV 4 ကနေ လွှင့်တဲ့ International News အစီအစဉ်မှာ တရုတ်နိုင်ငံ အမျိုးသားစာကြည့်တိုက်နဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ် ကြည့်လိုက်ရပါတယ်။ တရုတ်နိုင်ငံရဲ့ တိုးတက်မှုတွေကတော့ အံ့မခန်းပါပဲ။ ပြီးခဲ့တဲ့ 2008 ဘေဂျင်းအိုလံပစ်ပွဲတော် ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားတွေကို MRTV 4 ရဲ့ ကျေးဇူးနဲ့ပဲ ရင်သပ်ရှုမော ကြည့်ခဲ့ရပြီးပါပြီ။ အားကစားနည်းမျိုးစုံကို အဆင့်မီ အားကစားကွင်းကြီးတွေမှာ လက်ခံကျင်းပပေးနိုင်တာကို တွေ့ရတော့ ကျွန်မတို့နိုင်ငံရဲ့ ဘောလုံး၊ လက်ဝှေ့ စတဲ့ ပြိုင်ပွဲတွေ ဒိုင်ခံကျင်းပရာ မိုးလုံလေလုံ သုဝဏ္ဏအားကစားကွင်းကြီးကို သနားမိပါရဲ့။
အားကစားအကြောင်းကို ဆက်မပြောတော့ပါဘူး။ ပြောရင်လဲ ကမ္ဘာကိုလွှမ်းဖို့ မပြောနဲ့ အရှေ့တောင်အာရှမှာတောင် တဖြည်းဖြည်း နောက်တန်းရောက်လာတဲ့ မြန်မာ့အားကစားကြောင့် ကိုယ့်အထုပ် ကိုယ်ဖြည်ပြသလို ဖြစ်တော့မှာပါပဲ။ အခု တရုတ်အမျိုးသား စာကြည့်တိုက်သတင်းကို ကြည့်ပြီး သတိရမိလိုက်တာက လွန်ခဲ့တဲ့တစ်နှစ်လောက်က ( ခန့်မှန်းပြီး ပြောတာပါ ) သတင်းစာမှာ ဖတ်လိုက်ရတဲ့ ကြော်ငြာတစ်ခုကိုပါ။ တာမွေနားက အမျိုးသားစာကြည့်တိုက်ကြီးကို လေလံပစ်တဲ့ ကြော်ငြာကို ဖတ်ပြီးပြီးချင်း ကျွန်မ တော်တော် အံ့သြသွားမိပါတယ်။ ဘာအကြောင်းကြောင့် လေလံပစ်တယ်ဆိုတာ မသိပေမယ့် ငါတို့နိုင်ငံ ဒီလောက်တောင်ပဲ ဆင်းရဲနေပြီလားလို့ စိတ်မကောင်းလဲ ဖြစ်မိပါတယ်။ ဆင်းရဲတယ်ပြောရအောင်လဲ မလိုအပ်တဲ့ နေရာတွေမှာ အကုန်ခံနေကြတာ မြင်ရတော့ ဒေါသထွက်မိပြန်ရော။
တကယ်ဆို စာပေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို ဖော်ပြတဲ့အရာပါ။ စာပေအဆင့်အတန်း နိမ့်ကျတဲ့နိုင်ငံဟာ အတွေးအခေါ် အယူအဆမှာပါ နိမ့်ကျနေမှာ သေချာပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံက ရှေးအစဉ်အဆက်ကတည်းက စာဆိုပညာရှိတွေ ပေါများခဲ့ပါတယ်။ ခေတ်အဆက်ဆက်မှာလဲ သခင်ကိုယ်တော်မှိုင်းတို့လို ခေတ်ကို ထင်ဟပ်ရေးဖွဲ့ပြတတ်တဲ့ စာပေပညာရှင်တွေ၊ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့လို ကဗျာဆရာကြီးတွေ အထင်ကရ ရှိခဲ့ပါတယ်။ အခုလက်ရှိမှာလဲ အတွေးအခေါ်ကောင်းကောင်းနဲ့ သုတ ရသ စာပေတွေ ရေးဖွဲ့နေကြတဲ့ စာရေးဆရာတွေ အများကြီးပါပဲ။ ပြောရရင် ကျွန်မတို့ရဲ့ မြန်မာစာပေ အဆင့်အတန်းက မနိမ့်ကျပါဘူး။ ဒီလို အစဉ်အလာနဲ့ စာပေအဆင့်အတန်း မြင့်မားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံမှာ အမျိုးသားစာကြည့်တိုက်ဆိုတာ ရှိကိုရှိသင့်ပါတယ်။
တရုတ်နိုင်ငံက အမျိုးသားစာကြည့်တိုက်ကတော့ အီလက်ထရောနစ် စနစ်တွေ၊ Laptop ကွန်ပျူတာတွေနဲ့ တကယ့်ကို အဆင့်အတန်း မြင့်လှပါတယ်။ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး စာကြည့်တိုက်ဆိုတော့လဲ အားလုံးက ကမ္ဘာ့အဆင့်မီပါပဲ။ ကျွန်မတို့နိုင်ငံကတော့ တိုးတက်ဖွံ့ဖြိုးမှုအပိုင်းမှာ အားနည်းတဲ့အတွက် အဲဒီလောက်ကြီး မမှန်းရဲပါဘူး။ ကိုယ့်နိုင်ငံက လူငယ်တွေ၊ စာပေ လေ့လာလိုက်စားချင်တဲ့ သူတွေအတွက် အားထားစရာ ဗဟုသုတ ဘဏ်တိုက်ကြီးတစ်ခုအဖြစ် ရှိနေတယ်ဆိုရင်ပဲ ကျေနပ်စရာပါ။ နယ်တွေမှာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်လေးတွေ ဖွင့်နေကြတဲ့ သတင်းတွေကတော့ မကြာခဏ ဖတ်ရပါတယ်။ စေတနာရှင်တွေ စာအုပ်စာတမ်း လှူကြတာလဲ ၀မ်းသာစရာပါပဲ။ ကျွန်မကိုယ်တိုင်လဲ လက်လှမ်းမီသလောက် စာကြည့်တိုက်လေးတွေမှာ စာအုပ်တွေ လှူခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုး ဆိုတာထက် လိုအပ်ချက်တွေကို သက်ဆိုင်ရာက ပံ့ပိုးပေးပြီး မဖွံ့ဖြိုးသေးတဲ့ ဒေသကလူတွေကို စာပေအသိ ပေးသင့်ပါတယ်။
ကျွန်မအမေ ပြောပြလို့ သူတို့တက္ကသိုလ်တက်တုန်းက ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဆိုတာ ဘယ်လိုဆိုတာကို သိခဲ့ရပါတယ်။ ကျွန်မကိုယ်တိုင်လဲ အရင်က စာရေးဆရာတွေရေးတဲ့ စာအုပ်တွေကနေတဆင့် တက္ကသိုလ်စာကြည့်တိုက်ကို ရင်းနှီးနေခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် တက္ကသိုလ်ကျောင်းသူ ဖြစ်လာတဲ့အချိန်မှာတော့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က စာကြည့်တိုက်မှာ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေကလွဲလို့ ကျန်တဲ့ ပြင်ပဗဟုသုတရစရာ ဘာစာအုပ်မှ မရှိတာ တွေ့ရပါတယ်။ တက္ကသိုလ်ဆိုတာ ကျောင်းသားကျောင်းသူတွေကို နား မျက်စိဖွင့်ပေးတဲ့ နေရာတစ်ခု ဖြစ်ရမယ့်အစား ဘောင်တစ်ခုအောက်မှာ ရှိနေတာကြောင့် တက္ကသိုလ်စာကြည့်တိုက်ဆိုတာလဲ ကျောင်းစာကလွဲလို့ ဘာမှ လေ့လာလို့မရတဲ့ နေရာတစ်ခုအဖြစ် ရောက်သွားတာ တကယ်နှမြောစရာပါပဲ။
ကျွန်မကတော့ အခုအချိန်ထိ နိုင်ငံတကာသတင်းမှာ ကြည့်လိုက်ရတဲ့ အမျိုးသားစာကြည့်တိုက်ကြီးကို မျက်စိထဲကနေ ဖျောက်လို့မရသေးပါဘူး။ တရုတ်နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေထဲမှာ ကျွန်မအားအကျဆုံးက ကမ္ဘာမှာ တတိယအကြီးဆုံးဆိုတဲ့ တရုတ်အမျိုးသားစာကြည့်တိုက်ကြီးကိုပါပဲ။ ကျွန်မတို့နိုင်ငံမှာရော ဘယ်တော့များမှ အဲဒီလို ဖြစ်လာမှာလဲ … နောက်လာမယ့် ဆယ်နှစ် … အနှစ် ၂၀ … မဖြစ်နိုင်တော့ပါဘူး။ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားစာကြည့်တိုက်ဆိုတာ ဘယ်သူ့လက်ထဲ ရောက်နေပြီလဲ … ကျွန်မ မတွေးချင်တော့ပါဘူး။ အဲဒီ မတွေးချင်ဘူးဆိုတာကပဲ ကျွန်မတွေးမိတဲ့ အကြောင်းလေးတွေ ဖြစ်သွားပါပြီ။ ဒီပို့စ်လေးကို ဖတ်မိတဲ့ထဲက တချို့သူတွေလဲ ကျွန်မလို အတွေးမျိုး၊ အားကျမှုမျိုး ရှိဖူးကြမယ် ထင်ပါရဲ့နော်...။
စိတ်ပန်းချီ
ကျွန်မ လူ့လောကကြီးထဲကို ရောက်လာတာ ၂၆ နှစ်ကျော်ခဲ့ပါပြီ။ ကလေးဘ၀တုန်းက ကိုယ်နဲ့ လက်ပွန်းတတီး နေခဲ့တာက ကိုယ်ရဲ့မိသားစုလေးပါ။ ကျောင်းနေတဲ့အရွယ်ရောက်တော့ ဆရာ၊ ဆရာမတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဆုံတွေ့ခင်မင်ခဲ့ရတယ်။ ပြောရရင် မိသားစုဆိုတဲ့ ဘောင်အတွင်းကနေ လူစိမ်းတွေနဲ့ ဆက်ဆံရတဲ့ ပတ်ဝန်းကျင်အသစ်ထဲကို တိုးဝင်ခဲ့ရပါတယ်။ မူလတန်းကျောင်းသူဘ၀မှာ ကိုယ့်မိသားစုလောက် မနွေးထွေးပေမယ့် သဘောကောင်းတဲ့ ဆရာမတွေနဲ့ ခင်စရာကောင်းတဲ့ သူငယ်ချင်းလေးတွေ ရှိတဲ့ တစိမ်းတွေရဲ့အလယ်မှာ ကျွန်မစိတ်တွေ ငြိမ်းချမ်းပျော်ရွှင်ခဲ့ပါတယ်။ အရောင်အဆင်း မစွန်းထင်းသေးတဲ့ ဖြူလွလွ စိတ်ကလေးတစ်ခုကို ပိုင်ဆိုင်ထားခဲ့တဲ့ ကလေးဘ၀ အချိန်လေးတွေဟာ ဘာနဲ့မှ ပြန်လည် လဲလှယ်ယူလို့ မရနိုင်တော့ဘူးဆိုတာကို အသက်ကြီးလာလေ ပိုသိလာလေပါပဲ။
တဖြည်းဖြည်း မူလတန်းကနေ အလယ်တန်း၊ အဲဒီကနေ အထက်တန်းကျောင်းသူဘ၀ ရောက်လာတဲ့အချိန်မှာတော့ ကျွန်မပတ်ဝန်းကျင်မှာ ငယ်ငယ်ကလို အဖြူရောင်သက်သက် မင်းမူထားတာမျိုး မဟုတ်တော့ပါဘူး။ သူငယ်တန်းကတည်းက ခင်လာခဲ့တဲ့ ငယ်သူငယ်ချင်းတစ်ယောက်က ကျွန်မကို ပြိုင်ဘက်တစ်ယောက်လို သဘောထားပြီး စိမ်းကားအေးစက်သွားတဲ့အချိန်မှာ ကျွန်မ ယူကြုံးမရ ဖြစ်ခဲ့ရပါတယ်။
ဆရာတွေရဲ့ ဆက်ဆံရေးအပိုင်းမှာလဲ တချို့က မူလတန်းက ဆရာမတွေလို နွေးထွေးပေမယ့် တချို့နေရာတွေမှာတော့ နောက်ခံအသိုင်းအ၀ိုင်းရဲ့ ငွေကြေးအင်အား၊ ရာထူးရာခံ အနေအထားတွေပေါ် မူတည်ပြီး ခွဲခြားဆက်ဆံတာမျိုးတွေ ကြုံတွေ့လာခဲ့ရပါတယ်။ သာမန် ၀န်ထမ်းမိသားစုကနေ မွေးဖွားကြီးပြင်းလာတဲ့ ကျွန်မအတွက် ဥာဏ်ချင်းယှဉ်နိုင်ပေမယ့် ကံချင်းမယှဉ်နိုင်တဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်လာတဲ့အခါမှာတော့ အဖြူရောင် စိတ်ပန်းချီမှာ ဒဏ်ရာဆေးချက်တချို့ စွန်းထင်းလာခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသူဘ၀ရောက်တော့ state ကျောင်းနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်သာလောက်အောင် ကျယ်ပြန့်တဲ့ ဆေးရောင်စုံ ပတ်ဝန်းကျင်မှာ ကျွန်မဟာ မှိန်ဖျော့တဲ့ အစက်အပြောက်လေးတစ်ခုအဖြစ် သက်ဝင်လှုပ်ရှားခဲ့ပါတယ်။ ငွေကိုရေလို သုံးနိုင်ကြတဲ့ တက္ကသိုလ်ကျောင်းသူ အများစုကို အားမကျခဲ့ပေမယ့် လူ့ဘ၀ရဲ့ လူတန်းစားအလွှာ ကွာခြားပုံကို တွေးတတ်လာခဲ့ပါပြီ။ ဒါပေမယ့် တက္ကသိုလ် ပထမနှစ်မှာပဲ ကျွန်မအတွက် ငယ်သူငယ်ချင်းတွေထက် ပိုကောင်းတဲ့၊ အပြန်အလှန် နားလည်ပြီး ယုံကြည်စိတ်ချစွာ တိုင်ပင်ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်းမလေးတစ်ယောက်နဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်။ လူတွေ အများကြီးထဲကနေ စိတ်တူကိုယ်တူ သူငယ်ချင်းလေးတစ်ယောက် ရခဲ့တဲ့အတွက် ကျွန်မ ကံကောင်းတယ်လို့ ပြောရပါမယ်။
ဒီလိုနဲ့ ကျောင်းပြီးလို့ လုပ်ငန်းခွင်ရောက်လာတဲ့အချိန်မှာ ကျွန်မဟာ လူပေါင်းစုံနဲ့ ပြောဆိုဆက်ဆံလာရပါတယ်။ လူပေါင်းစုံဆိုတဲ့အလျောက် စိတ်တွေကလဲ အရောင်စုံပါပဲ။ ဆိုင်ရဲ့ဝန်ဆောင်မှု မညံ့ဖျင်းရအောင် ဘယ်လိုစိတ်မျိုးနဲ့ ကိုယ့်ကို ပြောဆိုဆက်ဆံသည် ဖြစ်စေ၊ အရောင်ချွတ်ထားတဲ့စိတ်နဲ့ အပြုံးမပျက် ပြန်လည်တုံ့ပြန်တတ်အောင် လေ့ကျင့်ထားရင်း မသိစိတ်ရဲ့ တစ်နေရာမှာ ဆေးသားတွေရောစပ်၊ ချုပ်ရိုးတွေ အထပ်ထပ် ဖြစ်လာခဲ့ပါတယ်။ စိတ်ကြောင့်ဖြစ်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို စိတ်နဲ့ပဲ ပြန်လည်ကုစားရမယ်ဆိုတဲ့ အသိနဲ့ ပုတီးစိပ် တရားထိုင်ဖြစ်တဲ့ အချိန်မှာတော့ စိတ်ရဲ့အေးငြိမ်းမှုကို ခံစားမိပါရဲ့။ ဒါပေမယ့်လဲ လူတွေကြားထဲမှာ ပြန်လည်လှုပ်ရှားရတဲ့ အချိန်မှာ ခံစားချက်အဟောင်းတွေက ပြန်ပေါ်လာစမြဲပါပဲ။
လူတွေရဲ့စိတ်ကို နားလည်အောင် ကြိုးစားရင်း တခါတလေကျပြန်တော့လဲ ကိုယ့်စိတ်ကိုယ်တောင် နားမလည်နိုင်အောင် ဖြစ်မိပါတယ်။ မနက်မိုးလင်းတိုင်း ဒီနေ့ အကောင်းဆုံးဖြစ်အောင် နေထိုင်ပြုမူမယ်ဆိုတဲ့ အတွေးနဲ့ နိုးထလာပြီးမှ ဒေါသတွေ၊ အတ္တတွေနဲ့ စိတ်ကို အပူလောင်စေပြီး တစ်နေ့တာ ကုန်ဆုံးသွားတဲ့အချိန်မှာ ရလိုက်တာက နောင်တတွေပါပဲ။ ကိုယ့်စိတ်ကို ကိုယ်တိုင်တောင် နားမလည်နိုင်မှတော့ မိသားစုနဲ့ အပြင်လူတွေ ကိုယ့်ကိုနားမလည်ကြတာ အဆန်းတော့ မဟုတ်ပါဘူးး။ လူ့စိတ်ဆိုတာကလဲ နားလည်ရ အင်မတန်ခက်ပါတယ်။
အဲဒီ နားလည်ရခက်တဲ့စိတ်နဲ့ လူတစ်ယောက်ကို မထင်မှတ်ဘဲ ချစ်မိသွားတဲ့အချိန်မှာတော့ ကျွန်မကိုယ်ကျွန်မ အံ့သြလို့ မဆုံးနိုင်အောင် ဖြစ်မိပါတယ်။ ကြုံဖူးသမျှ စိတ်ခံစားမှုတွေထဲမှာ သူ့ကိုချစ်လို့ ဖြစ်ပေါ်လာတဲ့ ခံစားမှုက အင်မတန် နူးညံ့သိမ်မွေ့လှပါတယ်။ ဒီလိုခံစားမှုလေးပေးတဲ့ ချစ်သူကိုလဲ ကျွန်မ ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်ပေမယ့် သူ့ကြောင့် ခံစားတတ်လာတဲ့ သိမ်မွေ့တဲ့ ချစ်ခြင်းတစ်ခုကတော့ သေသည်အထိ ကျွန်မစိတ်ထဲမှာ စွဲမြဲထင်ကျန်နေမှာ သေချာပါတယ်။
သူ့ဆီကနေလဲ အများကြီး မျှော်လင့်မထားပါဘူး။ ဆေးသားရောင်စုံ ရောယှက်နေတဲ့ စိတ်ပန်းချီကားချပ်ပေါ်မှာ စစ်မှန်ရိုးသားတဲ့ အချစ်ကို ကိုယ်စားပြုတဲ့ အပြာရောင်စုတ်ချက်လေးတစ်ချက် ဖြည့်စွက်ရေးဆွဲပေးမယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
ချစ်သူလက်နဲ့ ရေးခြစ်ပေးမယ့် အပြာရောင်စုတ်ချက်လေးကြောင့် စိတ်ထဲမှာ စွန်းထင်းနေတဲ့ ဒဏ်ရာဆေးသားတွေ မှေးမှိန်ဖျော့တော့သွားပြီး ကျွန်မရဲ့ စိတ်ပန်းချီကားချပ်လေးဟာ တိမ်ကင်းစင်တဲ့ မိုးကောင်းကင်ကြီးလို ပြာလွင်လှပလာမယ်ဆိုရင်ဖြင့် ကျန်တာတွေအားလုံးကို မေ့ပျောက်ထားနိုင်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ အခုအချိန်မှာတော့ ပြောင်းလဲတတ်တဲ့ လောကကြီးထဲမှာ တစ်ယောက်သောသူရဲ့စိတ်တွေ ပြောင်းလဲမသွားပါစေနဲ့လို့ ဆုတောင်းရုံကလွဲပြီး … ။
ချစ်သူ
ပန်းပွင့်ရှိမှ၊ ရနံ့ရတာ
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ
ငုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်
ရသည့်ခိုက်မှ၊ ထာဝရတည်
ကာလရှည်လျား၊ နှလုံးသားမှာ
စွဲမြဲစွာဖြင့်၊ ထုံနံ့ရီဝေ
ပျံ့ဆွတ်စေ၏
ချစ်သူသိလေ … ။
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ
မဟုတ်ပါကွယ်၊ ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက်၊ ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ၊ အကြည့်မှာမြင်
သူပဲထင်တယ်၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ၊ တွေ့နိုင်ပါ၏
ချစ်သူသိလေ … ။
အသံကြားမှ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ၊ မဟုတ်ပါလေ
စမ်းရေသံကြား၊ သူ့စကားရှိ
ငှက်၏တေးမှာ၊ သူ့သံသာတွေ
နှုတ်ခြွေစကား၊ နားမှာတီးတိုး
ဟိုး…အရင်လို၊ ရွှင်ချိုကြည်မြ
ကြားနေရ၏
ချစ်သူသိလေ … ။
ချစ်သူသိလေ
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ…
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော၊ ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ … ။
မောင်စိန်ဝင်း( ပုတီးကုန်း )
( `လွမ်းသူ့ရင်ကို ငြိမ်းပါလှည့်´ ၀တ္ထုမှ ကူးယူဖော်ပြပါသည်။ )
စိုးစိတ်
တစ်ချို့ကပြောတော့ အိပ်မက်
တစ်ချို့အတွက် မျှော်လင့်ချက်
တစ်ချို့ကျတော့ အနာဂတ်တဲ့…
ဘယ်လိုပဲ အသုံးအနှုန်းတွေကွဲပြားပါစေ
အားလုံးရင်ထဲမှာတော့
ဖြစ်ချင်တဲ့ဆန္ဒတွေ ကိုယ်စီနဲ့
ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက်
စိတ်ကူးပုံရိပ်တွေ ရှိကြတယ်
တစ်ချို့က အိပ်မက်ကို
ယုံကြည်ချက်နဲ့ ပုံဖော်ကြတယ်
တစ်ချို့က အရာရာကို စတေးပြီး
မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်လို့
ဘ၀ခရီးဆက်ကြတယ်
တစ်ချို့က နားလည်မှုတွေနဲ့
အပြန်အလှန်ဖေးမရင်း
အနာဂတ်ကို အတူထုဆစ်ကြတယ်
ငါကရော…
မှန်းမျှော်မိတဲ့ ဟိုး…ဝေးဝေးက နေ့ရက်တွေမှာ
အရာရာဟာ မှုန်ရီဝိုးတ၀ါးနဲ့…
ဖြစ်နိုင်မယ်ဆိုရင်လေ
မသေချာမရေရာတဲ့
အနာဂတ်ဆိုတာကို ကြောက်လို့
ဒီနေ့မှာပဲ သေဆုံးလိုက်ချင်တယ်
ပျော်ရွှင်မှုတွေကို သယ်ဆောင်သွားရင်းပေါ့…။
ကိုယ့်ရဲ့အမြင်လေးတွေ
အခုရက်ပိုင်း စာရေးပျင်းနေတဲ့ ကျွန်မကို ကိုဇူလိုင်က Tag ပါတယ်တဲ့။ စာမရေးဖြစ်တဲ့အချိန်ဆိုတော့ ရေးစရာအကြောင်းအရာ ရသွားတာပေါ့။ ဒါနဲ့ပဲ ဘာအကြောင်းများ Tag ပါလိမ့်ဆိုပြီး သွားဖတ်ကြည့်လိုက်တော့ ရေးရမယ့်ခေါင်းစဉ်က My recent viewpoint တဲ့။ မရေးခင် လိုက်ဖတ်ကြည့်ရင်း ငယ်ငယ်က သူငယ်ချင်းတွေ စာအုပ်လေးတွေပေးပြီး ရေးခိုင်းတဲ့ ရေးပေးပါ… ဆိုတာလေးကို သွားသတိရမိပါတယ်။ ငယ်ငယ်က ကလေးအတွေးနဲ့ ရေးပေးခဲ့တာနဲ့ အခုလက်ရှိအတွေးတွေ ဘယ်လောက်များ ကွာခြားနေမလဲလို့ ကိုယ့်စိတ်ကို ဆန်းစစ်ကြည့်ချင်တာနဲ့ စိတ်ဝင်တစား ရေးပေးလိုက်ပါတယ်။
လက်ရှိအချိန်မှာ ကျွန်မရဲ့ အမြင်နဲ့ ခံယူချက် သဘောထားလေးတွေက ဒီလိုပါ …
ကိုယ့်ရဲ့နာမည် - ဆုဝေ။
ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ဆုဝေလို့ပဲ ခေါ်ကြတာများတယ်။
ကိုယ်ဒီမှာနေတယ် - အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ အမိမြန်မာပြည်ကြီးမှာ ( သတင်းစာက စာသားတွေကို ယူသုံးမိပြီ :D )။
ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ဆိုင်ဖုန်းယူမလား၊ အိမ်ဖုန်းယူမလား ( ဆိုင်ဖုန်းက ခေါ်လို့မရဘူး … အိမ်ဖုန်းက မခေါ်ပေးဘူး :D )။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် - အပြာရောင် ( အ၀တ်များတာက အဖြူနဲ့ အနက် )
အ၀တ်အစားဆိုရင် - တီရှပ်နဲ့ စကပ်အရှည်။
အစားအစာဆိုရင် - ရှမ်းခေါက်ဆွဲ၊ ကော်ဖီ။
ပစ္စည်းဆိုရင် - စာအုပ် ( အဆင်တန်ဆာ အနေနဲ့ဆိုရင်တော့ နာရီလှလှလေးတွေကို သဘောကျတယ် )။
သီချင်းဆိုရင် - နောက်ဆုံးရထား( လေးဖြူ )၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာ( ထူးအိမ်သင် )၊ ချစ်သူ( မျိုးကျော့မြိုင် )။
စာရေးဆရာ - စာရေးဆရာကတော့ ရွေးဖို့ခက်တယ်၊ ကြိုက်တာများလို့။
စာအုပ် - နှစ်လောက ( ဆရာမောင်ထွန်းသူရဲ့ ဘာသာပြန်စာအုပ် )။
Life Style - အေးချမ်းတဲ့နေရာလေးတစ်ခုမှာ ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းချင်တယ်။
ကိုယ့်ရဲ့ဝါသနာ - စာဖတ်တာနဲ့ သီချင်းနားထောင်တာ။
အလိုချင်ဆုံးလက်ဆောင် - ခင်လို့ပေးရင် ဘာလက်ဆောင်လေးပဲဖြစ်ဖြစ် လိုချင်တယ်။
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ဖေဖေနဲ့ မေမေပြီးရင်တော့ သူ့ကို အချစ်ဆုံး…။
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဗိုလ်ချုပ်အောင်ဆန်း။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ဆုမွန်…တဲ့ ( ကျောင်းတုန်းက သူငယ်ချင်းဆိုတော့ သိကြမှာမဟုတ်ဘူးနော်…)။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ကိုယ်ကိုယ်တိုင်ပါပဲ။
ကိုယ့်ရဲ့ အမုန်းဆုံးက - ပုဂ္ဂိုလ်ရေးအရ မုန်းတဲ့သူ မရှိပါဘူး…ခံယူချက်အရ မုန်းတဲ့သူတွေတော့ ရှိတာပေါ့…။
ရင်အခုန်ဆုံးအချိန် - ကျောင်းတက်တုန်းကတော့ စာမေးပွဲမေးခွန်း ဖတ်နေတဲ့အချိန်၊ အခုတော့ ……..။
အကြောက်ဆုံးအချိန် - အကြောက်ဆုံးအချိန်ရယ်လို့ မရှိခဲ့ဖူးပါဘူး၊ လူများများရှေ့မှာ စကားထွက်ပြောခိုင်းရင်တော့ နည်းနည်းကြောက်မယ် ထင်တာပဲ :D )။
အပျော်ဆုံးအချိန် - မိသားစုနဲ့ နွေးနွေးထွေးထွေး နေရတဲ့အချိန်တိုင်း ပျော်တယ်။
အမှတ်တရနေ့ - စက်တင်ဘာလ ၂ ရက်။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမယ့်ဆု - မျှော်လင့်ထားတာလေးတွေ ဖြစ်လာခွင့်ပြုပါလို့…။
အချစ်ဆိုတာ - မထင်မှတ်ဘဲ ရင်ထဲကို ရောက်လာတဲ့အရာ။
အမုန်းဆိုတာ - ဘ၀မှာ မလိုချင်ဆုံးပဲ ( သူများကို မမုန်းချင်သလို သူများမုန်းတာလဲ မခံချင်ဘူး)။
အလွမ်းဆိုတာ - အချစ်နောက်မှာ ကပ်ပါလာတာ အလွမ်းပေါ့ ( မလိုချင်လို့လဲ မရ… )။
သံယောဇဉ်ဆိုတာ - ဖြတ်ဖို့ခက်တယ်။
ဘ၀ဆိုတာ - ကိုယ်မမျှော်မှန်းထားတဲ့ အလှည့်အပြောင်းတွေနဲ့ ဖွဲ့စည်းထားတာမျိုး။
သူငယ်ချင်းဆိုတာ - ခင်တွယ်စရာ လူသားလေးတွေ ( တခါတလေတော့လဲ အမြင်ကတ်တယ် :D )။
ချစ်သူဆိုတာ - ချစ်မိသွားတဲ့သူ။
ကိုယ့်ကိုယ်ကိုယ် ဒီလိုထင်တယ် - လောကကြီးအကြောင်း သိသလိုလိုနဲ့ ဘာမှမသိသေးတဲ့သူတစ်ယောက်။
ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်က - "မေတ္တာဆိုတာ အလျား အနံ မရှိပေမယ့် အသွားအပြန်ရှိတယ်"
အပြောချင်ဆုံး စကားတစ်ခွန်း - အကြောင်းအရာတစ်ခုခုနဲ့ ကြုံရတိုင်း "သူ့နေရာမှာ ကိုယ်သာဆိုရင်…"လို့ နည်းနည်းလေးဖြစ်ဖြစ် တွေးကြည့်ပေးကြပါ။
ရေးခိုင်းထားတာလေးတွေတော့ ကုန်သွားပါပြီ။ တချို့ကို ပျော်စေပြက်စေ ပေါ့ပေါ့ပါးပါး ဖြေထားပေမယ့် တချို့အမေးတွေကို တကယ့်ခံစားချက်နဲ့ အလေးအနက်ထားပြီး ဖြေထားတာပါ။ Tag Game ရဲ့ သဘောအရ လက်ဆင့်ကမ်းရတယ်ဆိုပေမယ့် ကျွန်မနဲ့ခင်တဲ့ အကို အမတွေ၊ သူငယ်ချင်းတွေက ဒီရက်ပိုင်းမှာ အလုပ်တွေများနေကြပါတယ်။ သူတို့ဘလော့မှာတောင် ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တာတွေ့ရတော့ နာမည်တပ်ပြီး Tag ရမှာ အားနာမိပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကို လာဖတ်ဖြစ်တဲ့သူတွေ စိတ်ဝင်စားတယ်ဆိုရင် ရေးပေးကြပါလို့ပဲ ပြောပါရစေတော့…။
နူးညံ့စွာ ကျဆုံးခြင်း
ငြိမ်သက်နေတဲ့ နှလုံးသားကန်ရေပြင်ပေါ်
ခဲလေးတစ်လုံး ဖွဖွလေးကျလာခဲ့တယ်
သံယောဇဉ်တဲ့… ဟင့်အင်း…
လှိုင်းမထပါရစေနဲ့… မလှုပ်ရှားပါရစေနဲ့…
အဲဒီသံယောဇဉ်ရဲ့နောက်ကွယ်မှာ
တွယ်ကပ်ပါလာမယ့်
အချစ်ဆိုတာကို မလိုချင်လို့ပါ…။
ချစ်မိရင် မျှော်လင့်မိမယ်
မျှော်လင့်မိရင် ခံစားရမယ်
မျှော်လင့်တိုင်း လွဲချော်တတ်လွန်းတဲ့
ကိုယ့်ရဲ့ကံအကျိုးပေးကြောင့်
ခံစားရမှာကို ကြောက်ပါတယ်…။
ဒါပေမယ့်လည်းလေ
ကြယ်ရောင်တွေပြိုးပြက်နေတဲ့
ကောင်းကင်ကြီးကို မော့ကြည့်ရင်း
ကိုယ့်နှုတ်ဖျားကနေ
နာမည်လေးတစ်ခုကို
တမ်းတမ်းတတ ရွတ်ဆိုမိတဲ့အချိန်မှာတော့
နားလည်လိုက်မိပါရဲ့
အချစ်ရဲ့ဖမ်းစားမှုအောက်မှာ
ကျဆုံးသွားပြီဆိုတာကိုပေါ့…။
( မထင်မှတ်ဘဲ ရင်ထဲကို ရောက်လာခဲ့တဲ့ တစ်ယောက်သောသူအတွက် ရည်ရွယ်ပြီး ဒီကဗျာလေးကို ပြန်တင်ပါတယ် )
အဖြေ
သိစိတ်နဲ့ မသိစိတ်ကြား
ခံစားချက်တွေ ထွေပြားစွာနဲ့
ညတွေက အိပ်စက်ခြင်းကို
ခိုးယူသွားခဲ့ပြီလေ…။
သေချာခြင်းတစ်ခုအတွက်
ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတော့
မရေမရာအတွေးများနဲ့
ရင်ခုန်သံစည်းချက်က
ကာရန်တွေလွဲမှားလျက်
တစ်ချိန်မှာ
ဝေဒနာတွေပေးသွားမလားရယ်လို့
အခါခါ အဖြေရှာစဉ်းစားရင်း
ငါဟာ…
အကြင်နာအကျဉ်းသားဖြစ်ခဲ့ရပြီ…။ ။
အဖြူရောင်ကြိုး
မိုးရာသီရဲ့ မိုးလေကင်းစင်နေတဲ့ ညတစ်ညက လှပလွန်းလှပါတယ်။ အနက်ရောင် ကောင်းကင်နောက်ခံမှာ အဖြူရောင်တိမ်တိုက်တချို့က လေနှင်ရာ ရွေ့လျားလို့…။ မိုးသားတွေ ဖုံးအုပ်ထားတဲ့ ညတွေမှာ ပုန်းလျိုးကွယ်လျိုး နေရရှာတဲ့ ကြယ်လေးတွေကလဲ ကောင်းကင်မှာ ပြိုးပြိုးပျက်ပျက် လင်းလက်နေကြလေရဲ့။ ပြတင်းပေါက်ကတဆင့် မြင်နေရတဲ့ ညရှုခင်းကို ခံစားရင်း ကျွန်မစိတ်တွေ မျော့လွင့်နေမိပါတယ်။ တစ်နေ့ကုန် အလုပ်ခွင်မှာ နှစ်မြှုပ်ထားရတဲ့ စိတ်ကို လွင့်ချင်ရာလွင့် လွတ်လပ်ခွင့် ပေးလိုက်တဲ့အချိန်မှာ အရင်ဆုံးရောက်သွားမိတာက သူ့ဆီကိုပါပဲ။ အခုလို သိပ်လှတဲ့ညမျိုးမှာ သူရော ဘာတွေလုပ်နေမလဲ… ညအလှကို ခံစားချိန်မှ ရပါ့မလား… ကျွန်မ သူ့ကို သတိရနေလိမ့်မယ်လို့ တွေးမိပါ့မလား…။
တကယ်ပါ… ဒီည ခါတိုင်းထက် သူ့ကိုပိုပြီး တမ်းတမ်းတတ သတိရနေမိပါတယ်။ လွမ်းတယ်ဆိုတဲ့ အသုံးအနှုန်းထက် သတိရတယ်ဆိုတာက ကျွန်မတို့နှစ်ဦးရဲ့ ပတ်သက်မှုအတွက် ပိုပြီးသင့်တော်လိမ့်မယ် ထင်ပါတယ်။ စကားလုံး သုံးနှုန်းမှုတစ်ခုကြောင့် ကျွန်မတို့ရဲ့ အဖြူရောင်သံယောဇဉ်ကို ညစ်နွမ်းသွားမှာမျိုး ကျွန်မ မလိုလားပါဘူး။ သူ ကျွန်မကို ရိုးသားပွင့်လင်းစွာ ခင်မင်သလို ကျွန်မကလဲ သူ့ကို ဖြူဖြူစင်စင် ခင်တွယ်မိပါတယ်။ သူနဲ့ပတ်သက်ပြီး မျှော်လင့်မိတယ်ဆိုရင်လဲ ကျွန်မရင်ထဲက မျှော်လင့်ချက်က သူနဲ့တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ဆုံတွေ့ခွင့် ရချင်မိတာ တစ်ခုတည်းပါပဲ။
လူတစ်ယောက်ရဲ့ ဘ၀မှာ ဘယ်သူနဲ့မှ မတူနိုင်တဲ့ သူတစ်ယောက်တော့ ( ဒီထက်ပိုချင်လဲ ပိုပါလိမ့်မယ် ) ရှိကြမှာပါပဲ။ တခြားသူတွေနဲ့ မတူတဲ့ သံယောဇဉ်မျိုး၊ ခင်မင်မှုမျိုးနဲ့ တစ်ဦးတစ်ယောက်ကို ခင်တွယ်ဖူးကြမှာပါ။ ကျွန်မလဲ ဒီလိုပါပဲ။ ကျွန်မ ပတ်ဝန်းကျင်မှာ ရှိနေတဲ့၊ ပြောဆိုဆက်သွယ်နေတဲ့ မိတ်ဆွေတွေ အများကြီးထဲကနေ သူ့တစ်ယောက်ကိုမှ ထူးထူးခြားခြား ပိုခင်သွားမိတာ ဘာကြောင့်လဲလို့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြန်မေးမိပါတယ်။ ဖြစ်နိုင်တာကတော့ သူ့ရဲ့ ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြောဆိုတတ်မှုကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ အွန်လိုင်းပေါ်မှာ သူနဲ့ စကားစပြောဖြစ်တဲ့နေ့က သူ့ဆီကနေ ပထမဆုံး ကြားရတဲ့ စကားက `ကျွန်တော် …………….. ပါ´တဲ့။ နောက်ပြီး သူနေခဲ့တဲ့ နေရပ်ကိုပါ တခါတည်း ပြောပြပြီး မိတ်ဆက်ခဲ့တာပါ။
သူနဲ့စကားမပြောဖြစ်ခင်ကတည်းက ကျွန်မ သူ့ကို သိနေခဲ့ပေမယ့် ဒီလောက်ထိ ပွင့်လင်းလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ အွန်လိုင်းမှာ စတွေ့တွေ့ချင်း နာမည်ရင်းနဲ့ ပြောပြမိတ်ဆက်တာမျိုးက ရှားပါတယ်။ အဲဒီ ပွင့်လင်းမှုတစ်ခုကြောင့်ပဲ ကျွန်မစိတ်ထဲမှာ သူ့ကို မှတ်မှတ်ရရ ဖြစ်သွားခဲ့ပါတယ်။ အဲဒီနေ့က သူနဲ့ကျွန်မ စကားသိပ်များများ မပြောဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူပြောခဲ့တဲ့ အကြောင်းအရာတွေကို ယုံကြည်သွားမိတာက ကျွန်မတို့ရဲ့ ခင်မင်ခြင်းအစပါပဲ။ နောက်ရက်တွေမှာလဲ သူ့အကြောင်း ကိုယ့်အကြောင်း ဆက်စပ်မိသမျှ ပြောဆိုကြရင်း တကယ့်မိတ်ဆွေရင်းတွေလို ခင်မင်ခဲ့ကြပါတယ်။ အပြန်အလှန် နားလည်မှုတွေနဲ့ တူညီတဲ့ ၀ါသနာတွေကြောင့် တခြားသူတွေထက် နောက်ကျပြီးမှ ခင်ခဲ့ရပေမယ့် ကျွန်မနဲ့သူ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အားလပ်ချိန်ချင်း ညှိယူလို့ မရတဲ့ ကျွန်မတို့နှစ်ယောက်အတွက် တွေ့ခွင့်ရသမျှ အချိန်တိုင်း ပြောစရာစကားတွေက မကုန်နိုင်ခဲ့ပါဘူး။ စာအကြောင်း၊ ကဗျာအကြောင်းတွေ ဆွေးနွေးခဲ့ကြသလို ရေးဖြစ်တဲ့ ကဗျာလေးတွေကိုလဲ တစ်ယောက်တစ်လှည့် ပေးဖတ်ရင်း ခံစားချက်တွေ ဖလှယ်ခဲ့ကြပါတယ်။ ကျွန်မ စိတ်ညစ်နေတဲ့အချိန် သူ့ဆီမှာ ယုံယုံကြည်ကြည် ရင်ဖွင့်ပြောပြတော့ သီချင်းလေးတစ်ပုဒ်နဲ့ အဝေးကနေ ကျွန်မကို လှမ်းပြီး နှစ်သိမ့်ပေးခဲ့ဖူးတာ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အဲဒီလိုပဲ အချိန်တိုလေးအတွင်းမှာ ကျွန်မကိုပေးခဲ့တဲ့ သူ့ရဲ့ယုံကြည်မှုတွေအတွက်လဲ ပြောမပြတတ်တဲ့ ကြည်နူးပီတိဖြစ်မှုကို ခံစားခဲ့ရပါတယ်။
အခုဆို သူနဲ့မတွေ့ရတဲ့ရက်တွေ တော်တော်ကို များနေခဲ့ပါပြီ။ အွန်လိုင်းတက်တဲ့အချိန်တိုင်း သူ့နာမည်ဘေးမှာ အစိမ်းရောင်သင်္ကေတလေး ဘယ်တော့များ ပေါ်လာမလဲလို့ စောင့်နေမိတဲ့ရက်တွေလဲ မနည်းတော့ပါဘူး။ ကျွန်မ သူ့ကိုမျှော်နေမယ်ဆိုတာ သူလဲ သိမှာပါ။ အလုပ်တာဝန်တဲ့ များပြားလှတဲ့သူ့အတွက် အွန်လိုင်းမသုံးဖြစ်ပေမယ့်လဲ ကျွန်မကို သတိနေလိမ့်မယ်လို့ ယုံပါတယ်။ သူပြန်ရောက်လာတဲ့တစ်နေ့မှာ ကျွန်မတို့နှစ်ယောက် အရင်လို စကားတွေ ပြန်ပြောဖြစ်ကြဦးမှာ သေချာပါတယ်။
ကျွန်မက မတွေ့ဖြစ်တဲ့ရက်တွေမှာ ကျွန်မ ဖတ်ထားတဲ့ စာအုပ်တွေအကြောင်း၊ ကျွန်မရဲ့ သူငယ်ချင်းအသစ်တွေအကြောင်းနဲ့ ကျွန်မ သူ့ကို ဘယ်လောက်သတိရနေတယ်ဆိုတဲ့အကြောင်း ပြောမယ်။ သူပြောပြတဲ့ သူ့အလုပ်အကြောင်း၊ ကဗျာတွေအကြောင်း၊ နောက်ပြီး သူသိပ်ချစ်ရတဲ့ ချစ်သူလေးရဲ့အကြောင်းတွေလဲ နားထောင်ပေးမယ်။ ဒါဆိုရင် ကျွန်မရဲ့ နေ့ရက်လေးတွေ ပြည့်စုံပြီး အဓိပ္ပါယ်ရှိသွားပါပြီ။ ဒီထက် ဘာမှပိုပြီး မလိုချင်ပါဘူး။
သူနဲ့ကျွန်မကြားထဲမှာ ချည်နှောင်မှုတစ်ခု ရှိခဲ့တယ်ဆိုရင်လဲ သံယောဇဉ်ဆိုတဲ့ ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ထားတာမျိုးပါ။ အဲဒီ အရောင်အဆင်းကင်းတဲ့ အဖြူရောင်ကြိုးလေးရဲ့ တင်းတင်းရစ်ဖွဲ့ထားမှုကို ကျေနပ်စွာ ခံယူရင်း သူပြန်ရောက်လာမယ့် နေ့တစ်နေ့ကို စောင့်မျှော်နေပါတယ်။ ဒီညတော့ အဖြူရောင်ကြိုးရဲ့ အစွန်းတစ်ဖက်ကနေ အဝေးတစ်နေရာက သူ့ကို ကျွန်မ ရိုးသားစွာ သတိရတမ်းတပါရစေ...။
တစ်နှစ်ပြည့် ကျေးဇူးမှတ်တမ်း
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၈ ရက်…အဲဒီနေ့ဟာ ကျွန်မရဲ့ အတွေးရပ်ဝန်းလေး သက်ဝင်လှုပ်ရှားလာတဲ့နေ့ပေါ့…အခုဆို တစ်နှစ်ပြည့်ပါတော့မယ်။ လာမယ့် ဘလော့လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ ထူးထူးခြားခြားဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မ စဉ်းစားလို့ မရပါဘူး။ ဒီတစ်နှစ်အတွင်းမှာ ကျွန်မဆီ လာလည်ကြတဲ့သူတွေကိုလဲ စာတွေ ကဗျာတွေကလွဲပြီး တခြား စိတ်ဝင်စားစရာတွေ မပေးနိုင်ခဲ့တဲ့အတွက် အားနာမိပါတယ်။ အဲဒါကြောင့် အင်မတန်မှ ရိုးရှင်းလှတဲ့ ကျွန်မရဲ့ ဘလော့လေးကို မငြီးမငွေ့ လာရောက်အားပေးကြတဲ့ သူငယ်ချင်းတွေနဲ့ ဘလော့နဲ့ပတ်သက်ပြီး ကျေးဇူးတင်ရမယ့် ကျွန်မရဲ့ အကို အမတွေကို ဒီပို့စ်လေးနဲ့ အမှတ်တရ စကားလေးတွေ ပြောချင်ပါတယ်။
ဘလော့အကြောင်း ပြောလိုက်တာနဲ့ ကျွန်မ ပထမဆုံး သတိရမိတဲ့သူက အကိုနေဘုန်းလတ် ကိုပါပဲ။ သူ့ရဲ့ လွတ်ကျခဲ့တဲ့မြို့တော်ထဲကို ရောက်သွားတဲ့အချိန်ကစပြီး ဘလော့ဆိုတာနဲ့ စတင်ရင်းနှီးခဲ့တာပါ။ အဲဒီကမှတဆင့် သံလွင်အယ်ဒီတာတွေဖြစ်တဲ့ ကိုဇင်ကိုလတ်နဲ့ ကိုညီညီတို့ဆီ ရောက်ဖြစ်ခဲ့တယ်။ သူတို့ရဲ့ လင့်ခ်တွေကနေ လက်လှမ်းမီသမျှ ဘလော့တွေကို လိုက်ဖတ်ခဲ့ပါတယ်။
စာဖတ်နာတဲ့သူတစ်ယောက်ဟာ စာတွေ အဖတ်များလာတာနဲ့အမျှ စာရေးချင်စိတ် ပေါ်လာတတ်ပါတယ်။ အဲဒီလိုပဲ တစ်နေ့တစ်နေ့ အင်တာနက်ပေါ်မှာ ဘလော့တွေ လိုက်ဖတ်နေတဲ့ ကျွန်မလဲ ဘလော့ရေးချင်စိတ် ပေါ်လာမိတော့တာပေါ့။ ကျွန်မဘလော့ရေးမယ် ဆိုတဲ့အကြောင်း ကိုနေဘုန်းလတ်ကို ပြောပြတော့ သူက ရေရှည်မလုပ်နိုင်ရင် မလုပ်နဲ့ဆိုတဲ့ သဘောမျိုး ပြန်ပြောပါတယ်။ ဘလော့ရေးတာကို အပျော်သဘောမျိုး မလုပ်စေချင်တဲ့ သူ့ရဲ့စေတနာကို နားလည်တာကြောင့် တတ်နိုင်သမျှ ကြိုးစားပြီး စာတွေရေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဘလော့စရေးဖြစ်ခဲ့ပါတယ်။ အခုလို ကျွန်မဘလော့လေးရဲ့ သက်တမ်း တစ်နှစ်ပြည့်ပြီ ဆိုတာကို အကိုသိရင် ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။
စာရေးချင်တဲ့ ကျွန်မအတွက် စာရေးဖို့နေရာလေးတစ်ခုကို မအားလပ်တဲ့ကြားကနေ ဖန်တီးပုံဖော်ပေးခဲ့သူကတော့ မမမွန်းသက်ပန် (မဇင်) ပါ။ ပို့စ်တွေတင်ဖို့ကလွဲပြီး ဘာမှလုပ်စရာမလိုအောင် ပြည့်စုံလှပနေတဲ့ ဘလော့လေးတစ်ခု လက်ဆောင်ပေးခဲ့တဲ့အတွက် အစ်မကို အရမ်းကျေးဇူးတင်မိပါတယ်။ သူစိတ်တိုင်းကျ ဖန်တီးပေးခဲ့တဲ့ အတွေးရပ်ဝန်းလေးရဲ့ အပြင်အဆင်ကိုလဲ ကျွန်မပြောင်းလဲပစ်ဖို့ စိတ်မကူးပါဘူး။ အစွဲအလမ်းကြီးတယ်လို့ပဲ ပြောရမလား… အတွေးရပ်ဝန်းကို တခြားအသွင်တစ်မျိုးနဲ့ မြင်ကြည့်လိုက်ရင် ကိုယ်နဲ့စိမ်းသွားသလို ခံစားရလို့ပါ။
ကျွန်မဘလော့တွေ လိုက်ဖတ်ခါစမှာပဲ ရောက်သွားခဲ့တဲ့ နေရာလေးတစ်ခု … အခုထိလဲ မအားတဲ့ကြားကနေ အချိန်လုပြီး စာတွေ သွားသွားဖတ်နေကျ နေရာလေး … အဲဒါကတော့ 'ဟိုး ... ရှေ့မှာ ပန်းတိုင်ရှိတယ်' ဆိုတဲ့ အပြာရောင်နောက်ခံနဲ့ အကိုစေးထူး ရဲ့ ဘလော့ပါ။ မှတ်မှတ်ရရ ကျွန်မဘလော့ကို ကိုစေးထူး လာတဲ့အချိန်မှာ 'ဆက်ဖတ်ရန်' ဆိုတဲ့ နေရာကို နှိပ်လိုက်ရင်လဲ အောက်မှာ ဘာမှဆက်မပေါ်လာပါဘူး။ ရေကန်အသင့် ကြာအသင့်မှာတောင် ပို့စ်ကို အဆင်ပြေအောင် မတင်တတ်တဲ့ ကျွန်မရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ ဆိုပါတော့။ ဒါပေမယ့် ပို့စ်တစ်ခုချင်းစီရဲ့ ခေါင်းစဉ်ပေါ်မှာ ကလစ်လုပ်ပြီး ဖတ်သွားပါတယ် ဆိုတာကြောင့် ကျွန်မ ပျော်ခဲ့ရပါတယ်။ ဘလော့လောကထဲ ရောက်လာခါစ လူသစ်တစ်ယောက်အနေနဲ့ နွေးထွေးစွာ လက်ကမ်းကြိုဆိုခြင်း ခံလိုက်ရတဲ့အတွက်လဲ စိတ်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာခဲ့ရပါတယ်။
ကျွန်မ စာမရေးဖြစ်တဲ့ အချိန်တွေမှာ စာရေးချင်စိတ်ပေါ်လာအောင် ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးပြနေတတ်တဲ့၊ စာရေးဖို့ကို စတင်တိုက်တွန်းခဲ့တဲ့ ကျွန်မရဲ့သူငယ်ချင်း ကိုမိုးလှိုင်ည ကိုလဲ ကျေးဇူးတင်ဖို့ မေ့လို့မဖြစ်ပါဘူး။ နှစ်ချို့ကော်ဖီတစ်ခွက်ကို သောက်လိုက်တိုင်း ကျွန်မရဲ့အတွေးတွေ လန်းဆန်းသွားတတ်မြဲပါပဲ။ ဘလော့နဲ့ပတ်သက်လို့ မလုပ်တတ် မကိုင်တတ် ဖြစ်နေတာကို မေးမြန်းအကူအညီတောင်းရင်း စတင်ရင်းနှီးခဲ့ရပြီး ခင်ဖို့ကောင်းတဲ့ ကိုပီကေကြီး ကလဲ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါ။ ဒီနေ့ထိလဲ တစ်ခုခု သိချင်တာရှိရင် မေးနေရတုန်းပါပဲ။
ကျွန်မစာရေးဖြစ်ရင် ရေးထားတဲ့ စာတွေကဗျာတွေမှာ ကော်မန့်ပေးတတ်ပြီး စာမရေးဖြစ်တဲ့ အချိန်တွေမှာတော့ ဆီပုံးမှာ နှုတ်ဆက်စကားလေး တစ်ခွန်းလောက်ပဲဖြစ်ဖြစ် ၀င်အော်သွားတတ်ကြတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးတင်ပါတယ်။ ဘလော့ကနေတဆင့် ရခဲ့တဲ့ သူငယ်ချင်းတွေရဲ့ ခင်မင်မှုဟာလဲ ကျွန်မအတွက် ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။
အခြေအနေပေးသရွေ့ ကျွန်မရဲ့ဘလော့လေးမှာ စာတွေဆက်ရေးသွားမှာပါ။ တကယ်လို့များ တစ်ချိန်ချိန်မှာ အတွေးရပ်ဝန်းလေးကို ကျောခိုင်းခဲ့ရရင်လဲ ဒီကနေ နွေးထွေးတဲ့ ခင်မင်မှုတွေ၊ ဖြူစင်တဲ့ သံယောဇဉ်တွေ ရခဲ့ဖူးတယ်ဆိုတာကို ကျွန်မတသက်လုံး အမှတ်တရ ဖြစ်နေတော့မှာ သေချာပါတယ်။
( ကွန်နက်ရှင်ကို စိတ်မချလို့ ဒီပို့စ်ကို ကြိုပြီး တင်လိုက်တာပါ။ )
ရင်ခြွေမိုး
ဆူးတွေက အထပ်ထပ်စိုက်
နှလုံးသားက နွမ်းဖတ်လှပြီ
စကားတွေက မညီညာခဲ့
ချစ်တယ်ဆိုတာ မှန်ပါ့မလား…ရယ်…
ရင်ခွင်တခုလုံး ထစ်ချုန်းနေခဲ့
အထပ်ထပ်ပြိုတော့မယ့်မိုးလို
ငါ့ရင်တခုလုံး ညှို့ဆိုင်းအုံ့မှိုင်းနေခဲ့
ဘယ်ချိန်ရွာချမယ်မှန်းမသိလိုက်ခင်
ငါ့ရင်ကို မုန်တိုင်းလိုခြွေခဲ့တယ်…။
မိုးချစ်သူ
ကဗျာတွေပဲ ချမ်းသာတယ်လို့ ပြောဖူးတဲ့ သူငယ်ချင်းမလေးပေးတဲ့ ကဗျာလက်ဆောင်ပါ။ တခါတလေကျရင် ကဗျာတစ်ပုဒ် စာတစ်ပုဒ်ဟာ ကိုယ်တိုင်မရေးဖွဲ့ပေမယ့် ကိုယ့်ရင်ထဲက ခံစားချက်တွေနဲ့ ထပ်တူထပ်မျှ ဖြစ်နေတတ်ပါတယ်။ ဒီကဗျာလေးအတွက် ကျေးဇူးပါ မိုးလေးရေ…။
ဖျားနာနေတဲ့ကဗျာ
ညို့မှိုင်းအုံ့ဆိုင်းနေတဲ့
မိုးကောင်းကင်အောက်က
စိုစွတ်မှုန်ကုတ်နေတဲ့
ညနေခင်းတစ်ခု…
ကားတွေ လူတွေ ဥဒဟိုသွားလာလို့နေတယ်
ဒါပေမယ့်လဲ
ရန်ကုန်မိုးရဲ့ နှိပ်စက်ထားမှုကြောင့်
အားလုံးဟာ လေးလံထိုင်းမှိုင်းလို့…
မိုးရာသီရဲ့ ဒီလိုညနေခင်းမှာ
ကဗျာဆရာတစ်ယောက်တော့
နာဖျားနေလေရဲ့…
တဟွတ်ဟွတ်ဆိုးနေတဲ့ချောင်းကို လျစ်လျူရှု
မာကျောတဲ့မိုးရေစက်တွေကို မမှုဘဲ
လေလွင့်နေတဲ့မြို့တစ်မြို့ရဲ့ ပလက်ဖောင်းပေါ်မှာ
ခံနိုင်ရည်အားနဲ့မမျှတတဲ့
အိပ်မက်အကြီးစားကြီးတွေထမ်းပြီး
လမ်းတွေမမောတမ်းလျှောက်ခဲ့သမျှ
ခုတော့ ဝေဒနာနဲ့နပန်းလုံးနေရပြီပေါ့…
ဂရုစိုက်ပါ ကဗျာဆရာရေ…
သေမင်းရဲ့အမည်ပေါက်စာရင်းမှာ
ကိုယ့်နာမည်မပါသေးသရွေ့
ခေါင်းမာခွင့်ရှိတယ်ဆိုပေမယ့်
အညှိုးကြီးတဲ့ ရန်ကုန်မိုးက
ကဗျာတွေကို ဖျားနာစေတတ်ပါတယ်။ ။
သူငယ်ချင်းအတွက် ရင်တွင်းဖွဲ့ဝေဒနာ
သတင်းစာရဲ့ နာရေးကြော်ငြာမှာ မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့ နာမည်တစ်ခု… ငါ့ကို ဟာ ခနဲ ဖြစ်သွားစေတယ်။ သူငယ်ချင်းရယ် … နင် လူ့လောကကြီးထဲကနေ ထွက်သွားပြီတဲ့လား … ငါတကယ်ကို မယုံနိုင်ဘူးဟာ…။ အသက် ၂၇ နှစ်ဆိုတာ သေမင်းရှေ့မှောက်မှာ ဒူးထောက်ခစားဖို့အတွက် စောလွန်းလှပါတယ်။ ပြီးတော့ နင်ရယူထားခဲ့တဲ့ B.E ( Civil ) ဆိုတဲ့ ဘွဲ့တစ်ခု … ငါ အရမ်းကို နှမြောမိတယ် … လူ့ဘ၀မှာ နင်လုပ်နိုင်တာတွေ အများကြီးရှိနေရက်သားနဲ့ ဘာဖြစ်လို့များ အားလုံးကို စွန့်ခွာပြီး ထွက်သွားရတာလဲ … ငါ့ရင်ထဲမှာ နင့်ကို မေးချင်နေတဲ့ မေးခွန်းတွေနဲ့ ပြည့်နေတယ်။
နှစ်တွေအကြာကြီး အဆက်အသွယ် ပြတ်နေပြီး ဒီအချိန်မှ ယူကြုံးမရ ဖြစ်နေရလားလို့ အပြစ်တင်ရင်လဲ ငါ့မှာ ပြန်ပြောစရာ စကားမရှိတာ အမှန်ပါပဲ။ ဆယ်တန်းပြီးလို့ နင်တို့နဲ့ဝေးတဲ့ နေရာတစ်ခုကို ငါပြောင်းသွားတည်းက ငါတို့ ပြန်မဆုံဖြစ်ကြတာ အခုဆို ဆယ်စုနှစ်တစ်နှစ်စာလောက်တောင် ရှိတော့မယ်။
ဒါပေမယ့်လဲ ငယ်ငယ်တုန်းက ဆုပေးပွဲမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေပြန်ကြည့်တိုင်း ငါ့သူငယ်ချင်းတွေ ဘယ်တွေရောက်လို့ ဘာတွေများ ဖြစ်နေကြပါလိမ့်ဆိုတဲ့ အတွေးတွေနဲ့ နင်တို့အားလုံးကို သတိရနေမိတတ်ပါတယ်။ တစ်ချိန်ချိန် တစ်နေရာရာမှာ ဒီသူငယ်ချင်းတွေနဲ့ ပြန်ဆုံနိုင်သေးတယ်လို့လဲ တွေးနေတတ်တဲ့ ငါ့အတွေးတွေထဲမှာ ခုတော့ နင်တစ်ယောက်က ခြွင်းချက်ဖြစ်သွားပြီပေါ့…။
တကယ်ဆို နင်နဲ့ငါက အရမ်းခင်တဲ့ သူငယ်ချင်းတွေတော့ မဖြစ်ခဲ့ကြဘူးနော်…။ ဒါပေမယ့်လဲ မူလတန်းတုန်းက တစ်ကျောင်းတည်း အတူတက်ခဲ့ကြတယ်။ အလယ်တန်းနဲ့ အထက်တန်းမှာတော့ အမှတ်ကောင်းတဲ့သူတွေ စုထားတဲ့ တန်းခွဲအေမှာ ခုံချင်းရှေ့နောက် ကပ်လျက် ထိုင်ခဲ့ကြတယ် … စာမေးပွဲနီးတိုင်း ကျက်ရမယ့်စာတွေ တိုင်ပင်ပြီး အတူကျက်ခဲ့ကြတယ်။ အဖြူအစိမ်းဝတ် ကျောင်းသူဘ၀ နောက်ပိုင်းမှာ နင်ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲဆိုတာ ငါမသိပေမယ့် ငါ့မျက်စိထဲမှာတော့ အသံစူးစူးအစ်အစ်လေးနဲ့ ဆံပင်တိုလေး တခါခါနဲ့ စကားပြောတတ်တဲ့ ငယ်ငယ်တုန်းက နင့်ပုံစံလေးကို မြင်ယောင်နေမိတယ်။
နင်ရှိနေတုန်းက ငါ့အတွက် ဘာမှမထူးခြားဘဲနဲ့ အခုလိုမျိုး နင် ငါတို့အားလုံးကို ထားခဲ့ပြီဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှ စိတ်ထဲမှာ ထိထိခိုက်ခိုက် ခံစားနေရတာ ငယ်ဘ၀ရဲ့ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကြောင့်ပဲ ဖြစ်မယ်ထင်ပါရဲ့။ ငယ်ငယ်တည်းက ထက်မြက်တဲ့ နင့်မှာ ကိုယ်ပိုင်အိပ်မက်တွေ ရှိနေမှာ သေချာပါတယ်။ ဘယ်လိုအကြောင်းတရားတွေက နင့်ကို သေခြင်းတရားဆီ ရောက်အောင် ပို့ဆောင်ခဲ့တာလဲ… ငါမသိချင်တော့ပါဘူး … အခုအချိန်မှာ အားလုံးက ပြီးဆုံးသွားပြီပဲလေ…။
ငါ ဆုတောင်းပါတယ် သူငယ်ချင်းရယ်... ကူးပြောင်းသွားတဲ့ ဘ၀သစ်တစ်ခုမှာ နင် ငြိမ်းချမ်းနိုင်ပါစေ… ဘ၀ဆက်တိုင်းလဲ မပြီးဆုံးသေးတဲ့ အိပ်မက်တွေကို ရင်မှာပိုက်ပြီး လမ်းတ၀က်ကနေ နှုတ်ဆက်ထွက်ခွာ မသွားရပါစေနဲ့လို့ နင်မသိနိုင်တော့ပေမယ့်လဲ ငါ့ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေပါတယ်။
( ၁၈.၈.၂၀၀၈ မှာ အဝေးဆုံးသို့ ခွဲခွာသွားသော ငယ်သူငယ်ချင်းတစ်ယောက်အတွက် )
သဘာဝဘေး ကင်းဝေးကြပါစေ…
မနေ့က သားဖြိုးပြောလို့ မိုးကုတ်မှာ တောင်တွန်းတဲ့ သတင်းကို သိလိုက်ရပါတယ်။ သူတို့ဒေသအခေါ် တောင်တွန်းတယ်ဆိုတာက ပြောရရင်တော့ မြေကြီးတွေ ပြိုကျလာတာကို ပြောတာပါ။ သူရိုက်လာတဲ့ ဓါတ်ပုံတွေကနေတဆင့် မြင်ရတာလဲ ကြောက်စရာကောင်းသလို စိတ်မကောင်းစရာလဲ ကောင်းလှပါတယ်။ ဒါဟာ ဒီနှစ်ပိုင်းအတွင်း မိုးကုတ်မှာ ဒုတိယအကြိမ် ဖြစ်တာပါ။ ပထမအကြိမ်ဖြစ်တုန်းက လူ ၁၁ ယောက်ဆိုလား သေတယ်၊ အခု လူ ၆ ယောက်သေတယ်တဲ့။ သဘာဝအလျောက် ဖြစ်တာမျိုးဆိုတော့ လူတွေလဲ ဘာမှမတတ်နိုင်ဘဲ လည်စင်းခံကြရတော့တာပေါ့။
ပြီးခဲ့တဲ့ နာဂစ်တုန်းကလဲ လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီးပါပြီ။ မသေဘဲ ကျန်ရစ်ခဲ့တဲ့သူတွေမှာလည်း ဒုက္ခတွေ ပင်လယ်ဝေလို့…။ လပွတ္တာတို့၊ ဘိုကလေးတို့ဘက်ကို မရောက်ဖြစ်ခဲ့တဲ့အတွက် နယ်ကလူတွေရဲ့ အခြေအနေကို မျက်မြင်မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့်လဲ မုန်တိုင်းပြီးကာစရက်တွေမှာ ရန်ကုန်မြို့တွင်းမှာပဲ ဆေးကုအဖွဲ့နဲ့လိုက်ပြီး လုပ်အားပေးခဲ့တာကြောင့် တချို့အနေအထားတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ မုန်တိုင်းအဖျားခတ်သွားတဲ့ ရန်ကုန်တိုင်းရဲ့ အစွန်အဖျားမြို့နယ်လေးတွေမှာလဲ နယ်နဲ့မခြား ဆိုးဝါးတဲ့ အခြေအနေနဲ့ ကြုံနေရတဲ့ နေရာတွေ ရှိပါတယ်။ ပင်ကိုယ်က ဆင်းရဲကျပ်တည်းတဲ့ မိသားစုတွေခမျာ သဘာဝဘေးဒဏ်နဲ့ပါ ထပ်ဆင့်ရင်ဆိုင်လိုက်ရတော့ နာလန်ထူအောင် မနည်းကြိုးစားယူရမှာပါ။
သြဂတ်စ်လ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာလဲ မြန်မာနိုင်ငံဒေသအချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေ ချောင်းရေတွေ မြင့်တက်ပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတယ်တဲ့။ လူနဲ့ ကျွဲ နွား တိရစ္ဆာန်တွေ သေဆုံးဒဏ်ရာရခြင်းတော့ မရှိဘူးဆိုပဲ။ ဒါပေမယ့်လဲ အဲဒီဒေသတွေက လူတွေခမျာ ဘယ်လောက်များ စိတ်ဒုက္ခရောက်နေကြရှာမလဲ။ မသေတာ ၀မ်းသာစရာပေမယ့် တခါတလေကျပြန်တော့လဲ ရှင်ကျန်နေရခြင်းရဲ့ ဒုက္ခက ပိုများကြီးနေမလားလို့ တွေးမိတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာလဲ စပါးစိုက်ခင်းတွေ ရေလွှမ်းခံရတယ်တဲ့။ သြဂတ်စ် ၈ ရက်နေ့ကစပြီး ရေလွှမ်းခံရတာ ၁၃ ရက်နေ့ကနေစပြီးမှ ပြန်ကျသွားတယ်။ စပါးစိုက်ခင်းတွေ ပျက်စီးမှုမရှိဘူးဆိုတော့ တော်သေးတယ်လို့ ပြောရမယ်ထင်ပါရဲ့။ ဒီအပတ်ထုတ်မယ့် ဖလားဝါးနယူးစ်ဂျာနယ် ကြော်ငြာမှာတော့ နှစ်အကုန်မှာ မုန်တိုင်းတစ်လုံး ထပ်လာနိုင်လို့ မိုးလေ၀သ သတိပေးကြေငြာချက်တွေ အထူးလိုက်နာရန်လို..တဲ့။
အရင်က သဘာဝဘေးဒဏ်တွေနဲ့ မဆိုင်သလို ခပ်ကင်းကင်းနေခဲ့တဲ့ ကျွန်မတို့ မြန်မာပြည်လဲ အခုနှစ်ပိုင်းမှ ဘယ်လိုတွေ ဖြစ်ကုန်ပါလိမ့်။ ကျွန်မအဘွားလေး မဆုံးခင်ကဆို အရင်အခေါ် ဂြိုဟ်တုသတင်း အခု International News ကို ညတိုင်း ကြည့်လေ့ရှိပါတယ်။ အဲဒီမှာ တခြားနိုင်ငံတွေက သဘာဝဘေးအန္တရာယ် ခံရတဲ့ သတင်းတွေပြတိုင်း `ငါတို့က ဗုဒ္ဓဘာသာ ထွန်းကားတဲ့တိုင်းပြည်… ဒီလိုဘေးမျိုး ဘယ်တော့မှ ကြုံရမှာ မဟုတ်ဘူး´လို့ ပြောတတ်ပါတယ်။
အခုများတော့ မြန်မာနိုင်ငံမှာဖြစ်တဲ့ ရင်နင့်စရာ ပုံရိပ်တွေကို တကမ္ဘာလုံးကလူတွေ စုပ်တသပ်သပ်နဲ့ ကြည့်နေရှာရော့မယ်။ သဘာဝတရားကြီးက ပေးတဲ့ ကံဆိုးခြင်းလက်ဆောင်တွေကို ဗုဒ္ဓဘာသာ ထွန်းကားတဲ့ တိုင်းပြည်လဲ ငြင်းဆန်ခွင့် မရှိတော့ပါဘူး။ ဗုဒ္ဓဘာသာ တရားနဲ့အညီ သဘာဝရဲ့ ပြစ်ဒဏ်ခတ်မှုတွေလို့ ပြောရင်ရော လက်ခံနိုင်ကြမှာလား…။ ဒါမှမဟုတ် တခြားနိုင်ငံတွေအတွက် မထူးဆန်းတော့တဲ့ ဖြစ်ရိုးဖြစ်စဉ် ရာသီဥတု ဖောက်ပြန်မှုနဲ့ သဘာဝဘေးဒဏ်တွေလို့ပဲ ယူဆကြမလား…။
ဘာပဲဖြစ်ဖြစ် ဒီလိုဘေးအန္တရာယ်မျိုးတွေ ကိုယ်တိုင်ကြုံတွေ့ရမှာ ကြောက်သလို ဘယ်နေရာမှာဖြင့် ဘာဖြစ်ပြန်ပြီလို့လဲ မကြားချင်ပါဘူး။ မကြားလဲ မကြားရဲပါဘူး။ ဒါပေမယ့် ဖြစ်လာခဲ့ရင်လဲ ကျွန်မတို့ ဘာမှ မတတ်နိုင်ပါဘူး။ မြတ်စွာဘုရား ဟောခဲ့တဲ့ `မသိငါးပါး´ ထဲမှာကိုက နေရမယ့် အသက်အပိုင်းအခြား၊ သေရမယ့် အချိန်နဲ့ သေပြီးဖြစ်မယ့် လားရာဂတိတွေကို မသိနိုင်ဘူးလို့ ပါထားတော့ ဘာတွေ ဘယ်လို ကြုံရဦးမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။
အဲဒီအတွက် ကျွန်မကတော့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘာသာရေးကို ပိုလုပ်ဖို့ပဲ စဉ်းစားမိပါတယ်။ ဘာသာရေးလုပ်တယ်ဆိုလို့ တချိန်လုံး ဘုရားရှိခိုး၊ ပုတီးစိပ်နေတာမျိုး မဟုတ်ပါဘူး။ တကယ်လဲ ဘာသာရေးဘက်ကို အချိန်အများကြီးပေးပြီး မလုပ်ဖြစ်တာ အမှန်ပါ။ အဲဒီတော့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်လှုပ်ရှားမှုမှာပဲ တတ်နိုင်သမျှ အကုသိုလ်နည်းအောင် နေပါတယ်။ သူများအပေါ်မှာ မကောင်းတဲ့စိတ်မျိုး မမွေးဘဲ လောဘ၊ ဒေါသ၊ မောဟတွေကို မကင်းနိုင်ရင်တောင် လျော့အောင်ကြိုးစားပါတယ်။ ညပိုင်းမှာတော့ သီးသန့်အချိန်လေးတစ်ချိန် သတ်မှတ်ပြီး ဘုရားစင်ရှေ့မှာ စိတ်ငြိမ်းချမ်းစွာထားပြီး ဘုရားဝတ်ပြုပါတယ်။
ခလုတ်ထိမှ အမိတ,တယ် လို့ပဲဆိုဆို… တစတစ ဖောက်ပြန်လာတဲ့ ခေတ်ကြီးထဲမှာ ကျွန်မတို့အတွက် ဘုရားမှတပါး အားကိုးစရာ မရှိတော့ပါဘူး။ ဘုရားရှိခိုးပြီးတိုင်းလဲ ဆုတောင်းပါတယ်…
အပြစ်မဲ့တဲ့ မြန်မာပြည်သူပြည်သားတွေဆီကို သဘာဝဘေးအန္တရာယ်တွေ နောက်ထပ် ရောက်မလာပါစေနဲ့တော့လို့…။
တဟီတီသွားရအောင်
သရက်ပွင့်တို့
နီကြင့်ဝါ၀ါ၊ ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့
ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့
တဟီတီဆိုတဲ့ ကျွန်းကလေး လေ။
အို … ဘယ်ကြည့်ကြည့်
ဝင်းမှည့် ငိုက်ယွန်း၊ နေရောင်ထွန်း၍
ရွက်ပွန်းထိယှက်၊ သရက်ရွက်တို့
ပြိုးပြက်နီနီ၊ ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေး လေ။
အဲဒီကျွန်းမှာ
မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ့်။
လူ့ဘ၀၏
အပေါ်ယံလွှာ၊ ၀ဲကာကြည်နူး
လုပ်ဇာတ်မြူး၏၊ စိတ်ကူးဝတ္ထု
အတုရုပ်ရှင်လည်း မရှိဘူး။
အဖွားလုပ်သူ
ငြူစူ စောင်းမြောင်း၊ ကြိမ်းမောင်း မာန်မဲ
ဆဲရေးသံများ မကြားရဘူး။
သိုက်မြံဦးမှ၊ ကျူးရင့်ဆိုဟန်
ငှက်သံကိုသာ ကြားရမယ်။
ရေညှိအောက်မှ
မြွေဟောက် ၀ါကြား၊ တို့ကစားပြီး
စွန့်စားခန်းလည်း တွေ့နိုင်သေး။
ရှမ်ပိန်အရက်
မချက်လိုဘူး၊ အုန်းရေကိုသောက်
တမော့လောက်နှင့်၊ မူးနောက်ဝေပြီး
သဲငွေသောင်မှာ အိပ်နိုင်သေး။
ဆာရင်လည်းလေ
တွဲလွဲငုံ့ဆိုင်၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွတ်ကာ၊ အခွံနွှာပြီး
ဗီတာမင်များ၊ ဓာတ်အားကြွယ်လှ
ပလုတ်ပလောင်း စားနိုင်သေး။
ဘာလိုသေးလဲ
အေးအေးမေ့ပျောက်၊ သစ်ပင်အောက်မှ
နှစ်ယောက်တည်းပဲ၊ လက်တွဲချင်တွဲ
မေလည်းသီချင်း၊ လွတ်လပ်ခြင်းနဲ့
ရှိုက်မျှဉ်းတေးကို၊ အော်ဆိုချင်ဆို
ပျက်ပြိုအက်ကွဲ ကြောင်သွားပါစေ။
ဘာလိုသေးလဲ
ငြိမ့်အေးတိတ်ဆိတ်၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး၊ မျက်လုံးမှေး၍
တွေးတောကြံဖန်၊ ကာရန်ကိုရှာ
ကဗျာစပ်ကာ ရူးနိုင်သေး။
ဘယ့်နှယ့်လဲမေ
လူထဲသူထဲ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ၊ ထိုကျွန်းသာသို့
ဘယ်ခါလိုက်မယ် ပြောစမ်းပါ့။
ဒဂုန်တာရာ
လမ်း
ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချဖို့ တွေဝေနေတာ ရက်တွေ တော်တော်ကြာခဲ့ပြီ။ တခြားသူတွေ အခွင့်အရေးလို့ ထင်တာကို ငါက အချုပ်အနှောင်လို မြင်နေမှတော့ တွေဝေနေမိတာ မဆန်းပါဘူး။ ဘ၀အာမခံချက်တစ်ခုရဖို့ အိပ်မက်တွေကို စတေးသင့်သလား…။ ရွေးချယ်မှုတစ်ခုကြောင့် ငါ့နေ့ရက်တွေ အဓိပ္ပါယ်မဲ့သွားခဲ့ရင် ငါ နောင်တရနေမိမှာလား … ။
ငါ့ရှေ့မှာ လမ်းနှစ်သွယ် ရှိနေတယ်။ တစ်လမ်းကိုရွေးရင် မိသားစုနဲ့ အဝေးကြီးမှာ ကြိုးစားရပ်တည်ရမယ်။ ဘ၀တိုးတက်မှုကို အမေ့ရဲ့ ပူပန်မှုတွေနဲ့ အလဲအလှယ် လုပ်ရမယ်။ အစိမ်းသက်သက် နေရာတစ်ခုမှာ အချိန်နဲ့ငွေကို လဲလှယ်ယူရမယ်။ ဒါပေမယ့် ငါ့အိပ်မက်တွေကိုတော့ ငါပိုင်သေးတယ်။ နောက်တစ်လမ်းကတော့ ဖြောင့်ဖြူးလွန်းတယ်။ အားလုံးဟာ ရေလိုက်ငါးလိုက် အလိုက်သင့်လေး နေရုံနဲ့ အဆင်ပြေသွားမယ့်လမ်း …တစ်ခုပဲရှိတယ်…အဲဒီလမ်းက အိပ်မက်တွေကိုနင်းလျှောက်ပစ်ရမယ့်လမ်း… ။
အဲဒီလမ်းကို ရွေးလိုက်ရင် ငါချစ်တဲ့ အသိုက်အ၀န်းလေးတစ်ခုကိုလဲ မျက်ကွယ်ပြုရမယ်။ အားလုံးရဲ့အဝေးမှာ ရှင်သန်နေထိုင်သွားဖို့ အင်အားတွေ ငါ့မှာရှိရဲ့လား … ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်။ ကိုယ့်အိပ်မက်တွေ၊ စိတ်ကူးတွေ၊ ယုံကြည်ချက်တွေကို ချနင်းပစ်လိုက်ရတာ ဘယ်လောက်များ ရင်နာစရာကောင်းလိုက်မလဲ … တွေးကြည့်ရုံနဲ့တင် ဒီလမ်းကိုလျှောက်ရမှာ ငါ ၀န်လေးမိပါရဲ့။
သိပ်မဝေးတော့တဲ့အချိန်မှာ တစ်ခုခုကို ငါရွေးချယ်ရမှာပါပဲ။ ကိုယ်စိုက်ပျိုးတဲ့အပင်ကို ကိုယ်ပြန်ရိတ်သိမ်းရတယ်တဲ့…။ ကိုယ့်ဆုံးဖြတ်ချက်ရဲ့ အဆိုးအကောင်းကိုလဲ ကိုယ်ပဲတာဝန်ယူရမှာပေါ့။ လျှောက်မိတဲ့လမ်းမှာ နောက်ပြန်လှည့်ချင်တာမျိုး ဖြစ်လာခဲ့ရင် ငါဘယ်လို ရင်ဆိုင်ရမလဲ…။ လက်ရှိနေရာမှာပဲ အိပ်မက်တွေကို ဖက်တွယ်ထားရင်း ငါလုပ်ချင်တဲ့အလုပ်တွေကိုပဲ ခေါင်းမာစွာ ဆက်လုပ်နေမယ်ဆိုရင်ရော … တကိုယ်ကောင်းဆန်တဲ့သူတစ်ယောက်လို့ အပြစ်တင်ကြမလား…။
ငါ ဘယ်လမ်းကို ရွေးသင့်သလဲ…။
တစ်ခုတည်းသော အကြောင်းပြချက်
ကိုယ့်လက်ကို တွဲချင်တွဲထား
လွှတ်ချင်လဲ လွှတ်ချလိုက်ပါ
ကိုယ့်ကို ဘယ်လိုထိန်းချုပ်စေခိုင်းမလဲ …
အရာရာဟာ မင်းသဘောအတိုင်းပါပဲ … ။
မင်းအနားမှာ ရှိနေသင့်သလား
မင်းရဲ့အဝေးကို ထွက်သွားရမလား
ကိုယ်တကယ်ပဲ မသိတော့ပါဘူး
အရာရာဟာ မင်းဆန္ဒရှိတဲ့အတိုင်းပါပဲ … ။
ကစားပွဲတစ်ခု ကစားသလိုမျိုး
ပြီးဆုံးသွားတာနဲ့
ကိုယ့်ကိုစွန့်ခွာသွားမှာလား …
တွေးလိုက်တိုင်း ရင်မောရတယ် … ။
မင်းအတွက်တော့
တစ်စုံတစ်ယောက်ကို ချစ်ဖို့ဆိုတာ
လွယ်ကူချင် လွယ်ကူပါလိမ့်မယ်
ကိုယ်ကတော့ ဒီလိုမဟုတ်ဘူးချစ်သူ … ။
အပျော်သဘောသက်သက်နဲ့တော့
ကိုယ့်ကိုမချစ်ပါနဲ့ …
`ချစ်တယ်´ဆိုတာအတွက်
အကြောင်းပြချက်လိုတယ်ဆိုရင်
တစ်ခုပဲရှိတယ် … အဲဒါကတော့ …
နှလုံးသားချင်းသာ နားလည်ခံစားနိုင်တဲ့
အချစ်ဆိုတဲ့အရာပါပဲ …
အချစ်တစ်ခုတည်းအတွက်ပဲ
ကိုယ့်ကိုချစ်ပါ ချစ်သူရယ် … ။
ကျွန်မ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ Boyzone အဖွဲ့ရဲ့ Love Me For A Reason သီချင်းကို နားထောင်ပြီး ရေးဖြစ်တဲ့ ကဗျာလေးပါ။ အချစ်ကို အလေးအနက်မထားတဲ့သူကို ချစ်မိတဲ့သူတစ်ယောက်ရဲ့ နေရာကနေ ခံစားပြီး ရေးဖွဲ့ထားတဲ့ သီချင်းခံစားချက်ကဗျာလို့ ပြောရမယ်ထင်ပါတယ်။သီချင်းစာသားကို အတိအကျ ဘာသာပြန်တာမျိုး မဟုတ်တဲ့အတွက် မူရင်းသီချင်းရဲ့ အဓိပ္ပါယ်နဲ့ လွဲချော်မှုတွေ ရှိချင်ရှိနေနိုင်ပါတယ်။ ရေးတုန်းကတော့ ဘလော့မှာတင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သီချင်းနားထောင်ပြီး ခံစားရလို့ ရေးချလိုက်တာပါ။ အခုတော့ သူငယ်ချင်းကို သတိရတာရယ်၊ ရေးဖြစ်တဲ့ ကဗျာလေးကို အမှတ်တရ သိမ်းထားချင်တာရယ်ကြောင့် တင်လိုက်တာပါ။ မူရင်းသီချင်းစာသားကတော့ ဒီလိုပါ .....
Love Me For A Reason
Girl when you hold me
How you control me
You bend and you fold me
Any way you please
It must be easy for you
To love the things that you do
But just a pastime for you
I could never be
And I never know girl
If I should stay or go
Cos the games that you play
Are driving me away...
Don't love me for fun girl
Let me be the one girl
Love Me For a Reason
Let the reason be love
Don't love me for fun, girl
Let me be the one, girl
Love Me For a Reason
Let the reason be love
Kisses and caresses
Are only minor tests, babe
Of love turned to stresses
Between a woman and a man
So if love everlasting
Isn't what you're asking
I'll have to pass, girl
I'm proud to take a stand
I can't continue guessing
Because it's only messing
With my pride, and my mind
So write down this time to time
Don't love me for fun, girl
Let me be the one, girl
Love Me For a Reason
Let the reason be love
Don't love me for fun, girl
Let me be the one, girl
Love Me For a Reason
Let the reason be love
I'm just a little old-fashioned
It takes more than a physical attraction
My initial reaction is
Honey give me a love
Not a fascimile of
Don't love me for fun, girl
Let me be the one, girl
Love Me For a Reason
Let the reason be love
Don't love me for fun, girl
Let me be the one, girl
Love Me For a Reason
Let the reason be love
မိုင်တိုင် ၂၆ မှသည် …
သန်းပေါင်းများစွာသောလူတွေထဲက
သာမန်လူသားတစ်ယောက်…
ရှပ်အင်္ကျီအဖြူနဲု့ပုဆိုးကို
ခုံခုံမင်မင် ၀တ်ဆင်တတ်တယ်
တခါတလေကျတော့လဲ
တီရှပ်နဲ့ ဂျင်းပင်န်ဝတ်ပြီး
လွတ်လပ်ပေါ့ပါးနေတတ်ပြန်ရော…
ဒါပေမယ့် ထူးခြားတာတစ်ခုက
သူ့ရင်ဘတ်ထဲကနေ
အနုပညာမြောက်တဲ့ ကဗျာတွေ
ဖိတ်လျှံကျလာတတ်တာပါပဲ
သူချစ်တာ … ကဗျာ
သူမြတ်နိုးတာ … ကဗျာ
သူရူးသွပ်တာ … ကဗျာ
သူယုံကြည်တဲ့ အမှန်တရားအတွက်
ကဗျာတစ်ပုဒ်နဲ့ ရဲဝံ့ပြရဲတယ်
သူရွံရှာတဲ့ စနစ်ဆိုးတစ်ခုအတွက်
ကဗျာတစ်ပုဒ်နဲ့ ကြက်ခြေခတ်ပြရဲတယ်
လမ်းပေါ်က ကလေးတွေအတွက်
စာနာတဲ့နှလုံးသားနဲ့ ကဗျာရေးတယ်
တစ်ချိန်တုန်းက ဖေဖော်ဝါရီအတွက်
မာယာမဲ့နှလုံးသားနဲ့ ကဗျာဖွဲ့တယ်
၂၆ နှစ်တာ ခရီးတလျှောက်
ခံစားချက်တွေအပေါ်မှာ ရိုးဖြောင့်ခဲ့တဲ့
ကဗျာဆရာသူငယ်ချင်းရေ…
နှစ်ချို့ကော်ဖီတစ်ခွက်ရဲ့အရသာကို
နောင်နှစ်ပေါင်းများစွာအထိ
မှီဝဲခံစားနေပါရစေ…။
( ၈.၈.၂၀၀၈ မှာ ၂၆ နှစ်ပြည့်တဲ့ သူငယ်ချင်းကိုမိုးလှိုင်ညအတွက် အမှတ်တရ ရေးဖွဲ့ပါတယ် )
၂၆ နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ငြိမ်းချမ်းနိုင်ပါစေ ... ခိုင်မာမြဲမြံနေတဲ့ အိပ်မက်တွေကိုလဲ အကောင်အထည်ဖော်နိုင်ပါစေ...လို့ ဆုတောင်းပေးပါတယ် ကိုမိုးလှိုင်ညရေ :)
ကြယ်တွေကြွေတဲ့ သြဂတ်စ်
လွန်ခဲ့တဲ့အနှစ် ၂၀ ဒီလိုသြဂတ်စ်မှာ
ကြယ်တွေ ကြွေခဲ့တယ်…
အနာဂတ်မိုးကောင်းကင်မှာ
လင်းလက်တောက်ပလာမယ့် ကြယ်ပွင့်လေးတွေ
အချိန်မတိုင်ခင် ကြွေလွင့်လို့
ကောင်းကင်ကြီးတစ်ခုလုံး အမှောင်ဖုံးခဲ့ရတယ်...။
အဲဒီတုန်းက
ကလေးသာသာ ငါ့ရဲ့စိတ်မှာ
စွဲမြဲနေခဲ့တဲ့ သြဂတ်စ်ရဲ့ကြွေးကြော်သံတွေ
ဒီနေ့အထိ ပင့်တင်ထပ်နေဆဲ…
အသက်ရှင်နေသရွေ့လဲ
အမှတ်ရနေဦးမှာပါပဲ…။
ဘယ်တော့မှများ
ငါတို့ရဲ့ ကောင်းကင်သစ်မှာ
ကိုယ်ပိုင်အလင်းနဲ့ ကြယ်လေးတွေ
လွတ်လွတ်လပ်လပ် လင်းလက်ခွင့်ရှိမှာလဲ…
ဘယ်တော့မှများ
လှောင်အိမ်ထဲက ငှက်လေးတွေ
အပြာရောင် ကောင်းကင်ကြီးအောက်
အတားအဆီးမဲ့ ပျံသန်းခွင့်ရှိမှာလဲ…
မေးခွန်းတွေနဲ့မွန်းကြပ်နေရင်း
ဝမ်းနည်းစွာတွေးနေမိတာက
လွန်ခဲ့တဲ့အနှစ် ၂၀ ဒီိလိုသြဂတ်စ်မှာ
ကြယ်တွေကြွေခဲ့တယ်ဆိုတာပါပဲ…။
အတွေးချင်းတူတယ်ဆိုရင် …
အခုတလော အိမ်ကလူတွေ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို စွဲစွဲလမ်းလမ်း ကြည့်နေကြတာ တွေ့ရပါတယ်။ အရင်က မြန်မာပရိသတ်တွေခမျာ ကိုရီးယားကားတွေကို မြ၀တီနဲ့ မြန်မာ့အသံက တစ်ပိုင်းချင်းစီပိုင်းပြီး လွှင့်ပေးသမျှ အားမလိုအားမရ စောင့်ကြည့်နေခဲ့ရတာပါ။ အခုတော့ ကိုရီးယားဇာတ်လမ်းတွဲ အစအဆုံးကို ဒီဗွီဒီတစ်ချပ်တည်းနဲ့ အားရပါးရ မထတမ်း ကြည့်နိုင်ပါပြီ (အချိန်ပေါများစွာ ပိုင်ဆိုင်ထားတဲ့ သူတွေအတွက်ပေါ့လေ)။ အိမ်မှာကတော့ လူတစ်ယောက်ချင်းစီရဲ့ အားလပ်ချိန်တွေ မတူကြတဲ့အတွက် အားတဲ့သူက အားသလို ကြည့်ကြပါတယ်။ ကျွန်မကတော့ အားတဲ့ညပိုင်းအချိန်လေးကို စာဖတ်ခြင်းနဲ့ပဲ စိတ်အပန်းဖြေတာ များပါတယ်။ အခန်းထဲမှာ စာဖတ်ရင်ဖတ် ဒါမှမဟုတ်လို့ ဧည့်ခန်းက တီဗွီရှေ့ထိုင်မိရင်လည်း သူတို့ကားတွေထက် လက်ထဲက စာအုပ်မှာပဲ ကျွန်မအာရုံက ရှိနေတတ်တာပါ။
ဒါပေမယ့် ဒီရက်ပိုင်းကျတော့ ကျွန်မ ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် တီဗွီထဲမှာ မြင်နေရတာက ဒီမင်းသား မင်းသမီးတွေပါပဲ။ ၀တ်ထားစားထားတာတွေကလဲ တခါတလေ နန်းတွင်းအ၀တ်အစား ဖြစ်လိုက်၊ တခါတခါကျပြန်တော့ အခုခေတ်ပုံစံနဲ့။ နောက်ပြီး အင်တာနက်တွေ ဘာတွေလဲ ပါလိုက်သေး။ ဒါနဲ့ ကျွန်မလဲ ဘယ်လိုပါလိမ့်ဆိုပြီး နည်းနည်းစပ်စုကြည့်လိုက်တော့ ကားနာမည်က Princess Hours တဲ့။ ကြည့်ဖူးကြမလား မသိဘူးနော်။ မြန်မာ့အသံမှာလဲ စနေ တနင်္ဂနွေ အပတ်စဉ်ပြပေးနေတယ်ဆိုပဲ။ ကျွန်မက ကိုရီးယားကား စပြတဲ့အချိန်လောက်မှ အလုပ်ကပြန်ရောက်တတ်တော့ ဘာတွေလွှင့်လို့ ဘာတွေပြနေမှန်းလဲ မသိတာကြာပါပြီ။
အိမ်ကလူတွေ ညွှန်းလွန်းလို့ ညက အဲဒီကားကို မီတဲ့နေရာကနေ စပြီးမြည်းကြည့်မိပါတယ်။ ဇာတ်လမ်းအကျဉ်းကို ကျွန်မအဒေါ်က အားကြိုးမာန်တက် ( အမူအယာပါ လုပ်ပြမတတ် ) ပြန်ပြောပြတော့ ရှေ့ပိုင်းတွေ မကြည့်လိုက်ရပေမယ့် ကြည့်ရတာ သိပ်မဆိုးပါဘူး။ အမြည်းဆိုပြီး ကြည့်လိုက်တာ အရသာသိသွားတော့ ဘယ်လိုမှ အရှိန်မထိမ်းနိုင်ဘဲ ညတစ်နာရီထိုးသွားပါတယ်။ ဒါတောင် မနက်အလုပ်သွားရဦးမယ် ဆိုတဲ့ အသိကြောင့် ရပ်လိုက်ရတာပါ။ ဇာတ်လမ်းလေးက တော်တော်ကြည့်လို့ကောင်းပါတယ်။ နန်းတွင်းထဲကို အိမ်ရှေ့မင်းသားရဲ့ မိဖုရား မင်းသမီးလေးအဖြစ် မမျှော်လင့်ဘဲ ရောက်သွားတဲ့ သာမန်ကျောင်းသူလေးတစ်ယောက်နဲ့ မင်းသားလေးနှစ်ပါးရဲ့ အချစ်အကြောင်းကို အဓိကထားပြီး ဇာတ်လမ်းတည်ထားတာပါ။
နန်းတွင်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းဥပဒေတွေအောက်မှာ မွန်းကြပ်နေရတဲ့ ငယ်ရွယ်တဲ့ကျောင်းသူလေးရဲ့ ဘ၀နဲ့ ခံစားချက်တွေဟာလည်း မင်းသမီးလေးရဲ့ သရုပ်ဆောင်ကောင်းမွန်မှုကြောင့် ပီပြင်လှပါတယ်။ ဒီလိုပါပဲ နန်းတွင်းဥပဒေတွေအောက်မှာ နေသားကျနေတဲ့ အိမ်ရှေ့မင်းသားရဲ့ ရင်ထဲက အချစ်နဲ့ ဥပဒေတွေကို ချိုးဖောက်ဖို့အထိ စိတ်ကူးထားပြီး အချစ်ကို ဦးစားပေး တန်ဖိုးထားလွန်းတဲ့ ဒုတိယမင်းသားလေးရဲ့ အားပြိုင်သရုပ်ဆောင်ချက်တွေဟာလည်း ကောင်းလွန်းလှတာကြောင့် ပထမမင်းသားနဲ့ ဒုတိယမင်းသား ခွဲခြားဖို့တောင် မလွယ်ကူလောက်အောင်ပါပဲ။
ကိုရီးယားတွေရဲ့ အနုပညာအစွမ်းကတော့ တကယ့်ကို လက်ဖျားခါလောက်ပါတယ်။ ဒါ့ကြောင့်လည်း အခုနောက်ပိုင်း အာရှတလွှားမှာ ဂျပန်ကားတွေ တရုတ်ကားတွေကိုကျော်ပြီး ကိုရီးယားဇာတ်ကားတွေ လွှမ်းမိုးထားနိုင်လာတာပါ။ အနုပညာနဲ့ လွှမ်းမိုးနိုင်ခြင်းဟာလဲ တိုင်းပြည်ကို အဘက်ဘက်ကနေ အထောက်အကူပြုပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်လိုက်တိုင်း စီးပွားရေးလုပ်ငန်း တစ်ခုခုကို အသေးစိတ်ရိုက်ပြထားတတ်ပါတယ်။ ကျောင်းတွေကို ရိုက်ပြရင်လဲ သူတို့နိုင်ငံရဲ့ ပညာသင်ကြားရေးစနစ် ဘယ်လောက် အဆင့်အတန်းမြင့်တယ်ဆိုတာကို တွေ့နိုင်ပါတယ်။ အခုဒီကားကိုကြည့်ရင်း ကျွန်မသိလိုက်တာက သူတို့တွေဆီက မင်းမျိုးမင်းနွယ် တော်ဝင်မိသားစုတွေရဲ့ စိတ်နေစိတ်ထားနဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်တန်ဖိုးထားတယ် ဆိုတာကိုပါ။
နောက်တစ်ခုက ပြည်သူလူထုရဲ့ သူတို့အပေါ် အမြင်ကိုလည်း အရမ်းအလေးထားကြပါတယ်။ တိုင်းသူပြည်သားတွေအတွက် တော်ဝင်မိသားစုရဲ့ အပြုအမူဟာ စံပြဖြစ်နေရပါမယ်။ မီဒီယာတွေအနေနဲ့လဲ သတင်းလွတ်လပ်ခွင့်အပြည့်နဲ့ တော်ဝင်မိသားစုနဲ့ ပတ်သက်သမျှကို အမှန်အတိုင်း ရေးသားဖော်ပြခွင့် ရှိပါတယ်။ အထင်လွဲမှားစရာ အဖြစ်မျိုးဖြစ်ခဲ့ရင်လဲ ပြည်သူကို အလေးထားတဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲကို အမြန်ဆုံး လုပ်ပေးရပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲဆိုတာကလဲ တနိုင်ငံလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသတာဖြစ်ပြီး ဘာမေးခွန်းတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကြိုမသိထားကြပါဘူး။
ညကကြည့်တဲ့အပိုင်းမှာ သတင်းထောက်တွေ မေးတာကို စိတ်ကျဉ်းကြပ်စွာဖြေရင်း မှားသွားခဲ့တဲ့ မင်းသမီးလေးရဲ့ စကားတစ်ခွန်းအတွက် သူ့မိသားစုဝင်တွေ အပါအ၀င် နိုင်ငံတ၀ှမ်းက ကြည့်ရှုနေကြတဲ့ ပြည်သူတွေရှေ့မှာ မင်းသားလေးက သူ့ရင်ထဲက အချစ်နဲ့ ခံစားချက်အစစ်အမှန်တွေကို ရင်ဖွင့်ပြောပြရင်း ကာကွယ်ပေးသွားတာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။
ကျွန်မမှာ ရုပ်ရှင်ဇာတ်လမ်းကို ခံစားရင်းနဲ့ စိတ်ထဲကနေ ကွာခြားချက်တွေကို တွေးမိနေပါတယ်။ ဘာတွေကို နှိုင်းယှဉ်ပြီး ဘယ်လိုကွာခြားချက်တွေ တွေးမိတာလဲဆိုတာကိုတော့ ဒီပို့စ်ကိုဖတ်တဲ့သူတွေ ကိုယ်တိုင်ပဲ တွေးကြည့်လိုက်တော့နော်။ ကျွန်မ မပြောပြတော့ဘူး။ အတွေးချင်းတူတယ်ဆိုရင်တော့ အမြင်ချင်းတူလို့ပဲပေါ့။
ကဗျာမဟုတ်သော ကဗျာတစ်ပုဒ်
အိပ်မက်
နိုးတ၀က် အိပ်တ၀က်
ညဉ့်နက်နက်ထဲ
ဝိုးတ၀ါး မြင်လိုက်ရတဲ့
ဆေးသားမဲ့ ပုံရိပ်တစ်ခု …
မရေရာပေမယ့်
ခံစားသိနဲ့ သေချာနေခဲ့တယ်
ရင်ခုန်စိုးထိတ်
မျှော်လင့်စိတ်နဲ့
ဖွဖွညင်သာ
လှမ်းလျှောက်ပါလို့
ကမ်းလင့်တဲ့လက်တစ်စုံဆီ
မ၀ံ့မရဲ လှမ်းမိဆဲမှာ
မိုးသက်လေပြင်းရဲ့
ခပ်ကြမ်းကြမ်း ရိုက်ချက်ကြောင့်
ရုတ်တရက် လန့်နိုးခဲ့ရတယ် … ။
You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.